သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြေးနီစီမံကိန်း စုံစမ်းရေးကော်မရှင် ဖွဲ့စည်းမှု ပြင်ဆင်


ဒဏ်ရာရ သံဃာတော်တွေကို ဒေါ်အောင်ဆန်းစုကြည် သွားရောက်ကြည့်ရူ့ အားပေးစဉ်။
ဒဏ်ရာရ သံဃာတော်တွေကို ဒေါ်အောင်ဆန်းစုကြည် သွားရောက်ကြည့်ရူ့ အားပေးစဉ်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ကန့်ကွက်တဲ့ သပိတ်စခန်းမှာ ဒဏ်ရာရရှိခဲ့တဲ့ သံဃာတော်တွေ အားလုံးကို မန္တလေးဆေးရုံမှာ ဒီကနေ့ ပြောင်းရွှေ့ ဆေးကုသမှုပေးနေ ပါပြီ။ လောလောဆယ် ဆေးကုသမှုခံယူနေတဲ့ ဒဏ်ရာရသူ သံဃာနဲ့ လူပုဂ္ဂိုလ် စုစုပေါင်း ၈၄ ဦးရှိတယ်လို့ ဒဏ်ရာရသံဃာတွေ အရေးဆောင်ရွက်နေတဲ့ သံဃာတော်တပါးက VOA မြန်မာပိုင်းကို မိန့်ပါတယ်။ အခုလို သံဃာတာ်အများစုပါဝင်တဲ့ စီမံကိန်းကန့်ကွက်သူတွေအပေါ် အာဏာပိုင်တွေ ကိုင်တွယ်ဖြေရှင်းခဲ့တဲ့ကိစ္စကို စုံစမ်းစစ်ဆေးရမဲ့ ကော်မရှင်အနေနဲ့ရော ဘယ်လိုဆောင်ရွက်မှုတွေ စတင်လုပ်ကိုင်နေပါပြီလဲ၊ စုံစမ်းစစ်ဆေးရေးကော်မရှင်မှာ နံမည်စာရင်းပါတဲ့ ၈၈ခေါင်းဆောင်နှစ်ဦး ကလည်း ကော်မရှင်ကနေ နှုတ်ထွက်ခဲ့ပါတယ်။ ဘန်ကောက်ရုံးကနေ စုံစမ်းထားတဲ့ မစုမြတ်မွန်က တင်ပြပါမယ်။

ကြေးနီစီမံကိန်းကို ကန့်ကွက်တဲ့ မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်ထဲက သပိတ်စခန်းအပေါ် အာဏာပိုင်တွေက အင်အားသုံး နှိမ်နှင်းခဲ့လို့ ဒဏ်ရာရခဲ့တဲ့ သံဃာတော်တွေကို မုံရွာဆေးရုံကနေ မန္တလေးဆေးရုံကို ဒီကနေ့ အားလုံးပြောင်းရွှေ့ကုသပေးနေပြီဖြစ်ပါတယ်။ ဒီကနေ့ မုံရွာဖက်ကနေ နောက်ထပ် ဒဏ်ရာရ သံဃာ ၁၁ ပါးကို ပင့်ဆောင်ပြီး မန္တလေးဆေးရုံမှာ ကုသပေးနေတဲ့အကြောင်း ကူညီဆောင်ရွက်ပေးနေတဲ့ မန္တလေး ဘုရားကြီး အလယ်တိုက်က ဆရာတော်ဦးဝိသုတက VOA မြန်မာပိုင်းကို အခုလို မိန့်ပါတယ်။

"မုံရွာကိုသွားပြီးတော့ ထိခိုက် ဒဏ်ရာရတဲ့ သံဃာတော်တွေကို သွားပင့်ပြီးတော့ ယခုဆေးဝါး ကုသနေတယ်။ မုံရွာဆေးရုံမှာ သံဃာမရှိတော့ဘူးလို့သိရတယ်။ ဒဏ်ရာတွေပြင်းထန်တဲ့အတွက် မန္တလေးဆေးရုံကို ရွှေ့ပြီးတော့ သံဃာ့ဆန္ဒအရ မန္တလေးဆေးရုံက ဆေးရုံအုပ်ကြီး၊ အထူးသဖြင့် ဆရာဝန်ကြီးတွေ နွေးထွေးစွာ ကုသပေးနေပါတယ်။ ဒဏ်ရာရတာ လူရော သံဃာပါဆို ၈၄ပါးတဲ့။ အခုလောလောဆယ်ရှိနေတာ။"

