သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပံတောင်းတောင် အကြမ်းဖက်မှု စုံစမ်းရေး သက်သေစုဆောင်း


လက်ပံတောင်းတောင် ကော်မရှင်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကို သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်။
လက်ပံတောင်းတောင် ကော်မရှင်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကို သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်။
လက်ပံတောင်းတောင် စုံစမ်းရေးကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က လက်ပံတောင်းတောင် သပိတ် စခန်းတွေကို အင်အား သုံးဖြိုခွင်းရာမှာ အသုံးပြုခဲ့တဲ့ လက်နက်တွေကို စစ်ဆေးဖို့ အတွက် သက်သေတွေ စုဆောင်းမယ်လို့ ဗွီအိုအေမြန်မာပိုင်းကို ပြောကြားခဲ့ပါတယ်။ အခုလို အသုံးပြုတဲ့ လက်နက်တွေကို ဓာတ်ခွဲစစ်ဆေးရာ မှာ နိုင်ငံခြားက ပညာရှင်တွေရဲ့ အကူအညီယူမယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ထဲမှာ ပြုလုပ်ခဲ့ တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ အဲဒီ သတင်းရှင်းလင်းပွဲမှာ တက်ရောက် သတင်းယူခဲ့တဲ့ ကိုအောင်ရဲမောင်မောင်က တင်ပြပေးမှာ ဖြစ်ပါတယ် ။

လက်ပံတောင်းတောင် စီမံကိန်းရပ်ဆိုင်းရေး သပိတ်စခန်းတွေအပေါ် အင်အားသုံး နှိမ်နှင်းမှုတွေကို သူ့အနေနဲ့ စုံစမ်းဖော်ထုတ်သွားမယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ် အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ လက်ပံတောင်းကြေးနီစီမံကိန်း ရပ်သင့်၊ မသင့်ကို စုံစမ်းရမဲ့ ကော်မရှင် ဥက္ကဌလဲ ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ထဲမှာ ဒီကနေ့ ကြာသပတေးနေ့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့တာဖြစ်ပါတယ်။ ဒါနဲ့ ပါတ်သက်လို့ ကျွန်တော်သူ့ကို ခုလို မေးခွန်းမေးခဲ့ပါတယ်။

“VOA မြန်မာပိုင်းက ကိုအောင်ရဲမောင်မောင်ပါခင်ဗျ။ မီးလောင်ခဲ့တဲ့ကိစ္စတွေကို စုံစမ်းစစ်ဆေးမယ်ပေါ့။ အဲ့သလိုစုံစမ်းစစ်ဆေးတဲ့အခါမှာ ပြည်ပပညာရှင်တွေကိုလည်း သုံးမယ်ပြောပါတယ်။ အဲ့လိုသုံးမယ်ဆိုတော့ အဲ့ဒီ့မီးလောင်မှုဖြစ်စဉ်တုန်းက သုံးခဲ့တဲ့ သက်သေပစ္စည်းတွေ အန်တီတို့အနေနဲ့ ရထားပါသလား။”

ဒေါ်အောင်ဆန်းစုကြည်- “ တချို့ရထားပါပြီ။ တချို့ လည်း ဆက်ပြီး စုနေပါတယ်။”

ကိုအောင်ရဲမောင်မောင်- “ အဲ့တုန်းက အခင်းဖြစ်ဖြစ်ချင်းမှာပဲ၊ သုံးနာရီအကြာမှာ ရေဖြန်းပြီးတော့ သက်သေဖျောက်တယ်လို့ ပြောရပါတယ်။ အဲ့သလိုမျိုးဆိုတော့ စစ်ဆေးတဲ့အခါမှာ အခက်အခဲများ ရှိနိုင်ပါသလားခင်ဗျ။”

