သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြေမြှုပ်မိုင်းအန္တရာယ် မြန်မာမှာကြီးမားဆဲ


မြန်မာနိုင်ငံအတွင်းက စုစုပေါင်း ဒေသ ၄၈ ခုလာက်မှာ မြေမြှုပ်မိုင်းအန္တရာယ်ရှိနေတယ်လို့ ကမ္ဘာ တဝန်း မြေမြှုပ်မိုင်းနဲ့ ဆင့်ကဲဗုံးပပျောက်ရေး ဆောင်ရွက်နေတဲ့ Switzerland အခြေစိုက် မြေမြှုပ် မိုင်း တားဆီးရေး နိုင်ငံတကာအဖွဲ့ ICBL က ပြောလိုက်ပါတယ်။ မြေမြှှုပ်မိုင်းအသုံးပြုမှု တားမြစ်ရေး သဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးထားခြင်းမရှိတဲ့ မြန်မာနိုင်ငံအနေနဲ့ စာချုပ်မှာ လက်မှတ် ထိုးသင့်ပြီလို့လည်း မြန်မာနိုင်ငံ မြေမြှုပ်မိုင်းသုံးစွဲမှုဆိုင်ရာ အစီရင်ခံစာထုတ်ပြန်ပွဲမှာ ICBL ရဲ့ သုတေသနမှူး Yeshua Moser က တိုက်တွန်းလိုက်ပါတယ်။ အစီရင်ခံစာ ထုတ်ပြန်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ကိုယ်တိုင်တက်ရောက်သတင်းယူခဲ့တဲ့ ရန်ကုန်VOA သတင်းထောက် ကိုအောင်ရဲမောင်မောင်က အပြည့်အစုံကို ပြောပြပေးထားပါတယ်။

၂၀၁၂ မြေမြှုပ်မိုင်း လေ့လာစောင့်ကြည့်ရေးအဖွဲ့ အစီအရင်ခံစာအရ မြန်မာနိုင်ငံရဲ့ ဒေသ ၄၈ ခုဟာ မြေမြှုပ်မိုင်းအန္တရာယ် ရှိနေတယ်လို့ မြေမြှုပ်မိုင်းတားဆီးရေး နိုင်ငံတကာအဖွဲ့ ICBL က ပြောလိုက် ပါတယ်။ အင်္ဂါနေ့တုန်းက ရန်ကုန်မြို့မှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်စာမှာ ICBL ရဲ့ သုတေသနမှူး Yeshua Moser ကခုလိုပြောခဲ့ပါတယ်။

“မြန်မာပြည်ရဲ့ ၄၇ မြို့နယ်မှာ မြေမြှုပ်မိုင်းအန္တရာယ် ရှိနေပါတယ်။ ကရင်၊ ကယား၊ ပဲခူးတိုင်းနဲ့ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းတို့မှာ ဖြစ်ပါတယ်။ ချင်းနဲ့စစ်ကိုင်းတို့မှာတော့ မြေမြှုပ်မိုင်းအန္တရာယ် ရှိတယ်၊ မရှိဘူးဆိုတာကတော့ စဉ်းစားစရာပါပဲ။ ၄၇ မြို့နယ်ထဲမှာ ဆယ်မြို့နယ်ကတော့ မြေမြှုပ်မိုင်း အန္တရာတွေ ရှိနေပါတယ်။”

မြေမြှုပ်မိုင်းတွေ ရှင်းလင်းရေးအတွက်ညွှန်ကြားမှုပေးနိုင်တဲ့ အုပ်ချုပ်ရေးအဖွဲ့က အဓိက စတင် ဆောင်ရွက်ရမှာဖြစ်ပြီး တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအကြားက တင်းမာမှုတွေ မလျှော့ပါးသေးတာကြောင့် မြေမြှုပ်မိုင်းပပျောက်ရေး ကိစ္စကို မြန်မာနိုင်ငံမှာ တွင်တွင်ကျယ်ကျယ် လုပ်လို့ မရဘူးလို့ သူက ပြောပါတယ်။

ICBL အဖွဲ့အနေနဲ့ကတော့ မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းပပျောက်ရေးအတွက် တွန်းအားပေး အရှိန်မြှင့် လုပ်ဆောင်တော့မှာ ဖြစ်တယ်လို့ ရန်ကုန်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ICBL က ပြောပါ တယ်။ မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းတွေကို ဆက်မသုံးဖို့ အစိုးရအဖွဲ့အစည်းတွေအပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့လည်း ICBL အဖွဲ့က ဆွေးနွေးမှုတွေ လုပ်နေ တယ်လို့ ဆိုပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အစိုးရအကြား ပြေလည်မှုတွေ မြန်မြန် ရလေ၊ မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်း ရှင်းလင်းရေးကို မြန်မြန်လုပ်နိုင်လေဖြစ်မယ်လို့ ပြောပါတယ်။

ငြိမ်းချမ်းရေးရအောင် အစိုးရက ဆောင်ရွက်နေတဲ့ တချိန်တည်းမှာပဲ မြေမြှုပ်မိုင်း မသုံးစွဲရေး ကိစ္စတွေ ကို လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ညှိသင့်တယ်လို့လည်း ICBL အဖွဲ့က အကြံပေး ပါတယ်။ မြေမြှုပ် မိုင်းရဲ့ အကျိုးဆက်တွေဟာ လူသားတွေအားလုံး ခံရတာမို့ ဒီကိစ္စကို အာရုံစိုက်ဖို့ လိုအပ်တယ်လို့ မစ္စတာ Moser ကပြောပါတယ်။

“သူတို့ကြားမှာ ပြေလည်မှုရရင် ငြိမ်းချမ်းရေးလုပ်ငန်းတွေ ဆက်လုပ်လို့ရမယ်၊ ပြောချင်တာက ငြိမ်းချမ်းရေးအတွက် စကားပြောနေတဲ့အချိန်မှာ လက်နက်ကိုင်တွေနဲ့ အစိုးရကြားမှာ မိုင်းကိစ္စတွေ ထည့်သွင်းပြောကြားဖို့ ဖြစ်ပါတယ်။ ဒါကြောင့် အစိုးရနဲ့ လက်နက်ကိုင်တွေကြားမှာ ငြိမ်းချမ်းရေးဆွေးနွေးရင် ဒီအချက်ကို ထည့်သွင်းညှိနှိုင်းသင့်တယ်လို့ ကျနော် ယူဆပါတယ်။”

ကမ္ဘာ့နိုင်ငံစုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းလောက်က မြေမြှုပ်မိုင်းတားဆီးရေး သဘောတူစာချုပ်မှာ လက်မှတ် ထိုးထားကြပေမဲ့ မြန်မာနိုင်ငံကတော့ အခု ထိ လက်မှတ်ထိုးခြင်း မရှိသေးပါဘူး။ ဒီကိစ္စ အတွက် အစိုးရက စဉ်းစားနေတယ်လို့ ဆိုပါတယ်။ မကြာခင် အနာဂါတ်မှာတော့ မြန်မာနိုင်ငံ အနေနဲ့ မြေမြှုပ်မိုင်း ပပျောက်ရေးတွေကို ဆောင်ရွက်လာနိုင်မယ်လို့ ICBL အဖွဲ့က မျှော် လင့်ပါတယ်။

မြန်မာနိုင်ငံဟာ မြေမြှုပ်မိုင်း ပပျောက်ရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာမှာ အကူအညီတောင်း တာတွေ ရှိတာမို့ မြေမြှုပ်မိုင်းတားဆီးရေး စာချုပ်မှာ လက်မှတ်ရေးထိုးဖို့ လိုနေပြီလို့လည်း ICBL က သုတေ သန တာဝန်ခံ Yeshua Moser ကပြောပါတယ်။ မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်း ကူညီရှင်းပေးဖို့ သမ္မတ ဦးသိန်းစိန်က ၂၀၁၂ နှစ်ဆန်းပိုင်းမှာ EU ဥရောပသမဂ္ဂအဖွဲ့တွေကို အကူအညီတောင်းထား သလို အမေရိကန်နိုင်ငံကလည်း မြန်မာနိုင်ငံရဲ့ မြေမြှုပ်မိုင်းတွေ ကူညီရှာဖွေ ရှင်းပေးဖို့ သဘောတူ ထားတယ်လို့ မစ္စတာ Yeshua Moser က သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။ ICBL အဖွဲ့ဟာ ကမ္ဘာတဝန်း မြေမြှုပ်မိုင်းနဲ့ ဆင့်ကဲဗုံးတွေသုံးစွဲမှု ပပျောက်ရေးအတွက် ဆောင်ရွက်မှုတွေကြောင့် ၁၉၉၇ ခုနှစ်က Nobel ငြိမ်းချမ်းရေးဆုကို ပူးတွဲရရှိထားတဲ့ အဖွဲ့ဖြစ်ပါတယ်ခင်ဗျား။
XS
SM
MD
LG