အခုလို ဆေးကုသမှုခံယူနေကြတဲ့ သံဃာတွေအတွက် ဆေးရုံမှာ လာရောက် လှုဒါန်းကြသူတွေရှိတဲ့ အကြောင်းကိုလဲ ဆရာတော် ဦးဝိသုတက မိန့်ပါတယ်။

" အခုစေတနာရှင် ဒကာ၊ ဒကာမတွေ လှူဒါန်းနေတာ တစ်ဦးတစ်ယောက်ရယ်တော့ တာဝန်ယူတာ မဟုတ်ဘူးပေါ့နော့်။ ဆွမ်းတနပ်၊ ဆေးဝါး၊ သောက်ရေသန့်၊ ခြင်ထောင်၊ ခေါင်းအုံး၊ နိုင်ရာ
နိုင်ရာလေးတွေ လှူနေတာပေါ့။"

နိုဝင်ဘာလ လ ၂၉ ရက်နေ့ မနက် ၃ နာရီအချိန်မှာ မုံရွာခရိုင်ထဲက သပိတ်စခန်းတွေကို ရဲတပ်ဖဲ့ွက အင်အားသုံး နှိမ်နှင်းဖြိုခွင်းမှုတွေဖြစ်ခဲ့ပြီးတဲ့နောက် မုံရွာ၊ လက်ပံတောင်းဖက်မှာ ဒေသခံတွေဟာ စိုးရိမ်ထိတ်လန့်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မုံရွာမြို့မှာဆိုရင် ကုန်ရောင်း ကုန်ဝယ်တွေ မရှိသလောက် ခြောက်ခန်းသွားတယ်လို့ ဒေသခံတယောက်က ဆိုပါတယ်။

"မုံရွာမြို့ကြီးက တိတ်ဆိတ်နေတာ။ အခါတိုင်း ပုံမှန်ထက်ကို လူသွားလူလာတွေလည်း နည်းပြီးတဲ့အခါကျတော့ လုပ်ငန်းကိုင်ငန်းတွေလည်း သိပ်မဖြစ်ကြတဲ့အခြေအနေမှာ ရှိတယ်။ အဲ့လိုဆိုတော့ နယ်ကလည်း မလာရဲကြတာလည်း ပါတယ်။ မုံရွာမြို့ဆိုတာ မြို့ကြီးက စည်ကားတာမဟုတ်ပါဘူး။ မုံရွာမြို့နယ် ဘေးပတ်ဝန်းကျင် နယ်တွေကနေ ဈေးရောင်း၊ ဈေးဝယ် လာတဲ့သူတွေ၊ ကုန်ရောင်း ကုန်ဝယ်လာတဲ့သူတွေ အထူးသဖြင့် စည်ကားတာပါ။ ဒီပြဿနာကြီးဖြစ် ပြီးနောက်ပိုင်းမှာ နယ်ကနေ ကောက်ပဲသီးနှံ အဝင်တွေတို့၊ နောက်ပြီးတော့ ဈေးရောင်း၊ ဈေးဝယ် အသွားအလာတွေတို့က သာမာန်လောက် မရှိတော့ဘဲနဲ့ ခြောက်ခမ်းနေတာကို တွေ့ရပါတယ်။"

စစ်တပ် မိသားစုဝင်တွေ သက်သာချောင်ချိရေးအတွက် အဓိက ရည်ရွယ်ဖွဲ့ထားတဲ့ မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်နဲ့ တရုတ်နိုင်ငံက NORINCO လုပ်ငန်းကြီး လက်အောက်ခံ Wanbao ဝမ်ဘောင် သတ္တုတူးဖော်ရေးလုပ်ငန်းတို့ ဖက်စပ်လုပ်နေကြတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် လူမှုစီးပွားအပြင် သဘာဝပါတ်ဝန်းကျင်ကိုပါ ထိခိုက်တာကြောင့် ဒေသခံတွေက စီမံကိန်းအပေါ် ကန့်ကွက် ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ ဒီကြေးနီမိုင်းလုပ်ငန်း ဆက်ပြီး လုပ်သင့် မသင့်နဲ့ ဆန္ဒပြမှုတွေ ထိန်းသိမ်းတဲ့အပေါ် အခြေအနေမှန်ဖော်ထုတ်နိုင်ဖို့အတွက် စုံစမ်းရေးကော်မရှင်တခုကို သမ္မတဦးသိန်းစိန်က ဒီဇင်ဘာလ ၁ ရက်နေ့တုန်းက ဖွဲ့စည်းခဲ့ပါတယ်။

