သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပံတောင်း ဆန္ဒပြ ဒေသခံ ၆၀ ကျော် တရားစွဲခံရ


လက်ပံတောင်းကြေးနီစီမံကိန်းကို ဒေသခံများ ဆန့်ကျင် ကန့်ကွက် ဆန္ဒပြစဉ်။ (၂၀၁၂)
လက်ပံတောင်းကြေးနီစီမံကိန်းကို ဒေသခံများ ဆန့်ကျင် ကန့်ကွက် ဆန္ဒပြစဉ်။ (၂၀၁၂)

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ဖျက်သိမ်းရေးနဲ့ သီးနှံလျော်ကြေး ရရှိရေး တောင်းဆိုတဲ့ ဒေသခံ ၆၀ကျော်ကို ပုဒ်မ ၁၈ နဲ့ ဆားလင်းကြီး ရဲစခန်းက တရားစွဲ ထားတယ်လို့ တောင်သူတွေက ဆိုပါတယ်။ ဒါပေမဲ့ စီမံကိန်း ဖျက်သိမ်းဖို့ အတွက် ကန့်ကွက် ဆန္ဒပြတာတွေ နဲ့ မြေယာပြန်ရရေး တောင်းဆို တာတွေကို ရပ်တန့် သွားမှာ မဟုတ်ဘူးလို့ ဒေသခံတွေကဆိုပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးမာက အပြည့်အစုံ တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ တပတ်ခန့်ကစပြီး လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို ကန့်ကွက် ဆန္ဒပြပြီး ကုမ္ပဏီတွေကို သီးနှံလျော်ကြေးတောင်းဆိုတဲ့ ဒေသခံ ၆၀ကျော် ကို ခွင့်ပြုမိန့်မရပဲ ဆန္ဒ ထုတ်ဖော်မှု ပုဒ်မ ၁၈နဲ့ တရားစွဲ ထားတယ် လို့ ဒေသခံတောင်သူ ဒေါ်မာချိုကပြောပါတယ်။

""ဦးဝင်းကျော်တို့၊ ဒေါ်စန္ဒာတို့ ဒေါ်မာချိုတို့ အပါအဝင် ဆိုပြီး ၆၅ယောက် ပုဒ်မ ၁၈နဲ့ အမှုဖွင့်ထားတယ်လို့သာ ပြောတာ ကျမတို့ဆီကို စာတို့ ဘာတို့ ပို့ခြင်း မရှိသေးဘူး။ အဲ့တာ ၂၀ရက်နေ့က ကျိမ်စာတိုက်တာလည်း နောက်ထပ် တယောက် တိုးထားတယ်တဲ့။ ဒေါ်ညိုလေးတဲ့။ ဦးဝင်းကျော်တို့၊ ဒေါ်စန္ဒာ တို့ ဒေါ်မာချို ဒေါ်ညိုလေးတို့ အပါအဝင် ၆၆ ယောက်ပေါ့။ မြန်မာဝမ်ပေါင် ကလည်း မတုန့်ပြန်သေးဘူး။ ဦးပိုင်ကလည်း မတုန့်ပြန်သေးဘူး။ တုန့်ပြန်တယ်ဆိုတာ ပုဒ်မတွေပဲ တုန့်ပြန်နေတာ။ ကျမတို့ကတော့ တရားစွဲလည်း ကျမတို့က အမှန်တရား တောင်းဆိုနေ တာလေ။ ကျမတို့ ရသင့်ရထိုက်လို့ လယ်ယာမြေ ဥပဒေထဲလည်း ပါလို့ တောင်းဆိုနေတာလေ။ ကျမတို့အနေနဲ့က သူတို့က ပုဒ်မတွေ တပ်လို့ တရားစွဲဆိုလည်း နောက်ဆုတ်မှာလည်း မဟုတ်ဘူး။ ကြောက် လည်း ကြောက်မှာ မဟုတ်ဘူး။ "

လက်ပံတောင်းတောင်ကြေးနီ စီမံကိန်း ဟာ ဒေသခံတောင်သူတွေ ရဲ့ မြေယာတွေ ကို သိမ်းယူခဲ့ပြီး တည်ဆောက်ထားတဲ့ စီမံကိန်းဖြစ် တယ်လို့ ဒေသခံတွေ ကပြောဆိုပြီး နစ်နာကြေး မယူထားတဲ့မြေယာတွေ အတွက် တနှစ်စာ သီးနှံလျော်ကြေး ကို အကြိမ်ကြိမ်တောင်းဆိုခဲ့တာပါ။

