သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပံတောင်းတောင် ဒဏ်ရာရသံဃာတော်များ အသားအစားထိုးကုသနေပြီ


လက်ပံတောင်းတောင် သပိတ်စခန်းဖြိုခွဲမှုအတွင်း မီးလောင်ဒဏ်ရာရ သံဃာတော်တစ်ပါး
လက်ပံတောင်းတောင် သပိတ်စခန်းဖြိုခွဲမှုအတွင်း မီးလောင်ဒဏ်ရာရ သံဃာတော်တစ်ပါး
လက်ပံတောင်းသပိတ်စခန်း ဖြိုခွဲခံရမှုအတွင်း ဒဏ်ရာ ဆိုးဆိုးဝါးဝါးရခဲ့ကြတဲ့ သံဃာတော်တွေထဲက သံင်္ဃာ ၄ ပါးဟာ အခုဆိုရင် အသားအစားထိုးကုသမှုကို ခံယူနေကြပါပြီဖြစ်ပါတယ်။ ဒီကနေ့ တနင်္လာနေ့မှာပဲ သံဃာ ၂ ပါး ရန်ကုန်ဆေးရုံကြီးမှာ အသားအစားထိုး ခွဲစိတ်ကုသခဲ့ပါတယ်၊ ထိုင်းနိုင်ငံ ဘန်ကောက်ဆေးရုံကြီးမှာတက်ရောက် ကုသခံနေတဲ့ သံဃာတော် ဦးတိက္ခဉာဏဟာဆိုရင်လဲ ဒီဇင်ဘာလ ၂၁ ရက်နေ့ထဲကစလို့ အသားအစားထိုးကုသမှုကို စတင်ခံယူနေပါတယ်။ ခုလို သံဃာတော်တွေရဲ့ ကုသမှုအခြေအနေတွေကို စုံစမ်းထားတဲ့ ဘန်ကောက်ရုံးက မစုမြတ်မွန်က အပြည့်အစုံတင်ပြထားပါတယ်။

လောလောဆယ် ရန်ကုန်ဆေးရုံကြီး၊ မျက်နှာ၊ မေးရိုး၊ ခံတွင်းနှင့် ပြုပြင်မှုဆိုင်ရာ ခွဲစိတ်ကုသဆောင်မှာ တက်ရောက်ကုသနေတဲ့ သံဃာ ၄ ပါးထဲက သံဃာတော် ၂ ပါး ဒီနေ့ တနင်္လာနေ့မှာ အသားအစားထိုး ခွဲစိတ်ကုသမှုခံယူပါတယ်။ ခွဲစိတ်မှုအကြောင်းကို ဒဏ်ရာရသံဃာတော်တွေအရေး ဆောင်ရွက်ပေးနေတဲ့ မန္တလေးမြို့ ဘုရားကြီးအလယ်တိုက်က ဆရာတော် ဦးဝိသုတက VOA မြန်မာပိုင်းကို ခုလို မိန့်ပါတယ်။

“ဦးဝိသုဒ္ဓရယ်၊ ဦးစန္ဒောဘာသာရယ်၊ အသားအစားထိုးတဲ့ ခွဲစိတ်မှုလုပ်တယ် ဒကာမကြီး။ ဒဏ်ရာတွေက ပြင်းထန်တော့ အသားတွေက စုတ်ပြတ်သွားတော့ ပေါင်ကအသားကိုပေါ့နော်၊ မိမိခန္ဓာကိုယ်က အသားကို ပေါင်ကနေပေါ့နော်၊ အသားအစားထိုးပြီးတော့ ပြန်ထည့်တယ်။ ကနေ့ အော်ပရေးရှင်းခန်းဝင်ရပါတယ် ဒကာမကြီး။ အခုလောလောဆယ်တော့ မေ့ဆေးတွေ ဘာတွေ ထိုးထားတော့ အခြေအနေတော့ ကောင်းမှာပါ။ သတိကောင်းကောင်းမရသေးဘူး။”

ရန်ကုန်ဆေးရုံကြီးမှာ ခွဲစိတ်မှုခံယူတဲ့ သံင်္ဃာ ၂ ပါးကတော့၊ မန္တလေး ရက္ခိဏာရာမ ဘုရားကြီးတိုက်က ဦးဝိသုဒ္ဓနဲ့ ပခုက္ကူ အလယ်တိုက်က ဦးစန္ဒောဘာသတို့ ဖြစ်ကြပါတယ်၊ ရန်ကုန်ဆေးရုံကြီးမှာပဲ တက်ရောက်ကုသနေတဲ့ နောက်ထပ် သံင်္ဃာ ၂ ပါးထဲက မုံရွာမြို့ ဇောတိကာရုံကျောင်းတိုက်က ဦးသုစိတ္တကတော့ မန္တလေးဆေးရုံကြီးမှာ အသားအစားထိုး ကုသလာခဲ့တာဖြစ်ပါတယ်။

“မျက်စိနဲ့ လည်ပင်းမှာလေ။ မီဒီယာမှာ တော်တော်ဆိုးဆိုးဝါးဝါး ဓာတ်ပုံထဲမှာ တွေ့ရတဲ့ ကိုယ်တော်လေ၊ အဲ့တာ မန္တလေးကနေ အသားအစားထိုးကုခဲ့တာလေ။ လည်ပင်းနေရာမှာ ပြန်ကပ်ပြီးတော့ ကုခဲ့တာ၊ တော်တော်လေးတော့ သက်သာနေပါပြီ။”