ဒါပေမဲ့ ဒီကနေ့မှာပဲ ဒီကော်မရှင်ထဲက အဖွဲ့ဝင်တချို့ကို ပြင်ဆင် ဖွဲ့စည်းခဲ့တဲ့ ကြေညာချက် ထွက်ပေါ်လာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဥက္ကဌ၊ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဦးကျော်တင့်ရှိန်ကို အတွင်းရေးမှုးတာဝန်ပေးထားတဲ့ စုံစမ်းရေးကော်မရှင်အနေနဲ့ ဘယ်လိုဆောင်ရွက်မှုတွေကို စလုပ်နေသလဲ သိရဖို့ ကော်မရှင်အဖွဲ့ဝင်ဖြစ်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်ကို မေးကြည့်ပါတယ်။

"ကျမကို ခုနတုန်းကပဲ အတွင်းရေးမှူးက ဖုန်းဆက်ပါတယ်။ ကျမတို့ကော်မတီထဲမှာ ပါတဲ့သူတွေကို သူတို့လိုက်လံပြီးတော့ ဆက်သွယ်နေပါတယ်လို့ ပြောပါတယ်။ အခုအချိန် အထိတော့ ကော်မတီ အစည်းအဝေးလည်း မထိုင်ရသေးဘူး။ ကော်မတီဝင်တွေ အချင်းချင်းလည်း တစ်ယောက်နဲ့ တစ်ယောက် မတွေ့ကြသေးဘူး။ ဆက်လက်ပြီးတော့ ဘာတွေ ဆက်လုပ်မယ်ဆိုတာ ဒီအစီအစဉ်တွေကို ကျမတို့ မသိရသေးဘူး။ အဲ့တော့ ကြေညာချက်မှာတော့ တစ်လအတွင်း အပြီးလုပ်ရမယ်ပြောတယ်။ အခုအချိန်အထိတော့ ကော်မတီဝင်တွေတောင်မှ တစ်ယောက်နဲ့တစ်ယောက် စုံအောင် ဖိတ်လု့ိမရသေးဘူးလို့ပြောနေပါတယ်။"

ဒီကော်မရှင်ထဲမှာ နယ်ပယ်အသီးသီးက ပုဂ္ဂိုလ်တွေအပြင် ပြဿနာဖြစ်နေတဲ့ ဆားလင်းကြီး မြို့နယ်ထဲက ဒေသခံ ၃ ယောက်ရဲ့ နာမည်တွေကိုလဲ တွေ့ရပါတယ်။ စီမံကိန်းကိစ္စကို လွှတ်တော်မှာဖြေရှင်းဖို့ ကြိုးစားခဲ့သလို၊ ဆန္ဒပြသူတွေနဲ့ တာဝန်ရှိသူတွေကို ကိုယ်တိုင်တွေ့ဆုံ ညှိုနှိုင်းပေးဖို့ ကြိုးစားခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်ကတော့ စုံစမ်းရေးကော်မရှင်ထဲမှာ သူ့အစား တခြား ပါသင့်ပါထိုက်သူတွေ ပါဖို့သင့်တယ်လို့ ပြောခဲ့ပါတယ်။

စုံစမ်းစစ်ဆေးရေးကော်မရှင်ထဲမှာ နာမည်စာရင်းပါတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီးတို့ အပါအဝင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေကလဲ ဒီကနေ့ တနင်္လာနေ့မှာပဲ လက်ပံတောင်းကိစ္စနဲ့ ပါတ်သက်လို့ ကြေညာချက်ထုတ်ပြန်ပြီး သတင်းစာရှင်းပွဲ ပြုလုပ်ခဲ့ပါတယ်၊ သူတို့ဘာကြောင့်မပါဝင်ချင်ရသလဲဆိုတာနဲ့ ပါတ်သက်လို့ ကျောင်းသားခေါင်းဆောင်ကိုကိုကြီးက VOA မြန်မာပိုင်းကို အခုလိုပြောပါတယ်။

