သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပံတောင်းမှာ လယ်ထွန်သူတွေကို ရဲကနှိမ်နင်း


လက်ပံတောင်းဒေသခံပြည်သူများ ရဲစခန်းရှေ့ ဆန္ဒပြနေစဉ်။
လက်ပံတောင်းဒေသခံပြည်သူများ ရဲစခန်းရှေ့ ဆန္ဒပြနေစဉ်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက သိမ်းဆည်းထားတဲ့ လက်ပန်းတောင်းဒေသက ဒေသခံပြည်သူတွေဟာ သူတို့လယ်တွေမှာ အာဏာပိုင်တွေရဲ့ တားဆီးမိန့်ကို လက်မခံဘဲ ပြန်လည် ထွန်ယက်စိုက်ပျိုးမူကို စတင်ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေကြား တင်းမာမူဖြစ်ပြီးတော့ ပစ်ခတ်မူ၊ ရိုက်နှက်မှုတွေဖြစ်ပွားခဲ့ပါတယ်။

ပဋိပက္ခအတွင်းမှာ လူတစ်ဦး သေနတ် ဒဏ်ရာရရှိပြီးတော့ ရိုက်နှက်ခံရသူတချို့ ရှိခဲ့ပါတယ်။ လယ်သမားတွေကို အကူအညီပေးတဲ့ ရန်ကုန်ပြည်သူ အကျိုးဆောင်ကွန်ယက်က ကိုအောင်စိုးနဲ့ ရွာသား၂ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ ဗွီအိုအေသတင်းထောက် မအေးမာ က သတင်းပေးပို့ထားတာပါတယ်။

လက်ပံတောင်းတောင်ကြေးနီးစီမံကိန်းကို လုပ်ဆောင်ခဲ့တဲ့ မြန်မာစီးပွားရေး ဦးပိုင်ကုမ္ပဏီလီမီတက်နဲ့ တရုတ်ကုမ္ပဏီဖြစ်တဲ့ မြန်မာဝမ်ပေါင် ကုမ္ပဏီတို့ဟာ ဒေသခံတွေရဲ့ လယ်မြေတွေကို သိမ်းယူခဲ့ပြီး စိမံကိန်းကို အကောင်အထည်ဖော်နေခဲ့တာပါ ။

ဒေသခံတွေကတော့ နစ်နာကြေးကိုလည်းမယူ လယ်တွေကိုလည်း ရောင်းချလိုခြင်း မရှိတာကြောင့် သူတို့ပိုင်လယ်တွေမှာ စိုက်ပျိုးထွန်ယက်မူ ကို စတင်လုပ်ခဲ့ကြတာပါ။ အာဏာပိုင်တွေကတော့ အဲဒီ့လယ်မြေတွေ နေရာမှာ ပုဒ်မ ၁၄၄ထုတ်ပြီး စီမံကိန်း နယ်မြေအဖြစ ်သတ်မှတ်ပြီး ဒေသခံတွေကို ဖယ်ရှားဖို့ အမိန့် ထုတ်ထားပါတယ်။
ဧပြီလ ၂၅ရက်နေမှာတော့ ဒေသခံတွေကို အာဏာပိုင်တွေက ဖြိုခွဲမူ လုပ်ခဲ့ရာမှာ ဒေသခံတဦး သေနတ်ဒဏ်ရာ ရရှိခဲ့သလို ရိုက်နှက် ဖမ်းဆီးမူတွေ ခံခဲ့ရကြောင်း ရိုက်နှက်ဖမ်းဆီးခံရမူကို ကိုယ်တွေ့ကြုံခဲ့ရတဲ့ ကိုသောင်းထိုက်ကပြောပါတယ်။

“ ဆည်တည်းဖက်အခြမ်းက ကိုအောင်စိုးပါသွားတယ်။ ဆယ်တဲ ကျေးရွာသားနှစ်ယောက်ပ ါသွားတယ်။ တုံရွာအုပ်စုက ကိုတင်သော်၊ သေနတ်ဒဏ်ရာ နှစ်ချက်ရတယ်။ သေနတ်ဒဏ်ရာက လက်မောင်းတစ်ချက်၊ နံကြားတစ်ချက်၊ အခုဆေးရုံသွားပို့နေပြီ။ သတင်းမှတ်တမ်းယူတဲ့ ကိုသူ့ကို ရဲတွေက ဝိုင်းရိုက်တော့ အရိုက်ခံရပြီး သတိမရသေးဘူး။ ကိုသူက အခု တုံရွာထဲကို ပြန်ရောက်သွားပြီ။ အဲ့တာ ဆည်းတည်းဘက်မှာ။ ကျနော်တို့က မိုးကြိုးပြင်ဖက်မှာ၊ မိုးကြိုးပြင်ဖက်မှာတော့ ကျနော်တို့ကို ဝင်ပြီးတော့ ဖမ်းတယ်။ ရဲမှူးအောင်ကျော်က ဝင်ဖမ်းတယ်။ ဝင်ဖမ်းတော့ ရွာသားတွေက ဝင်လုတဲ့အတွက် ရွာခံတစ်ဦးဖြစ်တဲ့ မစမ်းစမ်းဝင်း ခေါင်းကွဲသွားတယ်။ လက်ညိုးတစ်ချောင်းသာသာရှိတဲ့ ဒဏ်ရာတချက်ရပြီး ခေါင်းကွဲသွားတယ်။ အရိုက်ခံရပြီး တကိုယ်လုံးမှာ ဒဏ်ရာတွေချည်းပဲပေါ့။

ကိုသောင်းထိုက်ဟာ ရန်ကုန်ဝိဇ္ဇာသိပ္ပံ၊ တက္ကသိုလ်ကျောင်းသားများ ကွန်ယက်ကဖြစ်ပြီး၊ သူအပါအဝင်ကျောင်းသားလူငယ်တွေဟာ ဒေသခံတွေကို အကူအညီ ပေးနေတာကြောင့် သူတို့ကို အတင်းအကြပ် ဖမ်းဆီးဖို့ ကြိုးစားခဲ့တဲ့ အကြောင်းကိုလည်း ပြောပြပါတယ်။

“လယ် ၁၃ဧကပိုင်တဲ့ ကိုဝင်းကျော်က သူ့ယာခင်းထဲမှာ ထွန်ရင်းနဲ့ ပျိုးကြဲတယ်။ ပျိုးကြဲနေချိန်မှာပဲ ရဲမှူးအပါအဝင် အရပ်ဝတ်နဲ့ ထောက်လှမ်းရေး သုံးယောက်ရယ်၊ ရဲအင်အား လေးဆယ်ကျော်လောက်ရယ် လာပြီးတော့ အဲ့ဒီ့မှာ မြေတိုင်းစာရေး တယောက်လည်းပါတယ်။ မြေတိုင်းသလိုလို ဘာလိုလိုနဲ့ ကျနော့်ကို အရင်ဖမ်းတယ်။ ဖမ်းတဲ့အချိန်မှာဘဲ ရွာသားတွေက ဝိုင်းပြီးပြန်ဆွဲတဲ့အတွက် ကျနော်ကတော့ အဖမ်းမခံရဘူး။ ဒါပေမဲ့ အရိုက်ခံရတယ်။ ဆံပင်တွေ ဆောင့်အဆွဲခံရတယ်။ မနက်ဖြန်ကျရင်တော့ ကိုဝင်းကျော် အခင်းနဲ့ မရီရီဝင်းအခင်းမှာ ဆက်ပြီးတော့ ထွန်ယက်စိုက်ပျိုးဖို့ ပြင်နေပါတယ်။”

စီမံကိန်းကြောင့် ဒေသခံတွေရဲ့ လယ်မြေဧကပေါင်း ၇၈၀၀ကျော်ကို ဦးပိုင်ကုမ္ပဏီက သိမ်းယူခဲ့ပြီး ရွာ၄ရွာကို ဖယ်ရှားခိုင်းခဲ့တာပါ။ စီမံကိန်းကို ဆန်ကျင်ကန့်ကွက်မူတွေ အပြင်းအထန်ဖြစ်ပြီးနောက် စီမံကိန်း ဆက်လုပ်သင့်မသင့်ကို စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖဲ့ွပြီး ဆုံးဖြတ်စေခဲ့ပါတယ်။ ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်က စီမံကိန်း ဆက်လုပ်ဖို့ အကြံပြုထားတဲ့အတွက် ဒေသခံတွေဘက်က လက်မခံကြဘဲ ဆန္ဒပြမူတွေ ဆက်လုပ်ခဲ့ပါတယ်။

ဧပြီလ ၂၅ရက်နေ့က မိုးကြိုပြင်ရွာက လယ်သမားကြီး ဦးဝင်းကျော်ပိုင်တဲ့ လယ်မြေမှာ အဓိကရုဏ်း ဖြစ်ပွားခဲ့ပေမဲ့ ထွန်ယက်စိုက်ပျိူးမူတွေ ဆက်လုပ်ဦးမှာဖြစ်တယ်လို့ ဦးဝင်းကျော်ကဆိုပါတယ်။
“ကျနော်တို့တရွာလုံး ခံစားနေရတာက မတရားဖြစ်နေပါပြီ အခုဟာက သူတို့ဖက်က အကြမ်းဖက်လာရင် ကျနော်တို့ဘက်က ကျနော်တို့ လယ်ယာထဲမှာ ဆက်ကြဲမှာပါပဲ။”

ရဲလုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေကြား ပစ်ခတ်မှုဖြစ်ပွားရတဲ့ အခြေအနေနဲ့ပတ်သက်လို့ မေးမြန်းဖို့အတွက် ဆားလင်းကြီးမြို့နယ်ရဲစခန်းကို ဆက်သွယ်ခဲ့ရမှာတော့ ဆက်သွယ်လို့မရပါဘူး။
လက်ပံတောင်းတောင်က ဒေသခံတွေအနေနဲ့ကတော့ လယ်မြေတွေဟာ ဘိုးဘွားစဉ်ဆက်လုပ်ဆောင်လာတဲ့ နယ်မြေတွေဖြစ်တာကြောင့် ရောင်းချလိုခြင်းမရှိပါဘူး။

ကုမ္ပဏီတွေက ပေးတဲ့ငွေကလည်း ကာလပေါက်ဈေးမပေးဘဲ တစ်ဧကကို ဆယ်သိန်းလောက်ပဲ ပေးခဲ့ကြတာပါ။ စီမံကိန်းကြောင့် ဘေးထွက် ဆိုးကျိုးဖြစ်လာနိုင်တဲ့အန္တရာယ်ကိုလည်း ကုမ္ပဏီတွေက ကာကွယ်တားဆီးလုပ်ဆောင်တာ မတွေ့ရရဘူး ဆိုပြီး ဒေသခံတွေက ပြောဆိုနေကြပါတယ်။
ဒီစီမံကိန်းကိုတော့ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေ၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ဆက်မလုပ်သင့်တဲ့ အကြောင်း ဝေဖန်ပြောဆိုမှုတွေရှိပါတယ်။
XS
SM
MD
LG