သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါတီမှတ်ပုံတင် နောက်ဆုံးရက် ပါတီပေါင်း ၈၀ ကျော်ရှိ


 ရွေးကောက်ပွဲ ကော်မရှင်မှ တာဝန်ရှိသူများ မဲရေတွက်နေစဉ်။ နိုဝင်ဘာ ၇၊ ၂၀၁၀။
ရွေးကောက်ပွဲ ကော်မရှင်မှ တာဝန်ရှိသူများ မဲရေတွက်နေစဉ်။ နိုဝင်ဘာ ၇၊ ၂၀၁၀။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့် နောက်ဆုံးရက် အထိ တရားဝင် နိုင်ငံရေး ပါတီပေါင်း ၇၀ ကျော် ရှိပြီး စိစစ်ဆဲ ၁၀ ပါတီကျော် ရှိနေတာကြောင့် လာမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖွယ် ရှိတဲ့ နိုင်ငံရေး ပါတီပေါင်း ၈၀ ကျော် ရှိသွားပြီ ဖြစ်ပါတယ်။ လက်ရှိမှာတော့ မဲစာရင်းကို အဓိကထား ပြုစုနေတဲ့ ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ဘဏ္ဍာရေး ဆိုင်ရာ အခက်အခဲတွေလည်း ရှိနေတယ်လို့ ရွေးကောက်ပွဲ ကော်မရှင် ပြောခွင့်ရ က ပြောပါတယ်။ ဒီနှစ်ထဲ ကျင်းပမယ်လို့ ပြောဆိုထားတဲ့ ရွေးကောက်ပွဲမှာ အများလက်ခံနိုင်တဲ့ အနေအထားဖြစ်စေဖို့ ရွေးကောက်ပွဲ ကော်မရှင်က ဘာတွေ ပြင်ဆင်နေလဲ ဆိုတာကိုတော့ မသိင်္ဂ ီထိုက်က စုစည်းတင်ပြထားပါတယ်။

နိုင်ငံရေး ပါတီသစ်များ မှတ်ပုံတင်ခြင်းကိုတော့ ဧပြီလ ၃၀ ရက်နေ့ ကြာသပတေးနေ့က နောက်ဆုံးရက် ဖြစ်ပါတယ်။ ဧပြီလ ၃၀ ရက်နေ့ နောက်ဆုံးရက် အထိ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မယ့် တရားဝင် မှတ်ပုံတင်ကျပြီး နိုင်ငံရေး ပါတီပေါင်း ၇၃ ပါတီ ရှိနေပြီး နောက်ထပ်လည်း တဒါဇင်လောက် ရှိနေသေးတယ်လို့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ပြောခွင့်ရ ဦးဝင်းကိုက ပြောပါတယ်။

"ပါတီသစ်လျောက်ထားမှုကိုတော့ ကျနော်တို့ ကြေညာချက် ထုတ်ထားပါတယ်။ ဒီနေ့ပေါ့နော်။ ဧပြီလ ၃၀ရက်နေ့ နောက်ဆုံးလျှောက်ပါ။ ဒါမှမဟုတ်ရင် ရွေးကောက်ပွဲ ကို မှီမှာမဟုတ်တော့ဘူးဆိုပြီးတော့ ဒါတော့ ကြေညာချက် ထုတ် ထားပါတယ်။ တရားဝင်။ အဲ့တော့ လျှောက် ထားဆဲပေါ့လေ။ ဒီရက်မတိုင်ခင် လျှောက်ထားတဲ့ အဖွဲ့တွေကတော့ ဥပဒေနဲ့အညီ စိစစ်ပြီးတော့ မှတ်ပုံတင်ခွင့်ပြုသွားဖို့ရှိပါတယ်။

ကျနော်တို့ တရားဝင် မှတ်ပုံတင်ပြီးတဲ့ ပါတီကတော့ ၇၃ ရှိသွား ပါပြီ။ နောက်ထပ် လျှောက် ထားဆဲကတော့ ကျနော် အရေအတွက် မမှတ်မိဘူး ခင်ဗျ။ ၁၀ ခုလောက်တော့ ရှိမယ်ထင်တယ်။"

