သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လားရှိုးမြို့ ဆူပူမှု အာဏာပိုင်တွေ ဖမ်းဆီးအရေးယူ


လားရှိုးမြို့မှ ဆူပူမှုမြင်ကွင်း (၂၉ မေ ၂၀၁၃)
လားရှိုးမြို့မှ ဆူပူမှုမြင်ကွင်း (၂၉ မေ ၂၀၁၃)
မေလ ၂၈ ရက်နေ့ အင်္ဂါနေ့က ရှမ်းပြည်နယ် လားရှိုးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ဆူပူမှုတွေကြောင့် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ရသလို ဒီကနေ့မှာလည်း လုံခြုံရေးတွေ တိုးမြှင့်ချထားတယ်လို့ ဒေသခံ အာဏာပိုင်တွေက ပြောပါတယ်။ ဆူပူမှု စတင်ဖြစ်ပွားခဲ့ရတဲ့ အကြောင်းရင်းဖြစ်တဲ့ အမျိုးသမီးတစ်ဦးကို မီးရှို့ခဲ့တဲ့ တရားခံကိုလည်း ဖမ်းဆီးထားသလို၊ ဗလီနဲ့ စာသင်ကျောင်းတွေကို မီးရှို့ခဲ့တဲ့ တရားခံတွေကိုလည်း ထိန်းသိမ်းထားပြီးတော့ အမှုဖွင့်ထားတယ်လို့ လားရှို့မြို့က ရဲမှူးတစ်ဦး က ပြောပါတယ်။ သတင်းအပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ကိုအောင်ရဲမောင်မောင် က တင်ပြထားပါတယ်။

မနေ့က ရှမ်းပြည်နယ် လားရှိုးမြို့ နယ်မြေ ၇၊ အမှတ် ၈ ရပ်ကွက် သန္ဒီလမ်းပေါ်မှာ မူဆလင်ဘာသာဝင် တစ်ဦးက ရှမ်းအမျိုးသမီး တစ်ဦးကို ဓာတ်ဆီလောင်းပြီး မီးရှို့တဲ့ ဖြစ်စဉ်ကို မကျေနပ်တာကနေ အစပြုပြီး ညနေပိုင်းတပိုင်းလုံး ဆူပူမှုတွေ ဖြစ်ပွားခဲ့တာပါ။

ဒီလို ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့အတွက် သက်ဆိုင်ရာ နယ်မြေက ရဲတပ်ဖွဲ့ဝင်တွေဟာ ဒီကနေ့မှာလည်း စစ်တပ်နဲ့အတူ ပူးပေါင်းပြီးတော့ အကြမ်းဖက်မှုတွေ ထပ်မဖြစ်အောင် လုံခြုံရေးတွေ တိုးမြှင့်ထားရတယ်လို့လည်း လားရှိုးမြို့ပေါ်မှာ အဓိက လုံခြုံရေးတာဝန် ယူပေးနေရတဲ့ ရဲမှူး မိုးဇော်လင်း က ပြောပါတယ်။

“လားရှိုးမြို့ပေါ် ကျနော်တို့ မနေ့က ဖြစ်ခဲ့တဲ့ ၃ ရပ်ကွက်၊ ၄ ရပ်ကွက် နောက်တခါ ၇ ရပ်ကွက်၊ ၉၊ ၁၂ အဲ့ဒီရပ်ကွက်တွေမှာ ကျနော်တို့က လုံခြုံရေး လိုက်ပြီး ချထားတာပေါ့နော်။ လုံခြုံရေးတွေ ချထားတယ်။ နောက်ပြီးတော့ ကျန်တဲ့နေရာတွေကိုလည်း ကျနော်တို့ကို တပ်ကလည်း ကူပေးပါတယ်။ မနေ့ကလောက်တော့ ဆိုးဆိုးရွားရွားတော့ မရှိပါဘူး အခုအချိန်ထိတော့။ ကျနော်တို့ ထိန်းသိမ်းနိုင်လိုက်ပါတယ်။”

လားရှိုးမြို့ခံ အမျိုးသမီးတစ်ဦးကို ဓာတ်ဆီလောင်း မီးရှို့တဲ့ တရားခံကို ဒေသခံတွေက ထုတ်ပေးဖို့ တောင်းဆိုရင်းကနေ မူဆလင်တွေရဲ့ ဗလီနဲ့ စာသင်ကျောင်းတွေကိုပါ မီးရှို့ခဲ့တာကြောင့် မနေ့က ညနေပိုင်းမှာပဲ အရေးပေါ် အခြေအနေ ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီး လုံခြုံရေးကို အဓိက တိုးမြှင့်ခဲ့ရတယ်လို့လည်း ရဲမှူး မိုးဇော်လင်း က ပြောပါတယ်။

