သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြေမြှုပ်မိုင်းကင်းရှင်းရေး မြန်မာအလှမ်းဝေးဆဲ


မြေမြှုပ်မိုင်းကြောင့် သေကျေပျက်စီးမှုများပြ မြေပုံအညွှန်း။
မြေမြှုပ်မိုင်းကြောင့် သေကျေပျက်စီးမှုများပြ မြေပုံအညွှန်း။

မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းနဲ့ပတ်သက်ပြီး ဆက်လက်အသုံးပြုမှုတွေ ရှိနေသေးတယ်လို့ မြေမြှုပ်မိုင်း အသုံးပြုမှု ပိတ်ပင်တားမြစ်ရေး နိုင်ငံတကာ စည်းရုံးလှုံ့ဆော်ရေးအဖွဲ့ (ICBL) ရဲ့ ၂၀၁၄ အစီရင်ခံစာ မှာ ဖော်ပြထားပါတယ်။ ခြွင်းချက်အနေနဲ့တော့ ၂၀၁၃ -၂၀၁၄ မှာ မြေမြှုပ်မိုင်းနဲ့ပတ်သက်ပြီး ထိခိုင်ဒဏ်ရာ ရသူတွေအတွက် အကူအညီပေးမှုတွေတော့ ပိုရလာတယ်လို့ ICBL ရဲ့အကြီးတန်း အရာရှိတစ်ဦးက ဒီကနေ့သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ အပြည့်အစုံကို ဒီအဖွဲ့ရဲ့အစီရင်ခံစာ ထုတ်ဖော်ပွဲမှာ ကိုယ်တိုင်သတင်းရယူခဲ့တဲ့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုအောင်ရဲမောင်မောင် က တင်ပြပေးထားပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တိုက်ပွဲတွေမရပ်နိုင်သေးတဲ့ မြန်မာနိုင်ငံမှာ အရပ်သားတွေအတွက်ပါ အန္တရာယ်ရှိတဲ့ မြေမြှုပ်မိုင်းသုံးတာတွေ ဆက်ရှိနေသေးတယ်လို့ မြေမြှုပ်မိုင်းအသုံးပြုမှု ပိတ်ပင်တားမြစ်ရေး နိုင်ငံတကာ စည်းရုံးလှုံ့ဆော်ရေးအဖွဲ့ (ICBL) ရဲ့ ၂၀၁၄ အစီရင်ခံစာမှာ ဖော်ပြ လာတာပါ။

အခုလို အသုံးပြုမှုတွေကို တိုင်းရင်းသားလက်နက်ကိုင်တွေဘက်ကရော၊ အစိုးရတပ်တွေကပါသုံးနေကြသလို နယ်ခြားစောင့်တပ်တွေ၊ ပြည်သူ့စစ်တွေ ကပါ အသုံးပြုနေတယ်လို့အခုထုတ်ပြန်တဲ့ အစီရင်ခံမှာပါရှိတဲ့အကြောင်း ICBL ရဲ့ အကြီးတန်း အရာရှိတစ်ဦးဖြစ်တဲ့ မစ္စတာ ရာရှိရာမိုဆာက ဗွီအိုအေကို ပြောပါတယ်။

“မြေမြှုပ်မိုင်းအသုံးပြုမှုတွေ ဆက်ရှိနေတယ်ဆိုတာ ၂၀၁၄ ပထမနှစ်လည်မှာ စောင့်ကြည့်လေ့လာရေး လုပ်ငန်းစဉ်တွေအရ သိရပါတယ်။ ဒါပေမဲ့ လက်နက်ကိုင်တွေရော၊ အစိုးရစစ်တပ်မှာရော မြေမြှုပ်မိုင်းအသုံးပြုမှု လျော့ကျခဲ့တာကိုတော့ တွေ့ရပါတယ်။ နယ်ခြားစောင့်တပ်ဖွဲ့ (BGF) တွေကလည်း မြေမြှုပ်မိုင်း အသုံးပြုတာတွေရှိခဲ့ပါတယ်။ နယ်ခြားစောင့်တပ်တွေနဲ့ ပြည်သူ့စစ်တွေဟာ အစိုးရစစ်တပ်ရဲ့ထိန်းချုပ်မှုအောက်မှာရှိနေတဲ့ တပ်ဖွဲ့တွေ ဖြစ်ပါတယ်။”

ခြွင်းချက်အနေနဲ့ကတော့ ၂၀၁၃- ၂၀၁၄ နှစ်တွေမှာ မြေမြှုပ်မိုင်းထိခိုက်လို့ ကိုယ်အင်္ဂါဆုံးရှုံးထားတဲ့သူတွေကို အကူအညီပေးမှုတွေက အရင်ကထက် ပိုလာပြီး ပညာပေးလုပ်ငန်းတွေ တိုးလာတာ တွေ့ရတယ်လို့ သူကပြောပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာကတော့ မြန်မာနိုင်ငံဟာ မြေမြှုပ်မိုင်း ဆက်လက် အသုံးမပြုရေး နိုင်ငံတကာ သဘောတူညီမှုစာချုပ်တွေမှာ လက်မှတ်ရေးထိုးနိုင်တာမျိုး မရှိသေးသလို ကျန်ရှိတဲ့ မြေမြှုပ်မိုင်းတွေ ပြန်လည် တူးဖော်ရေး လုပ်ဖို့ အချိန်ကာလ မသတ်မှတ်နိုင်တာကို တွေ့ရတယ်လို့လည်း မစ္စတာ ရာရှီရာက ပြောပါတယ်။

