သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပံတောင်းစီမံချက်စည်းရိုး တောင်သူတွေ ဖျက်ဆီးဆန္ဒပြ


လက်ပံတောင်းတောင် ကြေးနီစီမံကိန်းပဋိပက္ခဧရိယာမှာ မြန်မာ-ဝမ်ပေါင်ကုမ္ပဏီဘက်က ခြံစည်းရိုးနဲ့ ကတုတ်ကျင်းတူးဖော်ကာရံထားတဲ့မြင်ကွင်း
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းပဋိပက္ခဧရိယာမှာ မြန်မာ-ဝမ်ပေါင်ကုမ္ပဏီဘက်က ခြံစည်းရိုးနဲ့ ကတုတ်ကျင်းတူးဖော်ကာရံထားတဲ့မြင်ကွင်း

မြန်မာ-ဝမ်ပေါင်ကုမ္ပဏီကနေ လက်ပံတောင်းတောင် ကြေနီးစီမံကိန်းဒေသမှာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ခြံစည်းရိုးခတ်ခဲ့တာကို ဆန့်ကျင်ပြီး ဒေသခံတွေက အဲဒီ သံဆူးကြိုးတွေကို ဒီကနေ့ ဖယ်ရှားခဲ့တာကြောင့် လက်ပံတောင်းတောင်မှာ တင်းမာမှုတွေ ဆက်ဖြစ်နေပါတယ်။ တချိန်တည်းမှာ လက်ပံတောင်းတောင်စီမံကိန်း ဆန့်ကျင်ဆန္ဒပြမှုတွေ ရန်ကုန်မှာလည်းဖြစ်နေပါတယ်။ စုံစမ်းမေးမြန်းထားတဲ့ ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းက ကြေးနီစီမံကိန်းမှာ ဒေသခံတွေက နစ်နာကြေးယူမထားတဲ့လယ်ယာမြေတွေကို သိမ်းယူပြီး ခြံစည်းရိုးခတ်နေတာကြောင့် အခြေအနေ တင်းမာလာခဲ့ပြီး ပြီးခဲ့တဲ့ရက်ကတော့ အာဏာပိုင်တွေဘက်က သေနတ်နဲ့ပစ်ခတ်မှုအတွင်း လူတစ်ဦးသေဆုံးပြီး နှစ်ဘက်စလုံးမှာ ထိခိုက်ဒဏ်ရာရမှုတွေလည်း ရှိခဲ့တာပါ။

စနေနေ့ကစပြီး လယ်ယာမြေ ပြန်ရရေးအတွက် ခြံစည်းရိုးကာရံထားတဲ့နဘေးမှာ ဆန္ဒပြခဲ့ပြီး တနင်္လာနေ့မှာတော့ ခြံစည်းရိုးတွေဖျက်ပြီး လယ်ယာမြေတွေ ရှိရာကို ပြန်သွားနိုင်ဖို့ ကြိုးစားခဲ့ကြတဲ့အကြောင်း တောင်သူတစ်ဦးက ပြောပါတယ်။

“သူတို့ကတော့ ရဲတွေကို ကာဗာယူပြီးတော့ ဂျောက်တွေရော တူးထားပါတယ်။ ဟုတ်ကဲ့၊ အတွင်းထဲကကျတော့ တိရစ္ဆာန်တွေကူးလို့မရအောင် မြောင်းကြီးတွေ ဂျောက်ကြီးတွေ တူးထားတာပါ။ ဝင်လို့မရအောင် ခြံစည်းရိုးကတထပ်၊ ခြံစည်းရိုးအတွင်းထဲမှာ ဂျောက်ကတထပ်၊ အဲဒီအပေါ်မှာ မြေစာကိုမှ အဲလိုမျိုး--ပုံစံတထပ်တင်ထားတာကတထပ်။ သုံးထပ်ကာထားတာ။ ကျမတို့က အခုလောလောဆယ် ခြံစည်းရိုးကိုပဲ ဖြုတ်လို့ရသေးတာ။ သေနတ်သုံးချက်ဖောက်ပါတယ်။ ရဲတွေရော၊ လုံခြုံရေးတွေရော အင်အားကတော့ အများကြီးပဲ၊ သူတို့က ဒိုင်းကာသေးတယ်။ နောက်ပြီးတော့ သူတို့က မြေစာပုံတွေဘက်ကနေ ကာထားတာဆိုတော့ အဲဒီဘက်မှာလုံခြုံရေးအင်အား ဘယ်လောက်ရှိတယ်ဆိုတာကို ကြည့်လို့မရပါဘူး။ ရွာမှာရှိတဲ့သူတွေအားလုံးက ထွက်လာလိုက်တော့ အင်အားက တော်တော်လေးများတယ်။”