ဆူပူမှုတွေ ဖြစ်ပွားအောင် လုပ်ခဲ့တဲ့ တရားခံ ကိုနေဝင်းကိုလည်း သူ ကျူးလွန်ထားတဲ့ ပုဒ်မတွေအလိုက် အမှုဖွင့် ဖမ်းထားပြီးတော့ ဗလီတစ်လုံးနဲ့ ဘာသာရေး စာသင်ကျောင်းကို မီးရှို့ဖျက်စီးတဲ့ တရားခံတွေကိုလည်း အမှုဖွင့် ဖမ်းဆီးပြီး ကျူးလွန်သူတွေကို ဆက်လက် ဖမ်းဆီးမိအောင်လည်း ဆောင်ရွက်နေတယ်လို့ ရဲမှူး မိုးဇော်လင်း က ပြောပါတယ်။

“ဒီကိစ္စကို စစဦးဆုံး ဖြစ်စေတဲ့ မူဆလင်ပေါ့နော် ကောင်မလေးကို မီးရှို့တဲ့ကောင်ကိုတော့ ကျနော်တို့က အမှုဖွင့်ထားတယ်။ မီးရှို့တာနဲ့ပတ်သက်တဲ့ ပုဒ်မ တတ်ထားတာ တစ်ခု ရှိပါတယ်။ သူဟာ မူးယစ်ဆေးဝါးနဲ့ စိတ်ကြွဆေးပြား နှစ်ပြား သူ့မှာ တွေ့ရှိပြီးတော့ သူက ဆေးသုံးစွဲတဲ့ လက္ခဏာတွေ တွေ့ရတဲ့အတွက်ကြောင့် သူ့ကို ကျနော်တို့က မူးယစ်မှုနဲ့လည်း ဖွင့်ထားတယ်ပေါ့နော်။ အဲ့ဒါ တစ်ခုပါ။ နောက် မနေ့က ကျနော်တို့ ဒီဘက်ကနေပြီးတော့ မြန်မာလူငယ်လေးတွေ အုပ်စုထဲကနေပြီးတော့ ဗလီတစ်ခုကို ဖျက်တယ်။ အစ္စလာမ် မိဘမဲ့ ဂေဟာတစ်ခုကို ဖျက်တယ်။ မီးရှို့တယ်။ အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့လည်း ကျနော်တို့က နှစ်မှု။ နောက်တခါ အရပ်ဈေးထဲက မော်လဝီစာသင်ကျောင်းကြီးကို ဖျက်တဲ့လူကိုလည်း တစ်မှု။ စုစုပေါင်းတော့ ၃ မှု ဖွင့်ထားတာ ရှိပါတယ်။”

ဒီကနေ့ မနက်ပိုင်းမှာတော့ ဆူပူအကြမ်းဖက်မှုတွေ မရှိဘဲ တည်တည်ငြိမ်ငြိမ် ရှိခဲ့ပေမဲ့ နေ့ခင်းပိုင်းကနေ ညနေပိုင်းလောက်အထိ လူငယ်အချို့က ဆူပူအောင် လှုံ့ဆော်အော်ဟစ်တဲ့ လုပ်ရပ်တွေ ရှိခဲ့တယ်လို့လည်း လားရှိုးမြို့မှာ နေထိုင်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်တဲ့ ဦးစိုင်းစံမင်း က ပြောပါတယ်။

“ဒီနေ့ အနေအထားကတော့ မနက်ပိုင်းကတော့ သိပ်မဆိုးဘူးဗျ။ ညနေခင်းကတော့ နည်းနည်းလေး လမ်းပေါ်မှာ ထွက်ပြီးတော့ လူတွေ နည်းနည်းများလာတယ်။ နည်းနည်း ဒုစရိုက်ဆန်ဆန် အဲ့လိုမျိုး ထွက်လာတာ များတယ်။ ဒါပေမဲ့ အစ္စလာမ်ဘာသာတော့ မရှိပါဘူး။ လမ်းပေါ် လျှောက်အော်တာပေါ့ဗျာ။ ကမ္ဘာမကြေ ဘာမကြေ ဒုတ်တွေ၊ ဓားတွေ အဲ့လိုမျိုး ဖြစ်လာတယ် ညနေခင်းလေးပေါ့။”