ဒီအတွက် ဒေသခံတွေသာမက သူတို့ကို ကူညီတဲ့ တက်ကြွလုှပ်ရှားသူတွေဟာ ဖမ်းဝရမ်းထုတ် ခံထားရပြီး ဒေသခံတွေဟာလည်း နည်းအမျိုးမျိုးနဲ့ တရားစွဲဆို ခံနေရတယ်လို့ ဆက်ပြောပါတယ်။

" အခုလာရောက်ကူညီတဲ့အဖွဲ့တွေကိုလည်း ဖမ်းဝရမ်းထုတ် တယ်။ ဒေသခံတွေကို လည်း အမှန်တရား တောင်းဆိုနေတဲ့အတွက်လည်း တရားတွေစွဲဆိုထားတယ်။ အခု သူတို့ဘက်က ကျတော့လည်း ဒေါ်ခင်ဝင်း ပစ်သတ်တဲ့ တရားခံကိုလည်းပဲ ဖော်ထုတ် မပေးဘူး။ မီးလောင်ဗုံး တရားခံကိုလည်းပဲ ဖော်ထုတ်မပေးဘူး။ တရားဥပဒေကို လေးစားလိုက်နာမှု မရှိဘူး။ ကျမတို့ ဒေသခံတွေဘက်ကတော့ တရားဥပဒေကို လေးစားလိုက်နာပါတယ်။ ကျမတို့တောင်းဆိုတဲ့ဟာကို အဖြေမရတဲ့အတွက် ကျမတို့ သွားနေရတဲ့အတွက် ကျမတို့ဘက်ကတော့ မတရားတဲ့ဥပဒေတွေနဲ့ ဒေသခံတွေကို စွဲဆိုနေတယ်လို့ ကျမပြောချင်ပါတယ်။ မြေပိုင်ရှင် ယာပိုင်ရှင်တွေ ကိုတော့ အမှုတွေတပ် တရားတွေစွဲ တကယ့်တကယ်ကျတော့ သူများ တိုင်းတပါးကလာပြီး တရုတ်တွေ မြေယာသိမ်း ထားတာကျတော့ သူတို့ လျစ်လျူရှု့ထား တာဖြစ်နေလို့မို့ လျော်ကြေး မယူတဲ့ လယ်ယာမြေတွေကို သွပ်ဆူးကြိုးခတ်ထားတာကို လျစ်လျူရှုထားတာမို့ ဒေသခံတွေ ကျေနပ်အောင် အဖြေတခုမှ ညှိနှိုင်း ဆွေးနွေးခြင်း မရှိတဲ့အတွက် ကျမတို့ လက်ပံတောင်း တောင် ကြေးနီစီမံကိန်းကြီးကိုတော့ ကျမတို့ လက်သင့်လည်း မခံဘူး။ "

ဒေသခံတွေ သဘောမတူတဲ့ကြားက ကြေးနီ စီမံကိန်းကို အကောင်အထည်ဖော် တည်ဆောက်နေတဲ့ ကုမ္ပဏီ ၂ခုဖြစ်တဲ့ မြန်မာဝမ်ပေါင်ကုမ္ပဏီ နဲ့ မြန်မာ စီးပွားရေး ဦးပိုင်လီမီတက်ကို ရော ဒေသခံတောင်သူတွေကို တရားစွဲဆို ထားတယ် ဆိုတဲ့ ဆားလင်းကြီး ရဲစခန်းကိုတော့ ဆက်သွယ်လို့မရခဲ့ပါဘူး။

လူအင်အား၊ စက်အင်အားတွေ သုံးပြီး လုပ်ဆောင်နေတဲ့ ကြေးနီ စီမံကိန်း ကို ဒေသခံတွေ ကလည်း နည်းအမျိုးမျိုးနဲ့ ကန့်ကွက်ဆန္ဒပြနေကြတာပါ။ ၂၀၁၂ခုနှစ် တုန်းကတော့ ကန့်ကွက်ဆနပြနေတဲ့သပိတ်စခန်းတွေကို အင်အားသုံး ဖြိုခွဲခဲ့ တာကြောင့် သံဃာနဲ့ အရပ်သား ၁၀၀လောက် အပြင်းအထန် ဒဏ်ရာများရခဲ့တာပါ။