လက်ပံတောင်းကြေးနီစီမံကိန်းရပ်ဖို့တောင်းဆိုတဲ့ သပိတ်စခန်းတွေ ဖြိုခွဲခံရမှုမှာ မီးလောင်ဒဏ်ရာ အဆိုးဆုံး ရရှိခဲ့လို့ ထိုင်းနိုင်ငံ ဘန်ကောက်ဆေးရုံကြီးမှာ ကုသမှုခံယူနေတဲ့ သံဃာတာ် ဦးတိက္ခဉာဏဟာလဲ ဒီဇင်ဘာလ ၂၁ ရက်နေ့ကစပြီး အသားအစားထိုး ကုသမှုကို စတင်ခံယူနေပြီလို့ သမီးဖြစ်သူ မနေသန္တာခိုင်က VOA မြန်မာပိုင်းကို ခုလို ပြောပြပါတယ်။

“၂၁ရက်နေ့က ညာဘက်လက်မောင်းမှာ အသားအစားထိုးကုသမှု၊ ပထမဦးဆုံး လုပ်တယ်ပေါ့နော်။ အရေပြားအသား အစား စထိုးပါတယ်။ အဲ့တာကိုလည်း သူတို့က တစ်ခါတည်း တပြိုင်နက်တည်းကြီး အစားထိုးတာ လုပ်လို့မရတဲ့အတွက် သူတို့ကြည့်ရှု့သွားပြီးတော့မှ တစ်နေရာနဲ့ တစ်နေရာ ဖြစ်နေတဲ့ ရောဂါတွေကလည်း အတိမ်အနက်ခြင်းမတူတဲ့အတွက် သူတို့တွေ အဲ့တာတွေကို တဖြေးဖြေးချင်း ကြည့်ပြီးတော့မှ လုပ်သွားရမယ်လို့ပြောပါတယ်။ လောလို့တော့ မရဘူးလို့ ပြောပါတယ်။ ညာဘက်ပေါင်ကို အသားအစားထိုးကို လုပ်ကြည့်မယ်လို့ပြောတယ်။ လုပ်ကြည့်လို့ အသားတက်မတက်ကို အဲ့ဒီ့ပေါင်အတွက်ကတော့ အနည်းဆုံး ၁၀ရက်ယူရမယ် လို့ပြောပါတယ်။”

ဒီဇင်ဘာလ ၁၃ ရက်နေ့ထဲက စလို့ ဘန်ကောက်ဆေးရုံကြီးမှာ ဆရာတော် ဦးတိက္ခဉာဏ ရဲ့ ဆေးကုသစရိတ်ဟာ ၁၀ ရက်စာအတွက်တင်ကို ဘတ်ငွေ ၃ သန်းကျော်ရှိပြီလို့ မနေသန္တာခိုင်က ပြောပါတယ်၊ အခုလို ဘန်ကောက်ဆေးရုံက ကုန်ကျစရိတ်အားလုံးကိုရော ရန်ကုန်မှာ ကုသနေတဲ့ သံဃာတော်တွေရဲ့ စရိတ်အားလုံးကိုပါ မြန်မာအစိုးရက တာဝန်ယူပေး ထားတယ်လို့ သိရပါတယ်။

ရန်ကုန်ဆေးရုံကြီးမှာ တက်ရောက်နေတဲ့အထဲက သက်တော် ၁၄ နှစ်သာရှိသေးတဲ့ မုံရွာမြို့မ ရွှေကူကျောင်းတိုက်က ကိုရင် ရှင်သဇ္ဇနကိုလဲ လိုအပ်ရင် နိင်ငံခြားမှာ ကုသနိင်အောင် စီစဉ်ထားတယ်လို့ ဆရာတော် ဦးဝိသုတက မိန့်ပါတယ်။

“ရှင်သဇ္ဇန ပြင်းထန်စွာဒဏ်ရာရ၊ အသက်လည်း ၁၄နှစ်ပဲရှိသေးတယ် ဒကာမကြီး။ ဒဏ်ရာကလည်း လေးပါးတက်တဲ့အထဲမှာ ပြင်းပြင်းထန်ထန်ခံစားနေရတယ်ပေါ့ ဒကာမကြီး၊ ဦးဇင်းတို့ လိုအပ်ရင် နိုင်ငံခြားသွားဖို့ ဗီဇာတွေဘာတွေ လုပ်ထားတယ်။”

နိုဝင်ဘာလလ ၂၉ ရက်နေ့က မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်ထဲမှာရှိတဲ့ သပိတ်စခန်းတွေ ဖြိုခွဲခံရမှုကြောင့် သံဃာတော် အပါး ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့တာပါ၊ လောလောဆယ်မှာတော့ ရန်ကုန်ဆေးရုံကြီးမှာ ၄ ပါး၊ မန္တလေးဆေးရုံကြီး သံဃာဆောင်မှာ ၁၁ ပါးနဲ့ ထိုင်းနိုင်ငံ ဘန်ကောက်ဆေးရုံကြီးမှာ ၁ ပါး ဆေးကုသခံယူနေတာဖြစ်ပါတယ်။
XS
SM
MD
LG