ဒေါ်အောင်ဆန်းစုကြည်- “ တချို့ကတော့ ကျမတို့ဘာသာ ကျမတို့ ရထားပြီးသားပစ္စည်းတွေရှိပါတယ်။ နောက်ပြီးတော့ ရနိုင်သလောက် ကျမတို့ စုပါမယ်။ နောက်ပြီးတော့ ရှိတဲ့ပစ္စည်းတွေပေါ်မှာ အခြေခံပြီးတော့ တတ်နိုင်သမျ ကျမတို့ သက်သေအထောက်အထားကို ရှာပါမယ်။ ကျမတို့ ဒီကိစ္စတွေကို ပြည်ပက ပညာရှင်တွေကနေပြီးတော့ စုံစမ်းစစ်ဆေးဖို့ ပြင်ဆင်ထားပါတယ်။ အဲ့တော့ အစိုးရဘက်က လုံးဝပါဝင်ပြီးတော့ စိစစ်မှာ မဟုတ်ပါဘူး။ အဲ့သလိုစိစစ်လို့ရှိရင် အနည်းဆုံးမေးခွန်းထုတ်စရာတွေဖြစ်လာမှာပေါ့လေ။”

လက်ပံတောင်း တောင် ကြေးနီစီမံကိန်း ကိစ္စဟာ စာချုပ်စာတမ်းနဲ့ လုပ်ဆောင်နေတဲ့ အတွက် ဒီစာချုပ်တွေအတွက် တရားဥပဒေစိုးမိုးရေးရဲ့ သဘောထားကိုပါ လေးစားလိုက်နာဖို့လိုတဲ့ အကြောင်း စုံစမ်းရေးကော်မရှင်နဲ့ ပါတ်သက်တဲ့ သတင်းစာရှင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ကပြောခဲ့ပါတယ်။

“သတိထားရမှာက ဒါ Contract အရ လုပ်နေတယ်ဆိုတာ အားလုံး နားလည်ရမယ်။ ဒါကြောင့်မို့လို့ ကျမတို့ တရားဥပဒေစိုးမိုးရေးဆိုတဲ့ သဘောတရားကို လက်လွှတ်လို့မဖြစ်ပါဘူး။ ကျမအမြဲပဲပြောပါတယ်။ ကျမတို့နိုင်ငံဟာ ခိုင်မာတဲ့ ဒီမိုကရေစီနိုင်ငံ တခုဖြစ်စေချင်လို့ရှိရင် တရားဥပဒေစိုးမိုးရေးဆိုတာ မရှိလို့မဖြစ်ပါဘူး။ လူတိုင်းဟာ တရားဥပဒေရဲ့ အကျိုးကို ခံစားပိုင်ခွင့်ရှိပါတယ်။”

လက်ရှိ ဆန္ဒပြသူတွေနဲ့ ပါတ်သက်လို့လည်း သူ့အနေနဲ့ ဘာအတွက် ဆန္ဒပြနေလဲဆိုတာကို သိအောင်လုပ်ဖို့ လို ပြီး တော့ တရားဥပဒေစိုးမိုးရေးကို လေးစားသင့်တဲ့အချက်ကိုလည်း သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။

“ ပထမဆုံး အန်တီသိချင်တာ ဘာအတွက် ဆန္ဒပြတာလည်းဆိုတာ သိချင်ပါတယ်။ အဲ့တော့ ဘာအတွက် ဆန္ဒပြနေတာဆိုတာ သိလို့ရှိရင် ဆန္ဒပြသူတွေရဲ့ လိုအပ်ချက်တွေ၊ ဆန္ဒပြသူတွေရဲ့ သဘောထားတွေကို နားလည်လို့ရှိရင် ပိုပြီးတော့ အဆင်ပြေအောင် လုပ်နိုင်မှာပါ။ အဲ့ဒီ့ဟာ ကတော့ အရေးကြီးပါတယ်။ နောက်ပြီးတော့ ကျမတို့အနေနဲ့တော့ ဘယ်လိုပဲဖြစ်ဖြစ် တရားဥပဒေစိုးမိုးရေး၊ ဦးထိပ်ထားမယ်။ ဒါပေမဲ့လည်း နားလည်မှုနဲ့ အားလုံး အဆင်ပြေရေးကိုလည်း ဦးတည်ပြီးတော့ လုပ်သွားမှာပါ။”

ကြေးနီစီမံကိန်းဟာ ဘယ်အစိုးရလက်ထက်က လုပ်ဆောင်ခဲ့တဲ့ လုပ်ငန်း ပဲဖြစ်ဖြစ် ပြည်သူပြည်သားတွေ အားလုံးမှာ တာဝန်ရှိတယ်လို့ မှတ်ယူ ရမယ် လို့ ဒေါ် အောင်ဆန်းစုကြည်က ပြောပါတယ်။