ဒီကနေ့မနက် အစောပိုင်းမှာလည်း သာဘာပေါင်းစုံ ပူးပေါင်းပြီးတော့ ရှမ်းပြည်နယ် သာသနာ့ဗိမာန်မှာ အစည်းအဝေး တစ်ရပ် ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီ အစည်းအဝေးမှာ သာသနာရေး ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့် ကိုယ်တိုင် တက်ရောက်ခဲ့ပြီးတော့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်တွေလည်း တက်ရောက်ခဲ့တယ်လို့ ဦးစိုင်းစံမင်း က ပြောပါတယ်။

လာရှိုးမြို့မှာ နေထိုင်တဲ့ မူဆလင် လူနည်းစုတွေရဲ့ နေထိုင်ရေးဟာ လက်ရှိအချိန်မှာ စိုးရိမ်စရာ အနေအထားမှာ ရှိနေပြီးတော့ အချို့ဆိုရင် သူတို့နေထိုင်တဲ့ နေအိမ်တွေကိုတောင် စွန့်ခွာ ထွက်ပြေးနေရတယ်လို့ လာရှိုးမြို့ နေထိုင်သူ မူဆလင်လူမျိုး ဆရာဝန်တစ်ဦးက ပြောပါတယ်။

“ရဲတွေ စစ်တပ်တွေ ရှိတယ်။ သေနတ်တစ်ချက် မဖောက်ဘူး။ ဒီလူတွေ သေနတ်တစ်ချက် ဖောက်ရင် အကုန် ပြေးလွှားနိုင်တဲ့လူတွေ။ သူတို့ရှေ့မှာ ကျနော်တို့ မီးရှို့ခံနေရတာ။ ဒီမှာ တော်တော် ငြိမ်းငြိမ်းချမ်းချမ်း နေကြတာပါ။ ဒေသခံတွေနဲ့ ပြဿနာ တစုံတရာ မရှိပါဘူး။ အားလုံးက ချစ်ချစ်ခင်ခင်နဲ့ ဘာသာရေး၊ လူမျိုးရေး အတူတူ ပူးပေါင်းဆောင်ရွက်နေကြတာပဲ။ အင်မတန်မှ တစ်ယောက်နဲ့တစ်ယောက် ချစ်ကြပါတယ်။ အခုဖြစ်တဲ့ ပြဿနာသည် ဒီဒေသခံ မဟုတ်ဘူးလို့ ယူဆတယ်။ ကားတွေနဲ့၊ ဒုတ်တွေ၊ ဓားတွေနဲ့ စီတန်းပြီးတော့မှ စစ်တပ်ချီတက်သလိုမျိုး ချီတက်ပြီးတော့ ရောက်လာပါတယ်။ မြို့ပေါ်မှာ ဒုတ်တွေ၊ ဓားတွေနဲ့ သွားနေတဲ့ ကားတွေကိုတော့ ဖမ်းဆီးပါတယ်။ ဒါအမှန်အတိုင်းပါ။ ဒါပေမဲ့ ဟိုဘက်မှာ ဖျက်စီးနေတဲ့ နေရာမှာ တားဆီးတဲ့သူ မရှိပါဘူး။ ဟိုင်းလတ်ကားတွေပါတယ်။ မျက်နှာမှာလည်း နဖူးစည်းတွေ ပါတယ်။ အဲ့လိုမျိုးတွေ လုပ်နေတယ်။”

အခု လားရှိုးမြို့မှာ ဖြစ်ခဲ့တဲ့ ဘာသာရေး အသွင်ဆောင်တဲ့ ပဋိပက္ခဟာ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်းနဲ့ မိတ္ထီလာမြို့တွေအပြီးမှာ ထပ်ပြီး ဖြစ်ပွားလာတဲ့တာပါ။ သမ္မတဦးသိန်းစိန်ကတော့ ဘာသာရေးနဲ့ ဆူပူအောင် ပြုလုပ်တဲ့သူတွေကို ထိထိရောက်ရောက် အရေးယူတာတွေ ဆောင်ရွက်မယ်လို့ ပြောခဲ့သလို အရင် ဆူပူမှုတွေမှာ ပါဝင်ကျူးလွန်သူတွေကိုလည်း အပြစ်ပေး အရေးယူမှုတွေ ပြုလုပ်နေပါတယ်။
XS
SM
MD
LG