တောင်သူတွေအနေနဲ့ အခုလို မြေယာတွေပြန်လည်ရရှိရေး ကြိုးစားနေတာ သိပ်တော့ လွယ်ကူမှုမရှိကြောင်း သိရပါတယ်။ မြန်မာ-ဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးခတ်ထားရာမှာ သံဆူးကြိုးနောက်မှာလည်း ကတုတ်ကျင်းလိုမျိုး မြောင်းတွေ တူးထားပြီး မြေကြီးတွေကိုလည်း မြောင်းတွေရှေ့မှာ စုံပုံထားပါတယ်။ ဒါကြောင့် ရဲအင်အားနဲ့လက်နက်ကိုင်တွေ ဘယ်လောက်အထိ ရှိနေသလဲ၊ ဘယ်နေရာကနေ သေနတ်နဲ့ပစ်နေသလဲဆိုတာ ခန့်မှန်းဖို့ခက်ကြောင်း ဒေသခံတွေက ပြောပါတယ်။

သူတို့ရဲ့ ဒီကနေ့ ဆန္ဒပြတောင်းဆိုချက်က ကြေးနီစီမံကိန်းဖျက်သိမ်းရေးအပါအဝင် မြေယာတွေ ပြန်ရရေး ဖြစ်တဲ့အကြောင်းကိုလည်း အခုလို ဆက်ပြောပြပါတယ်။

“ဒီနေ့တောင်းဆိုချက်က - လက်ပံတောင်းတောင်း ကြေးနီ စီမံကိန်းလုံးဝဖျက်သိမ်းရေး၊ လျော်ကြေးမယူသောလယ်ယာမြေများပေါ်မှာ ခြံစည်းရိုးများ ဖယ်ရှားပေးရေး၊ ဒေသခံများကို ဥပဒေမဲ့သတ်ဖြတ်နေတဲ့ ဦးပိုင်-ဝမ်ပေါင် ကုမ္ပဏီ ငါတို့နေရာက ထွက်သွားဖို့အရေး။ ဒေသခံများကို ဥပဒေမဲ့ အကြမ်းဖက် သတ်ဖြတ်နေသော တာဝန်ရှိသူများကို ဖော်ထုတ်အရေးယူပေးဖို့အရေး၊ လူသတ်တရားခံ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်သာအေး နုတ်ထွက်ပေးဖို့အရေး။ ပြည်ထောင်စုမြန်မာနိုင်ငံတော် အချုပ်အခြာအာဏာကို လေးစားလိုက်နာဖို့အရေး…”

ဝမ်ပေါင်ကုမ္ပဏီခြံစည်းရိုးခတ်ထားတဲ့နေရာမှာ တောင်သူတွေ စိုက်ပျိုးထားတဲ့သီးနှံတွေရှိနေတာကြောင့် ခြံစည်းရိုးတွေကို ဖယ်ရှားနေရတာဖြစ်တယ်လို့ လက်ပံတောင်းတောင်က ဆရာတော် ဦးအာလောက-က မိန့်ပါတယ်။

“ဒီဒေသမှာ မတရားခြံစည်းရိုးအခတ်ခံရတဲ့ လူထုက - အဲဒီအတွက်မို့လို့ ဒီ ဒေသခံတောင်သူတွေကနေပြီး ပဲစင်းငုံတွေ၊ ပြောင်းတွေ ရိတ်ဖို့ရာအတွက် ခြံစည်းရိုးတွေဖျက်ပြီးတော့ လုပ်ကြတယ်ပေါ့နော်၊ အဲဒီအတွက်မို့လို့ အခု သေနတ်တွေဖောက်ပြီးတော့ သူတို့ကနေပြီးတော့ ပစ်ခတ်တဲ့အဆင့်အထိ ပြန်ပြီးတော့ ဖြစ်လာခဲ့တာ။”

ဆက်ပြီး အခြေအနေတင်းမာနေတဲ့ လက်ပံတောင်းအခြေအနေနဲ့ပတ်သက်လို့ ယင်းမာပင်ခရိုင် ရဲစခန်းကိုဆက်သွယ်မေးမြန်းတဲ့အခါမှာ အဲဒီသတင်း ရောက်မလာသေးဘူးလို့ ပြောပါတယ်။

“ယင်းမာပင်ခရိုင်၊ ခရိုင်တော့ ဟုတ်တယ်ခင်ဗျ။ မြို့နယ်ကျတော့ ဆားလင်းကြီးမြို့နယ်ဘက်ရောက်သွားတယ်။ အဲဒီသတင်းက ကျနော်တို့ အပိုင်နယ်လည်း မဟုတ်တော့ ဒီမှာတော့ ချက်ခြင်းရောက်မလာဘူးခင်ဗျ။”

