သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပံတောင်းကိစ္စ အမြင်အမျိုးမျိုး


ဒေါ်အောင်ဆန်းစုကြည် တုံရွာဒေသခံတွေနဲ့တွေ့ဆုံစဉ်။ (မတ် ၁၄၊ ၂၀၁၃)
ဒေါ်အောင်ဆန်းစုကြည် တုံရွာဒေသခံတွေနဲ့တွေ့ဆုံစဉ်။ (မတ် ၁၄၊ ၂၀၁၃)
လက်ပံတောင်းတောင် အစီရင်ခံထွက်လာအပြီး လက်ရှိအခြေအနေပေါ်မှာ သုံးသပ်ပြောဆိုတာနဲ့အတူ အင်အားသုံးအကြမ်းဖက်ပဋိပက္ခတွေ ဖြစ်ပွားမှာကို စိုးရိမ်မှုတွေ ရှိနေတာကို တွေ့ရပါတယ်။ ဒီလက်ပံတောင်းတောင် ကြေးနီစီမံကိန်း အစီရင်ခံစာနဲ့ပတ်သက်ပြီးတော့ လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေအပေါ်မှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က အခုလိုသုံးသပ်ပါတယ်။

“လက်ပံတောင်းတောင် ကိစ္စကို ဒေါ်အောင်ဆန်းစုကြည်ကို တာဝန်အပ်နှင်းတဲ့အခါမှာ ကျနော်တို့က အကျပ်အတည်းကြီးတခုကြားထဲကို ရောက်သွားနိုင်တယ်လို့ သုံးသပ်ခဲ့ကြပါတယ်။ အခုလည်း အကျပ်အတည်းကြီးတခုထဲကို ရောက်နေသလို ခံစားရပါတယ်။ ဒါပေမဲ့လို့လည်း အစီရင်ခံစာနဲ့ပတ်သက်လို့ ကျနော်တို့ ကြည့်တဲ့အခါမှာ ပညာရပ်ပိုင်းဆိုင်ရာ ပုဂ္ဂိုလ်တွေကိုသုံးသွားတာ တွေ့ရပါတယ်။ သဘာဝပတ်ဝန်းကျင်ဆိုရင်လည်း ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တွေကို တာဝန်ပေးပါတယ်။ ကဏ္ဍအလိုက်ပေါ့။ အဲ့ဒီ့အပေါ်မှာ နိုင်ငံရေးအားဖြင့် သုံးသပ်ချက်တွေကို ဒေါ်အောင်ဆန်းစုကြည်ပေးတယ် လို့မြင်ပါတယ်။ ဆိုတော့ သူပြောထားသလိုပါပဲ၊ ဒါ နှစ်နိုင်ငံချစ်ကြည်ရေးအတွက် နိုင်ငံရဲ့ ဂုဏ်သိက္ခာအတွက် သူဦးတည်သွားတယ်။ နိုင်ငံရဲ့ အနာဂတ်မျှော်မှန်းချက်ကို သူဘယ်လိုချဉ်းကပ်တယ်။ ချဉ်းကပ်ပုံ၊ ချဉ်းကပ်နည်းအပေါ်မှာ တည်ရှိတဲ့ အမဏ္ဍိုင်သုံးရပ်ကလည်း စောင့်ကြည့်နေတယ်ဆိုတာ သူခံစားရမှာပဲလို့ ယူဆတယ်လေ။ အဲ့တာကြောင့် သူ့ရဲ့သုံးသပ်ချက်ဟာ အနာဂတ်အတွက် မြန်မာနိုင်ငံရဲ့ လမ်းကြောင်းတခုကို ရောက်အောင်သွားတယ်လို့ပဲ ယူဆပါတယ်။ တချို့ဒေသတွေမှာ ဆန္ဒပြမှုတွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့လို့ သူတွေ့ဆုံဖြေရှင်းပေးနိုင်လိမ့်မယ်လို့ ယူဆပါတယ်။ အဓိကကတော့ အနာဂတ်နိုင်ငံတော်ရဲ့ လားရာလမ်းကြောင်း၊ သူ့ရဲ့ဆွဲခေါ်မှု လို့ပဲ သုံးသပ်ပါတယ်။”

စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ကိုဇေယျာရဲ့အမြင်ကရော-

“သိပ်တော့ Fair မဖြစ်ဘူးထင်တယ်ဗျ။ တချို့နေရာတွေမှာ ရေးတာတွေကလေ။ အများစုကိုပြောတာမဟုတ်ဘူး။ တချို့ Points လေးတွေမှာလေ၊ စီးပွားရေးဦးပိုင်လို့ပြောပြီး အဲ့ဘက်က နည်းနည်းအသာယူထားသလိုပဲ။ အဓိကကတော့ လက်ပံတောင်းက ထွက်ရှိတဲ့ ပြောချင်တာက ဒီ Capital ကြီးက ရရှိတဲ့ တိုင်းပြည်ဘဏ္ဍာထဲကို ထည့်မှာမဟုတ်ဘူး။ အဓိကက စီးပွားရေးဦးပိုင်နဲ့ရှယ်ယာလုပ်တဲ့ အတွက် သူ့ရဲ့အကျိုးရလာဒ်က စစ်တပ်ကိုပဲ ဗဟိုပြုနေတာပေါ့။ အခြေခံစဉ်းစားရင်တော့လေ။ သတ္တုတွင်းဝန်ကြီးဌာနက မြန်မာပိုင်မို့လို့လုပ်တယ်ဆိုရင် ဒါက ထင်သာမြင်သာရှိတယ်ဆိုရင်လည်း ဒါ နိုင်ငံတော်အစိုးရက လုပ်တယ်ဆိုရင် အခုဟာက စစ်တပ်နဲ့လုပ်တယ်ဆိုရင် တစ်ဦးချင်း ခံစားရမယ် မခံစားရဘူးဆိုတာ အတပ်တော့ ကျနော်တို့ပြောလို့မရဘူးဗျာ။”

အိမ်ရှင်မတစ်ဦးဖြစ်တဲ့ ဒေါ်စန္ဒာဝေကျော်ကလည်း အခုလိုပြောပါတယ်။

“ ကျမအနေနဲ့ကတော့ မျှတတယ်လို့မြင်ပါတယ်။ အခုကော်မရှင်ဥက္ကဌကိုယ်တိုင်ကလည်း ရွာတွေကိုဆင်းပြီး ဒေသခံတွေနဲ့ဆွေးနွေးစကားပြောနေတာ မြင်တွေ့ရတယ်လေ။ အခုအချိန်မှာ ဖြစ်သင့်တာကတော့ ရှေ့ကိုဆက်လုပ်သွားဖို့ပဲ။ နောက်ကိုပြန်မလှည့်ဖို့ပေါ့။ နောက်ကို ပြန်မလှည့်ဖို့လိုတယ်။ ဦးပိုင်နဲ့ ဝမ်ပေါင်ကလည်း ဒီအစီရင်ခံစာပေါ်မှာ လိုလိုလားလား လုပ်ပေးမယ် လို့ပြောလာတာကို တွေ့ရတယ်လေ။ သူတို့တကယ်လုပ်တယ်၊ မလုပ်ဘူးဆိုတာကိုပဲ ဒေသခံတွေ အနေနဲ့ စောင့်ကြည့်ပြီးတော့ တောင်းဆို သွားသင့်တယ်လို့ထင်တယ်။ စီမံကိန်း လုံးဝရပ်သွားဖို့ဆိုပြီး ဖိအားပေးတောင်းဆိုတာတွေကိုတော့ ရပ်သင့်ပါတယ်။ အခုအစီရင်ခံစာက အပြည့်စုံဆုံး မဟုတ်ရင်တောင်မှ အကောင်းဆုံး အနေအထားတရပ်မှာရှိတယ်။ လက်ပံတောင်းတောင် ကိစ္စက National Course တခုဖြစ်တာကြောင့်မို့လို့ ပါဝင်ဆောင်ရွက်သူတွေ ကလည်း သေသေချာချာ စည်းကမ်းရှိရှိနဲ့ ဆောင်ရွက်ဖို့လိုပါတယ်။ မဟုတ်ရင် ကျမတို့အခု ရနေတဲ့ အခွင့်အရေးတွေတောင် ပျောက်သွားနိုင်တယ်လေ။”