ဒီဖြစ်ရပ်အပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ စစ်ဆေးပြီး အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။ ဒီအစီရင်ခံစာပါ အချက်အလက်တွေကို လိုက်နာခြင်း မရှိဘူးလို့လည်း ကော်မရှင်အဖွဲ့ဝင်တွေက ဆိုပါတယ်။ ဒီစီမံကိန်းကို အရင်တုန်းက ကုမ္ပဏီ ၂ခုကသာ အကျိုးအမြတ်ခွဲဝေယူခဲ့ပြီး အစီရင်ခံစာ ထွက် အပြီးမှာ စာချုပ်ပြန်လည် ချုပ်ဆိုကာ မြန်မာ အစိုးရက ၅၁ ရာခိုင်နှုန်း၊ မြန်မာ့ စီးပွားရေး ဦးပိုင်က ၁၉ ရာခိုင်နှုန်းနဲ့ မြန်မာဝမ်ပေါင် ကုမ္ပဏီက ၃ဝ ရာခိုင်နှုန်း အကျိုးအမြတ် ခွဲဝေယူဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဒီ့နောက်မှာတော့ ဒေသခံ တချို့ကို မြေယာနစ်နာကြေးပေးခဲ့ပေမဲ့ တန်ရာ တန်ကြေးပေး တာမျိုး မဟုတ်ဘူးလို့ ဒေသခံတွေက ဆိုပါတယ်။ အခုဆန္ဒပြသူတွေ ဟာ မြေယာကို ဘယ်လိုနည်းမှ ရောင်းမှာ မဟုတ်တဲ့အကြောင်းနဲ့ သူတို့မြေယာတွေ ကို စိုက်ပျိုးလို့ မရအောင် သံဆူးကြိုးခတ် လိုက်တဲ့အတွက် တနှစ်စာ သီနှံလျော်ကြေးပေးဖို့ တောင်းဆိုနေတာလို့ လည်း ဆိုပါတယ် ။

အစိုးရသစ် တက်လာရင်လည်း သူတို့မြေယာတွေ ပြန် မရမချင်း တောင်းဆို သွားမယ် လို့ တောင်သူတွေကပြောဆိုခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၁၄ခုနှစ် တုန်းကတော့ ဒေသခံ တောင်သူ တဦးဖြစ် တဲ့ဒေါ်ခင်ဝင်း ဟာ မြေယာပြန်ရရေး တောင်းဆို ဆန္ဒုပြတဲ့အတွက် ဦးခေါင်းကို သေနတ်နဲ့ ပစ်ခတ်တာ ခံခဲ့ရပြီး သေဆုံးခဲ့ရတာပါ။ တခြားတောင်သူ တဒါဇင်လောက် လည်း သေနတ်ဒဏ်ရာတွေ ရရှိခဲ့ပြီး တရားစွဲမူတွေ ခံခဲ့ရပါ တယ်။ ဒေသခံတောင်သူတွေ နဲ့ မြန်မာနိုင်ငံရှေ့နေများ ကွန်ယက်ကတော့ ကုမ္ပဏီ တာဝန်ရှိသူတွေ နဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေကို တရားပြန်စွဲဆိုတဲ့ အမူကိုတော့ ငြင်းပယ်ခံခဲ့ရတာပါ။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို ကုမ္ပဏီတွေက လူထုတွေထံ ကနေ မြေယာ သိမ်းပြီး လုပ်ဆောင်ခဲ့တာကြောင့် ဒေသခံတွေက လွန်ခဲ့တဲ့ ၃နှစ်ကျော် ကတည်းက အကြိမ်ပေါင်း ၂၈၀ကျော် ဆန္ဒပြခဲ့ပါတယ်။ အာဏာပိုင်တွေကတော့ ဒီစီမံကိန်းနယ်မြေမှာ ရှိတဲ့ကျေးရွာတွေကို လွန်ခဲ့တဲ့ ၅နှစ်ခန့်ကစပြီး ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG