သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်းဆိုချက် မရရင် အထွေထွေ သပိတ် မှောက်မည်


လက်ပံတောင်းအရေး သံဃာတော်များ ဆန္ဒပြနေစဉ်။
လက်ပံတောင်းအရေး သံဃာတော်များ ဆန္ဒပြနေစဉ်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဆန့်ကျင် ဆန္ဒပြတဲ့ သံဃာတော်တွေနဲ့ ပြည်သူတွေကို အကြမ်းဖက်နှိမ်နင်းခဲ့တာ နဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတနဲ့ အစိုးရအဖွဲ့က တရားဝင်တောင်းပန်ဖို့နဲ့ အကြမ်းဖက်မှုမှာ တာဝန်ရှိသူတွေကို အရေးယူပေးဖို့အတွက် မန္တလေးနဲ့ တောင်ကြီးမြို့က သံဃာတော်တွေက ဒီကနေ့ တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။ ဒီတောင်းဆိုချက်တွေကို အမြန်ဆုံး အကောင်အထည်ဖော် မပေးရင် ဆက်လက် ဆန္ဒပြသွားမယ်လို့လည်း မန္တလေးက ဆန္ဒပြပွဲကို ဦးဆောင်တဲ့ သံဃာတော်က မိန့်ကြားပါတယ်။ သတင်းအပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

လက်ပံတောင်းတောင်မှာ အကြမ်းဖက်ဖြိုခွဲတာကို ဆန့်ကျင်တဲ့အနေနဲ့ ဒီကနေ့ မြန်မာပြည်က မြို့ကြီးတချို့မှာ သံဃာတော်တွေ ဆန္ဒပြဖို့ ပြင်ဆင်ခဲ့ကြတာဖြစ်ပြီး မန္တလေးနဲ့ တောင်ကြီးမြို့တွေ မှာတော့ ရာနဲ့ချီတဲ့ သံဃာတော်တွေဟာ ပူးပေါင်းပါဝင်ခဲ့ပါတယ်။ ဒီကနေ့ မန္တလေးမြို့မှာ ဆန္ဒပြတဲ့ အခြေအနေကိုတော့ ဦးဆောင်ပါဝင်ခဲ့တဲ့ အရှင် ဦးဥတ္တမသာရက အခုလို မိန့်ကြားပါတယ်။

“ ဦးဇင်းတို့ အားလုံးတန်းစီပြီးတော့ ထိုင်ပြီးတော့ မေတ္တာသုတ်ရွတ်ပါတယ်။ အိမ်တော်ရာဘုရားထဲမှာ။ ၁နာရီ မထိုးခင်က စလိုက်တာပေါ့။ နေလည်းတအားပူတာနဲ့ ၂နာရီခွဲ အခုပဲ သိမ်းလိုက်တယ်။ ၄၀၀ကျော်တော့ ရှိမယ် သံဃာတော်ပေါ့။ လူတွေလည်း မနည်းပါဘူး။ အများကြီးပဲ ။ လူတွေလည်း ဘေးကနေရော နောက်ကနေရော ထိုင်နေကြတာ။”

မန္တလေး သံဃာ့ဆန္ဒပြပွဲက အဓိက တောင်းဆိုတဲ့အချက်တွေကို အခုလို ဆက်ပြီး မိန့်ကြားပါတယ်။

“ တောင်းဆိုချက်ကတော့ ၅ချက်ပေါ့။ ဒါပေမဲ့ အမြန်ဆုံးရဖို့ တောင်းဆိုတာက ၃ချက်ပေါ့။ အဲဒီ၃ချက်က နိုင်ငံတော်သမ္မတနဲ့ အစိုးရအဖွဲ့က ထိခိုက်ဒဏ်ရာရရှိသွားသော သံဃာတော်များကို အမြန်ဆုံးလာရောက် ဝန်ချတောင်းပန်ရန်၊ အကြမ်းဖက်မှုမှာ တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေကို အရေးယူပေးရန်၊ ကြေးနီစီမံကိန်းနဲ့ ပတ်သက်လို့ ဆန္ဒထုတ်ဖော်ခဲ့လို့ ဖမ်းဆီးခံရတဲ့ပုဂ္ဂိုလ်တွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ အဲဒီ၃ချက်က အခုချက်ချင်း လုပ်ပေးဖို့ပေါ့။”

ကျန်အချက်တွေမှာတော့ ကော်မရှင်က စုံစမ်း စစ်ဆေးပြီး ဒေသခံတွေ ကျေနပ်မှု ရအောင်ဆောင်ရွက်ပေးဖို့၊ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ပေါ်ပေါက်ဖို့နဲ့ နောက်ထပ်အကြမ်းဖက်မှုတွေ မဖြစ်စေရေး အတွက် လွှတ်တော်နဲ့ အစိုးရအဖွဲ့မှာ ပါဝင်တဲ့ တပ်မတော်သားတွေ နှုတ်ထွက်ပေးဖို့ ဆိုတာတွေ ပါဝင်ပါတယ်။

မန္တလေးသံဃာတော်တွေရဲ့ ဆန္ဒပြပွဲကိုတော့ အာဏာပိုင်တွေကဖက်က တားဆီးဟန့်တားတာ မရှိပါဘူး။ မန္တလေး သံဃာတော်တွေက လာမယ် ၈ရက်နေ့ အမျိုးသားနေ့မှာ တကြိမ် ထပ်မံဆန္ဒပြဖို့ရှိနေပြီး တောင်းဆိုချက်တွေ မရရင် ၁၂ရက်နေ့မှာ တနိုင်ငံလုံးပါဝင်တဲ့ အထွေထွေသပိတ်ကို ဆင်နွှဲသွားမယ်လို့လည်း မိန့်ကြားပါတယ်။

မန္တလေးမြို့မှာ သံဃာတော်တွေ ဆန္ဒပြနေတဲ့အချိန်မှာပဲ ရှမ်းပြည်နယ်တောင်ကြီးမြို့မှာလည်း သံဃာတော် အပါး ၂၀၀လောက်ဟာ မေတ္တာသုတ်ရွတ်ဆိုပြီး မြို့တွင်းကို လှည့်လည်ကြွချီ ဆန္ဒပြခဲ့တယ်လို့ တောင်ကြီးမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင် ဒေါ်ခင်မိုးမိုးက ပြောပါတယ်။

“ စုရပ်က လောကမာန်အောင်ကျောင်းပါ။ လောကမာန်အောင်ကျောင်းကနေပြီးတော့ ထွက်ပါတယ်။ ထွက်ပြီးတော့ အနောက်မြို့ပတ်လမ်းအတိုင်းမြို့ထဲကို တက်ပါတယ်။ အနောက်မြို့ပတ်လမ်းကနေ ဗိုလ်ချုပ်ကြေးရုပ်နားအထိကို ဖြတ်ဆင်းတယ်။ ဗိုလ်ချုပ်ကြေးရုပ်နားကနေပြီးတော့မှ မင်းလမ်းအတိုင်း စူဠာမုနိလောက ချမ်းသာဘုရားကို စုရုံးပြီးတော့ ချီတက်နေပါတယ်။”

ရှမ်းပြည်နယ်သံဃာတော်တွေ တောင်းဆိုချက်တွေဟာ မန္တလေး သံဃာတော်တွေတောင်းဆိုချက်နဲ့ အများစု တူညီ ပါတယ်။ ဒါပေမဲ့ အစိုးရနဲ့ လွှတ်တော်မှာ ပါဝင်တဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နှုတ်ထွက်ပေးဖို့ တောင်းဆိုတာမပါဝင်ဘဲ အကြမ်းဖက်ဖြိုခွဲတာကို စုံစမ်းစစ်ဆေးရေးကော်မရှင်က အမြန်ဆုံးဖော်ထုတ်ပေးဖို့ တောင်းဆိုထားပါတယ်။

ဒီနေ့ ညနေ ၃နာရီခွဲလောက်မှာတော့ ရန်ကုန်မြို့ဆူးလေဘုရားနဲ့ တာမွေဈေးမှာ သံဃာတော်နဲ့ ပြည်သူအချို့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ တချိန်တည်းမှာတော့ ကြေးနီစီမံကိန်းဆိုင်ရာ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင်တချို့က လက်ပံတောင်းတောင်ဒေသမှာ ဒေသခံတွေနဲ့ တွေ့ဆုံပြီး စုံစမ်းစစ်ဆေးတာတွေ စတင်နေပြီဖြစ်ပါတယ်။

“ သူတို့က စုံစမ်းစစ်ဆေးရေးကိစ္စကို အဖြစ်အပျက်တွေပေါ့နော်။ အဲဒါတွေကို လူထုတွေဆီက ထွက်ချက်ကို သူတို့က လာယူတာလို့ ပြောပါတယ်။ ကျနော်တို့ကတော့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကြီးကို လုံး၀ ဖျက်သိမ်းရေးပဲ တင်ပြပါတယ်။ ပြည်သူလူထုဖက်က ရပ်တည်ပေးဖို့ရာရယ် မီးလောင်ဗုံးတွေ ပစ်တဲ့ ကိစ္စကိုလည်း စစ်ဆေးပြီးတော့ အရေးယူပေးဖို့ ကျနော်တို့ တောင်းဆိုထားပါတယ်။ သူတို့ဖက်ကတော့ အထက်ကို တင်ပြအုံးမယ်လို့ ကျနော်တို့ကို ပြောပါတယ်ခင်ဗျ။”

ဒေသခံတယောက် ပြောပြတာဖြစ်ပါတယ်။

စုံစမ်းစစ်ဆေးရေးကော်မရှင်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမြင့်၊ ဒေါ်ခင်စန်းလှိုင် နဲ့ ဒေသခံ ကော်မရှင်အဖွဲ့ဝင် ၂ဦးအပါအဝင် ၈ယောက်လာရောက်ပြီး ရွာသူရွာသား ၂၀၀လောက် တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲမှာ ကော်မရှင်အဖွဲ့ဝင်တွေဖက်က သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအခြေအနေတွေ ကိုလည်း မေးမြန်းခဲ့ပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် ကျေးရွာ ၂၆ရွာက စိုက်ပျိုးမြေဧက ၇၈၀၀လောက်ကို သိမ်းယူခဲ့တာ၊ စီမံကိန်းကထွက်တဲ့ စွန့်ပစ်ပစ္စည်းတွေကြောင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းတာနဲ့ လယ်တီဆရာတော်ရဲ့ သာသနအဆောက်အဦးတွေကို ထိန်းသိမ်းဖို့အတွက် ဒေသခံတွေနဲ့ သံဃာတော်တွေက လနဲ့ချီပြီး ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။

နိုဝင်ဘာလ ၂၉ရက်နေ့ကတော့ ဆန့်ကျင်ဆန္ဒပြတဲ့ သံဃာတော်တွေနဲ့ ဒေသခံတွေကို အကြမ်းဖက် နှိမ်နင်းခဲ့ တာကြောင့် မြန်မာပြည်တဝှမ်းမှာ ကန့်ကွက်ဆန္ဒပြတာတွေ ပိုမိုမြင့်တက်လာနေတာဖြစ်ပါတယ်။
XS
SM
MD
LG