နိုင်ငံရေး ပါတီတွေ မှတ်ပုံတင်အပြီးမှာတော့ ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ မှတ်ပုံတင်ကြဖို့ ရှိပါတယ်။ လွှတ်တော် ကိုယ်စားလှယ်တွေ မှတ်ပုံတင်အပြီးမှာ မဲဆွယ်စည်းရုံးရေး ကာလ ရောက်ရှိမှာ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ နိုင်ငံရေး ပါတီတွေ မဲဆွယ်စည်းရုံးမှုကို ရက်ပေါင်း ၆၀ တိုးပေးမယ် လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က ကတိပေးထားပေမယ့် တရားဝင်တော့ ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။

ရွေးကောက်ပွဲတွေကိုတော့ ဒီနှစ် အောက်တိုဘာ လကုန်နဲ့ နိုဝင်ဘာ လဆန်းထဲမှာ ကျင်းပမယ်လို့ ကြေညာထားပြီး အခုတော့ တနိုင်ငံလုံး မဲဆန္ဒရှင် စာရင်းတွေ ကို ရွေးကောက်ပွဲ ကော်မရှင်က သီးသန့် ပြုစုနေပါတယ်။ ပြီးခဲ့တဲ့ နှစ်ထဲ တနိုင်ငံလုံး အတိုင်းအတာနဲ့ ကောက်ခံထားတဲ့ သန်းခေါင်စာရင်းအပေါ်မှာ အခြေမခံပဲ ပြည်နယ်နဲ့ တိုင်းအသီးသီးတို့မှာ ရပ်ကွက်အလိုက် မဲစာရင်းတွေကို ပြုစုနေတာ ဖြစ်ပါတယ်။

မဲဆန္ဒရှင် အသိပညာပေးရေး လုပ်ငန်းကိုလည်း မေလ အတွင်းမှာ စတော့မှာ ဖြစ်ပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေနဲ့ ကြုံတွေ့နေရတဲ့ စိန်ခေါ်အကဲစမ်းမှုတွေနဲ့ ပတ်သက်ပြီးလည်း သူ့အမြင်ကို ဦးဝင်းကိုက ပြောပါတယ်။

"ရွေးကောက်ပွဲ အတွေ့အကြုံနည်းသလို ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ဥပဒေ နည်းဥပဒေ လုပ်ထုံးလုပ်နည်းတွေ လေ့လာစရာ စာအုပ် စာစောင်တွေလည်း အားနည်းပါတယ်။ အဲ့တော့ ပြောမယ်ဆိုရင် ကျနော်တို့ UEC ( Union Election Commission) အပါအဝင်ပေါ့လေ နိုင်ငံရေးပါတီများရော တခြား အရပ်ဖက် အဖွဲ့အစည်းတွေရော မဲဆန္ဒရှင်တွေရောဟာ ရွေးကောက်ပွဲ လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီးတော့ ဥပဒေကြောင်းအရပြဋ္ဌာန်းထားတာတွေကို တိတိကျကျ သိရှိမှု အားနည်းပါတယ်။

အဲ့တာကြောင့်မို့လို့ Voters Education ပေါ့။ အဓိက အားဖြင့် ကျနော်တို့ မဲစာရင်းပြုစုခြင်းရော၊ မဲဆန္ဒရှင် အသိပညာပေးခြင်းရော အဲ့ဒီ့ကိစ္စတွေမှာ ကျနော်တို့ အာရုံစိုက်ပြီးတော့ ဆောင်ရွက်နေရတဲ့အနေအထားရှိပါတယ်။ အဲ့ဒီ့လိုဆောင်ရွက်တဲ့ အခါမှာ အထူးသဖြင့်တော့ ကျနော်တို့နိုင်ငံ ကျနော်တို့ဆီမှာ ရရှိတဲ့ နိုင်ငံတော်က ခွဲဝေပေးနိုင်တဲ့ ဘက်ဂျက်အရ အများကြီး အားနည်းပါတယ်။ ဒါဟာ ခေတ်မှီတဲ့ နိုင်ငံတွေကို မှီအောင် ကျနော်တို့ အများကြီး ကြိုးစားရမှာဖြစ်ပါတယ်။ ဒါကတော့ ကျနော်တို့ရဲ့ အဓိက စိန်ခေါ်မှုပါပဲ။