ရန်ကုန်မြို့မှာောတ့ အင်အား ရာနဲ့ချီတဲ့ တက်ကြွလှုပ်ရှားသူတွေက မြို့တော်ခန်းမရှေ့မှာစုရုံးပြီး ကြေးနီးစီမံကိန်းဖျက်သိမ်းပေးဖို့နဲ့ လူထုကို အကြမ်းဖက်နေတာတွေရပ်ဖို့ ဆန္ဒပြတောင်းဆိုနေသလို မကြာခင်မှာပဲ တရုတ်သံရုံးဘက်ကို ချီတက်ဆန္ဒပြမယ်လို့ တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။

ဒီနေ့ဆန္ဒပြတဲ့အကြောင်းရင်းကတော့ ကျနော်တို့ ပြည်သူပေါ့ဗျာ။ ပြည်သူအသတ်ခံရလို့ ပြည်သူတွေကနေပြီးတော့ ဝမ်းနည်းတဲ့အထိမ်းအမှတ်နဲ့ လုပ်ကြတယ်လို့ ပြောရမှာပေါ့နော်။ အင်အားကတော့ ၈၀၀ လောက်တော့ ရှိမယ်ထင်တယ်ခင်ဗျ။ လူသတ်စီမံကိန်း ချက်ခြင်းရပ် - ၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းရေးဆိုပြီးတော့လည်း Slogan တွေတင်ထားပါတယ်ခင်ဗျ။”

သုံးနှစ်ဝန်းကျင် ကြာလာတဲ့အထိ မကြာခနဆိုသလို တင်းမာမှုတွေဖြစ်နေတဲ့ လက်ပံတောင်းအရေးနဲ့ပတ်သက်လို့ အစိုးရက တိတိကျကျ တာဝန်ယူ ဖြေရှင်းမပေးတဲ့အပေါ်မှာ ပြီးခဲ့တဲ့ရက်ကပဲ အရပ်ဖက်အဖွဲ့အစည်း (၄၀၀) ကျော်ပါဝင်တဲ့ မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှု တာဝန်ခံမှု မဟာမိတ်အဖွဲ့ က ဝေဖန်ထားပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကိုတော့ တရုတ်နိုင်ငံက သတ္တုတူးဖော်ရေးလုပ်ငန်းကုမ္ပဏီဖြစ်တဲ့ ဝမ်ပေါင်ကုမ္ပဏီ၊ မြန်မာစစ်တပ်ပိုင် မြန်မာ့ စီးပွားရေး ဦးပိုင်လိမိတက်နဲ့ မြန်မာအစိုးရတို့က အကျိုးတူပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်နေတာဖြစ်ပါတယ်။ အခုလို လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပဋိပက္ခတွေကို အကြမ်းဖက် ဖြေရှင်းခဲ့မှုအပေါ်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း စိုးရိမ်တဲ့အကြောင်းနဲ့ အမေရိကန်နိုင်ငံ ကတော့ သေဆုံးမှုအထိ ဖြစ်ရတဲ့ လက်ပံတောင်းပစ်ခတ်မှုနဲ့ပတ်သက်လို့ အမြန်ဆုံး စုံစမ်းဖော်ထုတ်ပေးဖို့ ပြောထားပါတယ်။ ဒါ့အပြင် နိုင်ငံတကာမှာ ရှိတဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေကလည်း ဝေဖန်နေကြတာပါ။

မြန်မာအစိုးရကတော့ ကြေးနီစီမံကိန်းအတွက် ခြံစည်းရိုးခတ်တာကို နှောင့်ယှက်တားဆီးမှုတွေကြောင့် အဓိကရုဏ်းနှိမ်နင်းရေးလက်နက်ဖြစ်တဲ့ ၁၂ ဗို့နဲ့ ပစ်ခတ်နှိမ်နင်းခဲ့ရကြောင်း နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။ မြန်မာပြည်တဝှမ်းမှာ လက်ပံတောင်းအရေးနဲ့ပတ်သက်လို့ မန္တလေး၊ မြင်းခြံ၊ ရန်ကုန်၊ ပြည် စတဲ့နေရာတွေမှာ ဆန္ဒပြခဲ့ကြသလို ဂျပန်၊ ကိုရီးယား စတဲ့နိုင်ငံတကာမှာလည်း ပြည်ပရောက်တက်ကြွလှုပ်ရှားသူတွေက ဆန္ဒပြ ကန့်ကွက်နေကြပါတယ်။

XS
SM
MD
LG