သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပံတောင်းအရေး စုံစမ်းရေးကော်မရှင် ဖွဲ့စည်း


ရန်ကုန်မြို့က တရုတ်သံရုံးရှေ့ ချီတက် ဆန္ဒပြနေကြတဲ့ သံဃာနဲ့ ပြည်သူတချို့။ (ဒီဇင်ဘာလ ၁ ရက်၊ ၂၀၁၂)။
ရန်ကုန်မြို့က တရုတ်သံရုံးရှေ့ ချီတက် ဆန္ဒပြနေကြတဲ့ သံဃာနဲ့ ပြည်သူတချို့။ (ဒီဇင်ဘာလ ၁ ရက်၊ ၂၀၁၂)။
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်တွင်းက လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ကန့်ကွက်ဆန္ဒပြသူတွေအပေါ် အာဏာပိုင်တွေက နှိမ်နင်းခဲ့ပြီးတဲ့နောက် စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်းကြောင်း အစိုးရက ကြေညာလိုက်ပါတယ်။ ဒါပေမဲ့လည်း ကော်မတီ အနေနဲ့ လွတ်လွတ်လပ်လပ် ဆောင်ရွက်ခွင့် ရှိမှသာ ပြဿနာကို ဖြေရှင်းနိုင်လိမ့်မယ်လို့ အကဲခတ်တွေက ထောက်ပြနေကြတာပါ။ အပြည့်အစုံကိုတော့ မနန္ဒာချမ်းက တင်ပြထားပါတယ်။

ကြေးနီတောင်စီမံကိန်းနဲ့ ပတ်သက်လို့ ဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ ကန့်ကွက်မှုတွေ အကြီးအကျယ် ကြုံနေရတဲ့ စီမံကိန်းကို ရှေ့ဆက် လုပ်ဆောင်သင့် - မသင့် စဉ်းစားဖို့အတွက် ကော်မရှင်တရပ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ဖွဲ့စည်းကြောင်း စနေနေ့မှာပဲ သမ္မတရုံးက ကြေညာလိုက်ပါတယ်။ ဒီကော်မီတီကပဲ ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့တဲ့ အခြေအနေနဲ့ ကြမ်းကြမ်းတမ်းတမ်း နှိမ်နင်းခဲ့တဲ့ ဖြစ်စဉ်ကိုလည်း စုံစမ်းစစ်ဆေးသွားမှာ ဖြစ်ပါတယ်။

စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင် တဦးဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ ကတော့ ဒီကော်မရှင်ကနေ လွတ်လွတ်လပ်လပ် နဲ့ အဖြစ်မှန်ကို စုံစမ်းခွင့်ရဖို့ မျှော်လင့်တဲ့အကြောင်းနဲ့ အာဏာပိုင်တွေအနေနဲ့ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ အခုလို ပြောဆိုခဲ့ပါတယ်။

“ဒါကတော့ ရခိုင်ကော်မရှင်လိုပေါ့။ ကျနော်တို့ နယ်ပယ်ပေါင်းစုံက ဝန်ထမ်းမဟုတ်တဲ့သူတွေ ပေါ့ဗျာ အများစုကတော့။ အဲဒါတွေ ပါနေတဲ့အခါကျတော့ ဒါကတော့ လွတ်လပ်တဲ့ ကော်မရှင်ပဲ ဖြစ်ရမှာပေါ့။ ဒါ အကြံပေးရမယ်ဆိုရင် အကြံပေးရမယ်။ စုံစမ်းရမယ် ဆိုတော့ လွတ်လွတ်လပ်လပ် မဟုတ်ဘူး ဆိုရင်တော့ ဒါ ဘယ်လုပ်လို့ ရမလဲ။ လွတ်လပ်တဲ့ ကော်မရှင် ဖြစ်ရမှာပေါ့ဗျာ။ ကော်မရှင်က သမ္မတက ခန့်တဲ့ ကော်မရှင်ပဲလေ။ အခြေအနေကို ထိန်းသိမ်းတဲ့ ကိစ္စတွေမှာ ပါတဲ့ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေတော့ ပူးပေါင်း ဆောင်ရွက်ရမှာပေါ့ဗျာ။ နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်လည်း ပါတယ်။ ဆိုတော့ တရားဥပဒေ စိုးမိုးရေး ကော်မတီ ဥက္ကဋ္ဌ အနေနဲ့လည်း ပါနေတယ်၊ လွှတ်တော်ထဲမှာလည်း ပါနေတော့ ဒါ ကျနော်တို့ လက်ခံရမှာပါပဲ။”