“ ကျမရဲ့အမြင်မှာတော့ ကျမတို့နိုင်ငံရဲ့ ကိစ္စကို ကျမတို့နိုင်ငံသူ၊ နိုင်ငံသားတွေ အားလုံးက တာဝန်ယူရမယ်။ ကျမအနေနဲ့ကတော့ ဘယ်အစိုးရက လုပ်ခဲ့လို့ ကျမနဲ့မဆိုင်ဘူးလို့ ကျမ စိတ်ထဲ ဘယ်လိုမှ မထားပါဘူး။ နိုင်ငံနဲ့ဆိုင်တဲ့ကိစ္စဟာ ကျမနဲ့ဆိုင်ပါတယ်။ နိုင်ငံနဲ့ဆိုင်တဲ့ အတွက် နိုင်ငံသူ၊ နိုင်ငံသား အားလုံးဟာ ကိုယ်နဲ့ဆိုင်တယ် ဆိုတဲ့ စိတ်ဓာတ် ထားစေချင်ပါတယ်။”

လက်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဟာ တရုတ်နိုင်ငံ ဝမ်ပေါင်ကုမ္ပဏီနဲ့ စစ်တပ်ပိုင် ဦးပိုင် စီးပွားရေးလုပ်ငန်းတို့ ၂၀၁၀ ခုနှစ်ထဲက သဘောတူ ဆောင်ရွက်နေတဲ့ အမေရိကန်ဒေါ်လာ သန်း ထောင်ချီတန်တဲ့ စီမံကိန်း တစ်ခု ဖြစ်ပါတယ်။

ဒီ စီမံကိန်းကြီးကြောင့် ဒေသခံ ပြည်သ တွေက သဘာဝပတ်ဝန်းကျင်ကို ထိခိုက်တယ်ဆိုပြီးတော့ လက်ပံတောင်းကြီး တစ်ခုလုံးပျက်သုန်းသွားတဲ့ အရေးနဲ့ပတ်သက်ပြီး ဒီစီမံကိန်းရပ်ဆိုင်းပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့တာလည်း ဖြစ်ပါတယ်။

အခု လို ဆန္ဒပြတောင်းဆို နေတဲ့ သပိတ်စခန်း ၆ ခု က သံဃာတော်တွေနဲ့ လူတွေကို နိုဝင် ဘာ လ ၂၉ ရက်နေ့ အစောပိုင်းက ရဲတပ်ဖွဲ့ဝင်တွေက အင်အားသုံး ဖြိုခွင်းခဲ့ တာ လည်း ဖြစ်ပါတယ်။
အခုလို လက်ပံတောင်းတောင်ကိစ္စမှာ အာဏာပိုင်တွေက သံဃာတော်တွေနဲ့ လူထုကို အင်အား သုံးနှိမ်နှင်းခဲ့တာကြောင့် ဖြစ်ပေါ်နေတဲ့ ဒီမိုကရေစီ လမ်းကြောင်းတွေ နောက်ကြောင်းပြန်လှည့် သွား နိုင်လား ဆိုတာနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြောပါသေးတယ်။

“နောက်ကြောင်းပြန်လှည့်နိုင်၊ မလှည့်နိုင်ဆိုတာ ကျမတို့လက်ထဲမှာရှိတယ်လို့ ကျမတို့ ယုံကြည်ပါတယ်။ ဘယ်ပုဂ္ဂိုလ်တွေ လက်ထဲမှာမှ မရှိဘူး။ ဒီနိုင်ငံရဲ့ နိုင်ငံသူ၊ နိုင်ငံသားအားလုံးရဲ့ လက်ထဲမှာပဲ ရှိတယ်။”

လက်ပံတောင်းတောင်က ဖြစ်ခဲ့တဲ့ ကိစ္စတွေမှာ ဘာတွေဖြစ်ခဲ့တယ်၊ ဘယ်သူတွေက ကျူးလွန်ခဲ့ တယ် ဆို တာကို သက်သေမရှိပဲ ပြောနေတာထက် ကော်မရှင်က သေချာစုံစမ်းဖော်ထုတ် သက်သေတွေရပြီးမှ ပြောဆိုတာဟာ ပိုပြီး သင့်တော်လိမ့်မယ်လို့ လည်း ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ပွဲမှာ ပြောသွားပါသေးတယ်။
XS
SM
MD
LG