“၂၀၁၃ နဲ့ ၁၄ မှာ မှာ မြေမြှုပ်မိုင်းထိသူတွေအတွက် အထောက်အပံ့တွေ ပိုပြီး ရလာတာကို သတိထားမိပါတယ်။ မိုင်းနဲ့ပတ်သက်တဲ့ ပညာရေး လုပ်ငန်းတွေ တိုးလာတာကိုလည်း တွေ့ရပါတယ်။ ဒါပေမဲ့ ဒီလူသတ်မိုင်းတွေ မှ မပါဝင်တော့ဘူးလို့ သဘောတူလက်မှတ်ရေးထိုးတာမျိုးတော့ မရှိသေးပါဘူး။ နောက်ထပ် မြေမြှုပ်မိုင်းတွေ ဆက်မလုပ်တော့ဘူးဆိုတဲ့ သဘောလက်မှတ်ထိုးတာလည်း မရှိသေးပါဘူး။ နောက်ဆုံးအချက်ကတော့ မြေမြှုပ်မိုင်းတွေ ဘယ်တော့ ဖော်ထုတ်မလဲ ဆိုတာကို တိတိကျကျ သတ်မှတ်ထားတဲ့ ကာလမရှိတဲ့ အချက်ပါပဲ။”

လက်ရှိအချိန်မှာ မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန့် မဆောင်ရွက်နိုင်သေးတာဟာ နယ်မြေငြိမ်းချမ်းမှုတွေ မရှိတာကြောင့်လို့ ပြည်တွင်းက မြေမြှုပ်မိုင်းတူးဖော်ရေးလုပ်ကိုင်တဲ့ Myanmar Peace Aid Foundation ရဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ဦးသန့်ဇင်က ပြောပါတယ်။

“တကယ်တန်းက တချို့နေရာတွေ ငြိမ်းချမ်းပြီးပြီ။ ကယားဆိုရင် အခု လုံးဝတိုက်ပွဲမရှိဘူး။ ရွှေကျင်၊ ကျောက်ကြီးဆိုရင် အခုအချိန်မှာ လုံးဝ တိုက်ပွဲလည်း မရှိဘူး၊ မိုင်းဖြစ်စဉ်လည်း တော်တော်လျော့ကျသွားပြီးပြီ။ အဲဒီတော့ တချို့နေရာတွေမှာ လုပ်လို့ရတယ်။ ဒါပေမယ့် ဘာကြောင့် မလုပ်သေးတာလဲ ဆိုတာတော့ ငြိမ်းချမ်းရေး peace talk ထဲမှာ အနှောင့်အယှက်ဖြစ်သွားမှာစိုးလို့။ ဒါကိုစိုးရိမ်လို့ ဘယ်သူ့ကိုမှ ဝင်ခွင့်မပေးသေးတာပဲ။ သူတို့ရဲ့ သဘောထားက ဒီအတိုင်းပဲ။ Myanmar Mine Center – MMC ဖွဲ့စည်းဖို့ရှိတယ်။ သူကနေမှ မိုင်းရှင်းလင်းရေး တနိုင်ငံလုံး ပြည်နယ်အားလုံးကို တပြိုင်တည်း ရှင်းကြတဲ့အခါမှာ သူက control လုပ်သွားမှာ။ တကယ်ရှင်းမရှင်းလည်း သူက ပြန်စစ်မှာ။ ဆာဗေးကောက်လို့မရဘူးဆိုတာက ဒီလို- အဲဒီနေရာတွေက အခုအချိန်မှာ အညိုရောင် ဖြစ်နေသေးတယ်။ အားလုံးလက်မှတ်ထိုးပြီးမှ အဖြူရောင်ဖြစ်သွားမယ်။ အဲဒီတော့ အညိုရောင်၊ အနက်ရောင်ဖြစ်နေသေးတဲ့အတွက် ဝင်ခွင့်မပေးခြင်းဖြစ်တယ်။”

မြန်မာငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာန (MPC) က ၂၀၁၁ တုန်း မိုင်းနဲ့ပတ်သက်ပြီးတော့ ရှင်းလင်းဆောင်ရွက်ဖို့ ဌာနတစ်ခုထားရှိဖို့ သဘောတူခဲ့ပေမဲ့အထူးသဖြင့် တစ်နိုင်ငံလုံး အပစ်ရပ်လက်မှတ် ရေးထိုးမှုမတိုင်ခင်ထိ မိုင်းကိစ္စနဲ့ပတ်သက်ပြီး အရေးယူ ဆောင်ရွက်တာမျိုးတွေ သက်ဝင်လှုပ်ရှားနိုင်မှာ မဟုတ်ဘူးလို့လည်း MPC က ပြောဆိုထားတယ်လို့ ICBLရဲ့အစီရင်ခံစာမှာ ပါရှိပါတယ်။

မြန်မာနိုင်ငံမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ နိုင်ငံတကာအဆင့်မီ မြေမြှပ်မိုင်းရှင်းလင်းရေးဌာနတခု ဖွင့်လှစ်နိုင်ရေးကိစ္စမှာ မြန်မာအစိုးရက နှောင့်နှေးနေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ဒီလထဲမှာထုတ်ပြန်တဲ့မြေမြှုပ်မိုင်းရှင်းလင်းရေး နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်ခင်ဗျား။

XS
SM
MD
LG