"အဓိက ကျနော်တို့မှာ အချိန် မလုံလောက်တဲ့ ပြဿနာပေါ့။ တချို့တဝက်က ရန်ကုန်မှာ ကျန်နေခဲ့တယ်။ ကျနော်တို့ကလည်း ဒီယာဉ်တန်းထဲမှာ တစ်ယောက် တစ်နေရာစီဖြစ်နေတယ်။ နောက်တခါ ဆရာတော်တွေနဲ့တွေ့၊ လူနာတွေနဲ့တွေ့နဲ့ အရမ်း Rush ဖြစ်နေတယ်။ တော်တော်လေး အလုပ်များနေတဲ့ အချိန်မှာ အေးအေးဆေးဆေး ညှိနှိုင်းဆွေးနွေးဖို့ အချိန်မရလိုက်ဘူး။ နောက်တော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဥက္ကဌအဖြစ် ပါဝင်ဆောင်ရွက်မယ်ဆိုတာလည်း ကျနော်တို့က သိရတော့ ဒေါ်အောင်ဆန်းစုကြည်ပါရင်တော့ ဒါလုံလောက်တယ်။ ဒါ အားလုံးလည်း ကျနော်တို့ သဘောတူညီတဲ့ကိစ္စဆိုတော့ ကျနော်တို့အနေနဲ့ကတော့ ကော်မရှင်ထဲမှာ မပါတော့ပဲနဲ့ လွတ်လွတ်လပ်လပ် ဒေသခံတွေနဲ့ တွေ့ဆုံဆွေးနွေးတာ၊ အချက်အလက် စုဆောင်းတာ၊ တက်ကြွလူပ်ရှားသူတွေနဲ့ ထိတွေ့ ဆွေးနွေးတာ စသဖြင့် အပြင်လုပ်ငန်းတွေ ကော်မရှင်ထဲမှာ မပါပဲ လုပ်တာက ပိုပြီးတော့ လွတ်လွတ်လပ်လပ်နဲ့ လုပ်နိုင်တယ်။ ပြီးတော့ ကျနော်တို့ရရှိတဲ့ အချက်အလက်တွေ၊ အကြံပြုချက်တွေ ကိုလည်း ကော်မရှင်ကို တင်ပြဆွေးနွေးသွားမယ်။ ဆိုပြီးတော့ အဲ့တာတွေအားလုံးကို ကျနော်တို့ ဝန်ကြီးဦးအောင်မင်းကိုရော၊ ဒေါ်အောင်ဆန်းစုကြည်ကိုရော ဒါတွေကို ဆွေးနွေးတင်ပြခဲ့ပါတယ်။"

လက်ပံတောင်းတောင် ကိစ္စတွေကို ဆွေးနွေးလေ့လာခဲ့တဲ့အကြောင်းတွေကို ၈၈မျိုးဆက်ကျောင်းသားတွေရဲ့ သတင်းစာရှင်းလင်းပွဲမှာ ရှင်းလင်းပြောကြားသွားခဲ့ပါတယ်။
ထိခိုက်ဒဏ်ရာရသူ ရဟန်း၊ ပြည်သူများကို ထိရောက်တဲ့ ဆေးဝါးကုသမှုပေးဖို့၊ ဝန်ချတောင်းပန်ဖို့၊ လက်ပန်းတောင်းတောင် ကိစ္စကို စုံစမ်းစစ်ဆေးနေစဉ်အတွင်းမှာ တူးဖော်ဆောင်ရွက်နေမှုများကို ရပ်ဆိုင်းထားဖို့အပြင် ဖမ်းဆီးအရေးယူမှုတွေကို ရပ်တန့်ပြီးတော့ ထိန်းသိမ်းထားသူတွေကို ပြန်လည် လွှတ်ပေးဖို့အတွက်ကိုလဲ ၈၈ မျိုးဆက် ကျောင်းသားတွေ ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ တောင်းဆိုထားပါတယ်။
XS
SM
MD
LG