သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပံတောင်းတောင် သပိတ် ဖြိုခွဲရာ တားမြစ်လက်နက်သုံးခဲ့


လက်ပံတောင်းတောင် အကြမ်းဖက်ဖြိုခွင်းခံရမှုအတွက် မန္တလေးမြို့တွင် ဆန္ဒပြနေတဲ့ သံဃာတော်များ ( ဒီဇင်ဘာ ၈၊ ၂၀၁၂)
လက်ပံတောင်းတောင် အကြမ်းဖက်ဖြိုခွင်းခံရမှုအတွက် မန္တလေးမြို့တွင် ဆန္ဒပြနေတဲ့ သံဃာတော်များ ( ဒီဇင်ဘာ ၈၊ ၂၀၁၂)
လက်ပံတောင်းတောင် သပိတ်စခန်းတွေကိုဖြိုခွဲရာမှာ သုံးတဲ့လက်နက်ဟာ ဂျနီဗာ သဘောတူညီချက်အရ မသုံးစွဲရ လို့ တားမြစ်ထားတဲ့ စစ်သုံးလက်နက်ဖြစ်တဲ့ White Phosphorus မီးစုန်းငွေ့လက်ပစ်ဗုံးဖြစ်တယ်လို့ မြန်မာနိုင်ငံရှေ့နေများကွန်ယက်နဲ့ အမေရိကန်အခြေစိုက် Justice Trust တို့ရဲ့ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာကဆိုပါတယ်။
အပြည့်အစုံကို အစီရင်ခံစာနဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲသို့် တက်ရောက် သတင်းယူခဲ့တဲ့ VOA မြန်မာပိုင်းသတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံရှေ့နေများကွန်ယက်နဲ့ အမေရိကန်အခြေစိုက် Justice Trust တို့ဟာ အစီရင်ခံစာပြုစုဖို့ ကွင်းဆင်းစစ်ဆေးမှုတွေအပါဝင် လက်နက်အမျိုးအစား စစ်ဆေးဖို့အတွက် ALS ဓါတုသရုပ်ခွဲ အုပ်စုနဲ့ လက်နက် ကျွမ်းကျင်သူတွေကိုပါ ချဉ်းကပ်ခဲ့တယ်လို့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ ဒီကနေ့ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆို ပါတယ်။ ရှေ့နေများကွန်ယက် တာဝန်ရှိသူ ဦးလှထွန်းက ရဲတပ်ဖွဲ့ကသုံးတဲ့ မီးစုန်းငွေ့ဗုံးဟာ ကန့်သတ်ထားတဲ့ လက်နက်အမျိုးအစားဖြစ်တယ်လို့ပြောပါတယ်။

“ဂျနီဗာသဘောတူညီချက်အမှတ် (၃)အရ အရပ်သားပြည်သူလူထုအပေါ်မှာ လုံးဝသုံးစွဲခြင်း မပြုရဆိုပြီးတော့ တားမြစ်ပိတ်ပင်ထားတဲ့ လက်နက်အမျိုးအစားဖြစ်ပါတယ်၊ အဲဒါကြောင့်မို့ ဒီအချက်က အင်မတန်မှ တရားဥပဒေစိုးမိုးရေးနဲ့ တရားမျှတရေးမှာ အင်မတန်မှအရေးကြီးတဲ့ ဥပဒေဆိုင်ရာ အချက်အလက်လည်းဖြစ်နေပါတယ်။”

ဒီလက်နက်ဟာ စစ်မြေပြင်သုံး လက်နက်အမျိုးစားဖြစ်ပြီး ၁၉၆၀ ခုနှစ်နောက်ပိုင်းမှာ အမေရိကန်ပြည်ထောင်စုက ထပ်မံမထုတ်လုပ်ပေမယ့် တခြားနိုင်ငံတွေက အလွယ်တကူ ထုတ်လုပ်နိုင်တယ်လို့ Justice Trust အဖွဲ့ကပြောပါတယ်။ တကယ်လို့ ဒီလိုလက်နက်တွေသုံးမယ်ဆိုရင်လည်း အထူးလေ့ကျင့်ပြီးသားတပ်ဖွဲ့တွေက စစ်မြေပြင်မှာပဲ သုံးကြတာကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ ဒီလက်နက်မျိုး သုံးစွဲခွင့် ရှိနေတာဟာ မေးခွန်းတစ်ခုဖြစ်တယ်လို့လည်း Justice Trust အဖွဲ့တာဝန်ရှိသူ ပါမောက္ခ Roger Normand က သတင်းစာ ရှင်းလင်းပွဲမှာပြောသွားပါတယ်။