နောက် လက်စွဲစာစောင်တွေကတော့ သိမှတ်ဖွယ်ရာ အဖြာဖြာ တွေလည်း ကျနော်တို့ ပြုစုထားပြီးပါပြီ သို့သော်လည်းပဲ ပုံနှိပ်ပြီးတော့ ဖြန့်ဝေဖို့ အထိက ကျနော်တို့မှာ ဘက်ဂျက်အကန့်အသတ်ရှိပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ တချို့ အကူအညီတွေ ရဖို့လည်းပဲ သူတို့က ကတိပြုတာရှိပေမဲ့ အခုအချိန်အထိတော့ ဝင်မလာသေးပါဘူး။ "

မြန်မာ့ ရွေးကောက်ပွဲ ကျင်းပရေး လုပ်ငန်းစဉ်မှာ နိုင်ငံတကာဘက်က ဘယ်လောက် ထဲထဲဝင်ဝင် ဆောင်ရွက်နေသလဲ ဆိုတာကိုလည်း ဦးဝင်းကိုက အခုလို ပြောပါတယ်။

"ယေဘူယျခြုံပြီးပြောရရင်တော့ ကျနော်တို့ အဓိကအားဖြင့် ကျနော်တို့ရဲ့ Capacity Building အပိုင်းပေါ့လေ။ နိုင်ငံတကာ ရွေးကောက်ပွဲ အသိပညာ တိုးပွားရေး အတွက်ကို ကျျနော်တို့ UEC Staffs တွေရော နိုင်ငံရေးပါတီများရော နောက် CFO အဖွဲ့အစည်းများရော အဲ့ဒီ့အဖွဲ့အစည်းတွေကို ရွေးကောက်ပွဲ ကျနော်တို့နိုင်ငံ အတွေ့အကြုံနည်းတဲ့အတွက် နိုင်ငံတကာ စံနှုန်းတွေကို သူတို့လေ့လာနိုင်အောင် ပြီးတော့ Workshop တွေ နိုင်ငံတကာ လေ့လာရေး Mission တွေမှာ ထည့်ပြီးတော့ စေလွှတ်ဆောင်ရွက်နေပါတယ်။

မဲဆန္ဒရှင်စာရင်း ပြုစုခြင်း ကိစ္စတို့ နောက်တခါ ကျနော်တို့ရဲ့ မဟာဗျူဟာ စီမံကိန်းပေါ့လေ Strategic planning ရေးဆွဲရေးကိစ္စတို့မှာ နည်းပညာဆိုင်ရာရော တချို့ Workshopရဲ့ Workshop ရဲ့ Funding ကုန်ကျတဲ့စားရိတ်စကတွေရော ကျခံပြီးတော့ သူတို့ ဆောင်ရွက်ပေးနေပါတယ်။"

ရွေးကောက်ပွဲ ကာလအတွင်း နိုင်ငံတကာ စောင့်ကြည့်ရေး အဖြစ် နဲ့တော့ရွေးကောက်ပွဲ ကျင်းပချိန် မှာ စောင့်ကြည့်လေ့လာရေး အတွက် ကာလတို အတွက် ဥရောပ သမဂ္ဂနဲ့ အမေရိကန် အခြေစိုက် ကာတာ ဖောင်ဒေးရှင်းတို့နဲ့ သဘောတူညီမှု ရထားပြီး နှစ်ဘက် သဘောတူ လက်မှတ် ရေးထိုးနိုင်ဖို့ ဆောင်ရွက်နေပြီး အရှေ့တောင် အာရှ နိုင်ငံများအသင်း အာဆီယံ အဖွဲ့ဝင်တွေ လာရောက် လေ့လာခွင့် အတွက်လည်း နိုင်ငံခြားရေး ဝန်ကြီးဌာနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ဦးဝင်းကိုက ပြောပါတယ်။

ဒါပေမယ့်လည်း ရွေးကောက်ပွဲ အကြိုက စလို့ ရွေးကောက်ပွဲ အပြီးအထိ ရေရှည် စောင့်ကြည့်ရေး အတွက်တော့ နိုင်ငံတကာဘက်က ကမ်းလှမ်းမှုတွေ သိပ်ပြီးမရှိသေးဘူး လို့လည်း ရွေးကောက်ပွဲ ကော်မရှင် က ပြောဆိုပါတယ်။

XS
SM
MD
LG