မြန်မာစစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီ လိမီတက်နဲ့ တရုတ်နိုင်ငံက ဝမ်ဘောင် ကုမ္ပဏီတို့ ပူးတွဲ လုပ်ကိုင်နေတဲ့ ဒီစီမံကိန်းကြောင့် ဒေသခံပြည်သူတွေအနေနဲ့ လယ်မြေတွေဆုံးရှုံးရသလို၊ ပတ်ဝန်းကျင် ထိခိုက် ပျက်စီးမှုတွေ ဖြစ်ရတယ်ဆိုပြီး၊ ဒေသခံတွေ သာမက တက်ကြွလှုပ်ရှားသူတွေ သံဃာတော်တွေပါ ဆန္ဒပြခဲ့ကြတာပါ။ ဒါပေမဲ့လည်း ဆန္ဒပြသူတွေကို နှိမ်နင်းမှုအတွင်း သံဃာတော်တွေ အပါအဝင် လူအများအပြား ထိခိုက်ဒဏ်ရာတွေ ရတဲ့အထိ ဖြစ်ခဲ့တဲ့အတွက် ဒီအခြေအနေတွေကို ဖော်ထုတ်ဖို့ သမ္မတဦးသိန်းစိန် အစိုးရအနေနဲ့ မလွဲမသွေ လုပ်ရမယ့် တာဝန်တရပ် လို့လည်း ဦးခင်မောင်ဆွေက မြင်ပါတယ်။

“သူ့မှာ တခြားနည်းလမ်း မရှိပါဘူး။ လွှတ်တော်ကနေပြီးတော့ ဖွဲ့ပါလို့ အဆိုပြုတဲ့ဟာကို လက်ခံလိုက်ပြီ ဆိုကတည်းကိုက သမ္မတမှာ လုပ်ပေးရမယ့်တာဝန်ကလည်း ရှိတယ်။ လွှတ်တော်က ဖွဲ့မပေးတောင်မှ သူ့အနေနဲ့ အမြန်ဆုံး လုပ်ပေးဖို့ တာဝန်ရှိတာပေါ့ဗျာ။ ပြည်သူလူထု ထိခိုက်နစ်နာတဲ့ဟာတွေကို ရှင်းပေးဖို့ တကယ်ပဲ လိုတာပေါ့ဗျာ။”

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကိစ္စ စုံစမ်းစစ်ဆေးရေးကော်မရှင်မှာ အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေ ဖြစ်ပါတယ်။ ဒီစီမံကိန်းကို အကောင်အထည် ဖော်ရာမှာ ပတ်ဝန်းကျင် မထိခိုက်အောင် စနစ်တကျ လေ့လာမှုတွေရှိ - မရှိ၊ ပတ်ဝန်းကျင်ကို ထိခိုက်မှု ရှိ - မရှိ၊ တိုင်းပြည်အတွက် အကျိုးရှိ - မရှိနဲ့ ဆန္ဒပြမှုတွေ ပေါ်ပေါက်ရတဲ့ အကြောင်းရင်း ဆန္ဒပြပွဲတွေကို နှိမ်နင်းရာမှာ သံဃာတော်တွေ ထိခိုက် ဒဏ်ရာတွေရခဲ့တဲ့ ဖြစ်စဉ်နဲ့ စီမံကိန်းကို ဆက်လက် ဆောင်ရွက်သင့် - မသင့် စတာတွေကို စစ်ဆေးဖို့ ကော်မရှင်ကို တာဝန်ပေးထားတာပါ။ စုံစမ်းစစ်ဆေးရာမှာ ကော်မရှင်အနေနဲ့ ဥပဒေနဲ့အညီ သက်ဆိုင်သူတွေကို ဆင့်ခေါ်ခွင့် မေးမြန်းခွင့် အချက်အလက် တောင်းခံခွင့် စတဲ့ လုပ်ပိုင်ခွင့်တွေကိုလည်း ရရှိမှာ ဖြစ်တယ်လို့ သမ္မတရုံး ကြေညာချက်က ဖော်ပြထားပါတယ်။ စစ်ဆေးတွေ့ ရှိချက်တွေကိုတော့ ဒီဇင်ဘာလ ၃၁ ရက် နောက်ဆုံးထားပြီး သမ္မတထံ တင်ပြရမှာလည်း ဖြစ်ပါတယ်။
XS
SM
MD
LG