“ကြေးနီစီမံကိန်းအတွက် ဒေသခံတွေကို လျှော်ကြေးပေးပြီးအတင်းအကျပ်လယ်မြေသိမ်းယူမှုကလည်း ဥပဒေချိုးဖေါက်တာဖြစ်တယ်လို့ အစီရင်ခံစာမှာ ပါရှိပါတယ်။ ပဋိညာဉ် ဥပဒေနဲ့ပတ်သက်ပြီး တရားလွှတ်တော်ရှေ့နေကြီးဦးအောင်သိန်းက ခုလိုပြောပါသေးတယ်။

“တရားမျှတမှုမရှိတဲ့ ပဋိညာဉ် ဟာ ပဋိညာဉ် အက်ဥပဒေအရ ပဋိညာဉ် မမြောက်ဘူးလို့ဆိုရမှာဖြစ်ပါတယ်၊ အဲ့တော့ ပဋိညာဉ် ဥပဒေအရ ကျနော်တို့ ထိမ်ချန်မှုတွေ၊ သြဇာလွှမ်းမိုးမှုတွေ၊ ငြိမ်းခြောက်မှုတွေ၊ မတရားနစ်နာစေရန် တဘက်သတ်ဆုံးရှုံးစေမှုတွေ၊ ပဋိညာဉ် ပြုလုပ်တဲ့ သဘောသဘာဝကို ရှင်းလင်းနား လည်နိုင်အောင် ဖေါ်ပြထားခြင်းမရှိရင် ပဋိညာဉ် တွေဟာ ပျက်ပျယ်တဲ့ ပဋိညာဉ် ဖြစ်တယ်၊ အဲဒီ ပဋိညာဉ် တွေကို အာမခံတဲ့သူတွေရဲ့ တာဝန်ရှိတယ်ဆိုတဲ့ ရေးသားဖေါ်ပြထားတာတွေ့ရပါတယ်။”

ဒါ့အပြင် ငြိမ်းချမ်းစွာစုရုံးခွင့်ကို ရဲတပ်ဖွဲ့က အကြိမ်ကြိမ်တားမြစ်ပယ်ချခြင်းနဲ့ အကြမ်းဖက် လူစုခွဲခြင်းဟာ ဥပဒေနဲ့ကိုက်ညီမှုရှိ- မရှိ ဆိုတာလည်း ရှေ့နေများ ကွန်ယက်က ထောက်ပြထားပါသေးတယ်။

အစိုးရက ဖွဲ့ပေးတဲ့လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင်ဟာ သပိတ်တွေစခန်းဖြိုခွဲမှုကို စစ်ဆေးပိုင်ခွင့်မရှိဘူးလို့ သိရပါတယ်၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ကော်မရှင်နဲ့ ရှေ့နေများကွန်ယက် တို့ စုံစမ်းစစ်ဆေးနိုင်ခွင့် မတူဘူးလို့ ဦးလှထွန်းက ဆက်ပြောပါသေးတယ်။

“ကျနော်တို့မိတ်ဆွေရှေ့နေကြီးရှင်းပြချင်တာက လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးအဖွဲ့က လွှတ်တော်က ဖွဲ့ပေးတဲ့ ကော်မရှင်ဖြစ်ပြီးတော့ ကျနော်တို့အဖွဲ့ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အခါအားလျော်စွာ ဦးသိန်းစိန် တို့ပြောကြားခဲ့တဲ့အတိုင်းပါပဲ လွတ်လပ်စွာ CSO အနေနဲ့ ပါဝင်ဆောင်ရွက်ခြင်းဖြစ်ပါတယ်။”

ဒီအစီရင်ခံစာကို ဒေါ်အောင်ဆန်းစုကြည်နဲ့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တားနား တို့ဆီလည်း ပေးပို့ထားတယ်လို့သိရပါတယ်။ ဥပဒေချိုးဖေါက်သူတွေကို လက်ပံတောင်းတောင်ဒေသခံတွေက တရားစွဲမယ်ဆိုရင်လည်း ရှေ့နေများကွန်ယက်က ကူညီသွားမယ်လို့ သိရပါတယ်။
XS
SM
MD
LG