သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လပွတ္တာမီး အိမ်ခြေ ၂၀၀ ကျော်ဆုံးရှုံး


ဧရာဝတီတိုင်ဒေသကြီး၊ လပွတ္တာ မြို့နယ်က ကန့်ဘဲ့ရွာမှာ ဒီကနေ့ မနက်အစောပိုင်းက စတင်တဲ့ မီးလောင်မှုကြောင့် ရွာရဲ့ အချက်အချာကျတဲ့ ဈေးဆိုင်တန်းတွေအပါအဝင် အိမ်ခြေ ၂၀၀ ကျော်မီးလောင်ကျွမ်းခဲ့ပါတယ်။ မီးစတင်လောင်ကျွမ်းတာကိုတော့ စုံစမ်းစစ်ဆေးနေဆဲရှိပြီး လောလောဆယ်မှာ မီးဘေးသင့်သူတွေကို ဘုန်းကြီးက ဇရပ်မှာ နေရာချထားပေးထားပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

လပွတ္တာမြို့နယ်၊ ကန့်ဘဲ့ရွာမှာ ဖြစ်ပွားတဲ့မီးလောင်မှုဟာ ဒီဇင်ဘာလ (၃၀) ရက်နေ့ မနက်အစောပိုင်း (၂) နာရီအချိန်လောက်က စတင်ပြီး (၆) နာရီလောက်အထိ လောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။ မီးလောင်မှုအခြေအနေကို ကန်ဘဲ့ရွာသားတဦးက အခုလို ပြောပြပါတယ်။

“အိမ်ခြေ ၂၃၆ လုံးအတိအကျရှိတယ်။ ဒါပေမယ့် လူဦးရေကတော့ မှန်းလို့မရဘူး။ အဓိက လောင်သွားတာကတော့ ဈေးဆိုင်တန်းတွေပဲ။ ဈေးဆိုင်တန်းဆိုတာ တကယ် အချက်အခြာကျတဲ့ နေရာပေါ့။ အကုန်လုံးဘာမှ မကျန်ဘူး။ အဲဒီကမ်းနားတန်းတလျှောက်လုံးက အကုန်လုံး ဘာမှ မကျန်ဘူး။ ကမ်းနားတန်းတလျှောက်လုံးက အကုန်လုံး ဈေးဆိုင်ချည့်ပဲလေ။”

မီးလောင်မှုကြောင့် ထိခိုက်သေဆုံးတာမရှိဘူးလို့လည်း ပြောပါတယ်။

ကန့်ဘဲကျေးရွာက မီးဘေးသင့်သူတွေကိုတော့ လပွတ္တာမြို့က လူမှုအသင်းအဖွဲ့တွေနဲ့ ဌာနဆိုင်ရာတွေက လာရောက်ကူညီပေးနေတယ်လို့ ကန်ဘဲ့ရွာသားက ဆက်ပြောပါတယ်။

“အခုထိတော့ အကူအညီပေးနေကြတုန်းပဲ၊ လာနေကြတုန်း။ အရပ်ဘက်လူမှုအဖွဲ့အစည်းက များတာပေါ့နော်။ အာဏာပိုင်တွေဘက်ကတော့ တိုင်းဝန်ကြီး၊ ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းကိုကိုလာတယ်။ ရဲတို့၊ မီးသတ်တို့ သူတို့လည်း လာတာပေါ့နော်။”

ကန့်ဘဲ့ရွာကိုရောက်ရှိနေတဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင်တဦးကတော့ ခန့်မှန်းခြေ ကျပ်သိန်း (၂) သောင်းလောက်အထိ ဆုံးရှုံးနိုင်တယ်လို့ ပြောပါတယ်။

“လောင်တာကတော့ ရွာရဲ့ သုံးပုံတပုံနီးပါးလောက်ရှိတယ်။ ဒီနေရာမှာပဲ လုပ်ငန်းရှင်တွေရှိတယ်။ ဒီနေရာကပဲ ဆိုင်တွေ စည်စည်ကားကားနဲ့ ကန်ဘဲ့ရွာရဲ့အနေအထားက အဲဒီနေရာမှာပဲ အရောင်းအဝယ်စည်ကားတဲ့နေရာ၊ အဲဒီတခုလုံး လောင်သွားတယ်။ ကျနော်တို့တွေ ခန့်မှန်းကြည့်ရတာ အကြမ်းဖျင်းတော့ အနိမ့်ဆုံး ကျပ်သိန်း ၂ သောင်း၊ ၃ သောင်းလောက်တော့ ရှိမယ်။”

လောလောဆယ်မှာ မီးဘေးသင့်သူတွေဟာ နီးစပ်ရာ ဆွေမျိုးသားချင်းအိမ်တွေနဲ့ မဟာအောင်မြေဇံဘုန်းကြီးကျောင်းက ဇရပ်တွေမှာ နေရာချထားထားပါတယ်။

လပွတ္တာမြို့နယ်မီးသတ်ဌာနကို ဆက်သွယ်မေးမြန်းရာမှာတော့ မီးလောင်ပျက်စီးသွားတဲ့ နေအိမ်ပေါင်း (၂၁၃) လုံးရှိပြီး ဆုံးရှုံးမှုပမာဏ ကျပ်ငွေ သိန်းပေါင်း (၅၉၀) လောက်ရှိကြောင်း ခန့်မှန်းပါတယ်။ လက်ရှိအခြေအနေမှာတော့ ဘာကြောင့် မီးလောင်မှု စတင်ဖြစ်ပွားသလဲဆိုတာကိုတော့ စတင်စုံစမ်းနေဆဲဖြစ်တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက ၂၀၁၃ ခုနှစ် ဇန်နဝါရီလကနေ နိုဝင်ဘာလအထိ (၁၁) လအတွင်းမှာ မီးလောင်မှုအကြိမ်ပေါင်း (၁,၅၀၀) ကျော်ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုပမာဏ ကျပ်သန်းပေါင်း (၃,၈၀၀) ကျော် ဆုံးရှုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒီလ (၁၀) ရက်နေ့က ရန်ကုန်မြို့ ဂန္ဓမာ လက်ကားကုန်တိုက်မီးလောင်ကျွမ်းမှုမှာတော့ လူ (၇) ယောက် သေဆုံးခဲ့ပါတယ်။
XS
SM
MD
LG