တခါ စာပေအသိုင်းအဝိုင်းနဲ့နီးစပ်တဲ့ ဦးသန်းနိုင်စိုးက ဘယ်လိုမြင်လည်းဆိုတာကို ပြောပြပါတယ်။

“လူထုဒီနေ့ဖြစ်နေတာနဲ့ပတ်သက်လို့ ခံစားနားလည်လို့ရပါတယ်။ ကျနော်တို့ အေးချမ်းစွာဖြေရှင်းနိုင်ဖို့ ကြိုးစားလာအောင် လူထုကို ဆွဲဆောင်တဲ့ ဘက်ပဲ ဖြစ်စေချင်တယ်။ လှုပ်ရှားမှုတွေနဲ့ သွေးထွက်သံယိုမှုတွေဖြစ်အောင်၊ လှုံ့ဆော်နေတဲ့ အင်အားစုတွေကိုလည်း ကျနော် အားမပေးဘူးဗျ။ လူထုတွေကို အင်အားသုံးဖြေရှင်းတဲ့ နည်းကိုလည်း ကျနော်တော့ လုံးဝ လက်မခံဘူး။ တကယ်တော့ ဒေါ်စုအနေနဲ့က သူကတော့ နိုင်ငံတော်က တာဝန်ပေးရင် လုပ်မယ်ဆိုတဲ့ သူ့သဘောထားကြောင့် သူကတော့ ကြားညှပ်တဲ့ သဘောဖြစ်နေတယ်လို့ ကျနော်ကတော့ ယူဆပါတယ်။”

စာရေးဆရာကျော်ဝင်းက အစီရင်ခံစာနဲ့ပတ်သက်လို့ သူမြင်ထားတာကိုလည်း အခုလိုတင်ပြထားပါတယ်။

“ နှစ်ဖက်စလုံးက Expected Value တွေနဲ့သွားရင် အဖြေမရဘူးဗျ။ လက်ရှိအဖြစ်နဲ့ပိုကောင်းရင် တော်ပြီဆိုတဲ့ ဘောင်ပေါ်ကနေ ချိန်ရင်တော့ကာ အဖြေတခုက ထွက်မယ်။ အခုကော်မရှင်လုပ်သွားတာက ဒီစဉ်းစားနည်းပေါ်က အခြေခံတယ်လို့ ကျနော်ယူဆတယ်။ ကော်မရှင်ရဲ့ အခြေခံ စဉ်းစားတဲ့ သုံးချက်စလုံးကလည်း ကျနော်က ကွက်တိသဘောတူတယ်။ တိုင်းပြည်စီးပွားရေးကလည်း ကြည့်ရမှာပဲဗျ။ ကျနော်တို့ တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးမှုကလည်း သိပ်နောက်ကျတဲ့တိုင်းပြည်၊ သို့သော် စီးပွားရေးဖွံ့ဖြိုးမှုတခုတည်းကိုပဲ ကြည့်ပြီးတော့ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုပတ်ဝန်းကျင် ထိခိုက်မှုတွေကိုလည်း ဘေးချိတ်လို့မဖြစ်ဘူးပေါ့ဗျာ။ ဒါကြောင့် ဒုတိယအချက်အနေနဲ့ ဒါလည်း ကြည့်ရမှာပဲ။ တတိယအချက်ကတော့ ကျနော်တို့ နိုင်ငံတကာနဲ့ဆက်ဆံရေးပေါ့။ ပွင့်ပွင့်လင်းလင်းပြောရင်တော့ တရုတ်နဲ့ဆက်ဆံရေးပေါ့။ တရုတ်ပြည်ကို ကျနော်တို့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ နိုင်ငံတကာဆက်ဆံရေးမှာ ချစ်ခြင်း၊ မုန်းခြင်းနဲ့ သိပ်မဆိုင်ဘူးဗျ။ ပါးပါးနပ်နပ်နဲ့ ဒီပလိုမေစီ ကစားရမှာပဲ။ ရေရှည်မျက်နှာမပျက်အောင် ဆက်ဆံရမှာပဲ။

ဒါကတော့ လက်ပံတောင်းတောင် အရေး သုံးသပ်ပြောဆိုမှုတချို့ကို လက်လှမ်းမှီသမျ တင်ပြခဲ့တာပါ။
XS
SM
MD
LG