သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာတပ် ဓာတုဗုံးသုံး ဟု ကိုးကန့် စွပ်စွဲ


ကိုးကန့်တပ်ဖွဲ့
ကိုးကန့်တပ်ဖွဲ့

အရင်ရက်က တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ ကိုးကန့်ဒေသမှာ ဒီကနေ့မှာတော့ ငြိမ်သက်နေပေမဲ့ တိုက်ပွဲတွေဟာ ဆက်လက်ပြင်းထန်တဲ့ အခြေအနေရှိနေပါတယ်။ ဒီလ ၂၃ရက်နေ့ တိုက်ပွဲအတွင်းမှာတော့ အစိုးရတပ်ဖက်က သုံးစွဲတဲ့လက်နက်ဟာ သာမာန်လက်နက်နဲ့မတူဘဲ ထူးခြားနေတာကြောင့် ဓါတုလက်နက်နဲ့ ပစ်ခတ်တယ် လို့ ကိုးကန့်တပ်ဖွဲ့က သတင်းထုတ်ပြန်ပေမဲ့ သီးခြား အတည်ပြုချက်တော့ မရသေးပါဘူး။ ကိုးကန့်ဒေသရဲ့ နောက်ဆုံးအခြေအနေကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

၂လကျော်ကြာ ရှည်ကြာလာတဲ့ ကိုးကန့်ဒေသတိုက်ပွဲတွေဟာ ပြီးခဲ့တဲ့သီတင်းပတ် အတွင်းမှာ အတန်ငယ် ငြိမ်သက်နေရာ က မနေ့ကတော့ လောက်ကိုင်မြို့ရဲ့ အရှေ့မြောက်ဖက်ခြမ်းမှာ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြပါတယ်။ ဒီတိုက်ပွဲတွေ ဟာ ဒီကနေ့မှာတော့ ငြိမ်သက်နေတယ်လို့ မြန်မာအမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်ဖွဲ့ MNDAA ခေါ် ကိုးကန့်တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်း က ပြောပါတယ်။

"ဒီကနေ့ကတော့ ငြိမ်နေပါတယ်။ မနေ့တုန်းကတော့ တော်တော်ပြင်းထန်ပါတယ်။ မနေ့တုန်းက သုံးနာရီခွဲက စဖြစ်တယ်။ မိုးမလင်းခင်၊ ညကိုးနာရီလောက် လက်နက်ကြီးနဲ့ ပစ်ပြီးတော့မှ ကြည်းတပ် မြေပြင် ကြည်းတပ် ထိုးပါတယ်။"

ဒီတိုက်ပွဲအတွင်းမှာ အစိုးရတပ်ဖက်က အသုံးပြုတဲ့ လက်နက်နဲ့ ပတ်သက်ပြီး ဦးထွန်းမြတ်လင်းက အခုလို ဆက်ပြောပါတယ်။

"သူတို့က သာမာန်ဗုံးနဲ့ မတူတာက သာမာန်ဗုံးက ကွဲသွားရင်တောင် မီးခိုးပဲ ထွက်တာပေါ့။ သာမာန်မီးခိုး၊ အခုဟာက သာမာန်မီးခိုးထွက်ပြီးတဲ့နောက် အရောင်တွေ ပါလာတယ်။ တချို့တွေကျတော့ အနီရောင်၊ တချို့တွေကျတော့ အဝါရောင်၊ အပြာရောင် တချို့ကျတော့လည်း အရမ်းဖြူတဲ့ အဖြူရောင်လည်း ရှိတယ်။ ပြီးတော့ စူးရှတဲ့ မွှေးကြိုင်တဲ့ အနံ့ရှိပါတယ်။ အဲ့ဒီ့အနံ့ကို ရှုမိတဲ့ ရဲဘော်တွေ၊ ကျျနော်တို့ဘက်က ရဲဘော်တွေ အော့်အန်ကုန်ကြတယ်။ ထမင်းစားလည်း အန်တယ်။ ရေသောက်လည်း အန်တာပဲ။ ဆိုတော့ တိုက်ခိုက်မှု အင်အား မရှိတော့ဘူးလို့ ပြောရမှာပဲ။"

ဒီလက်နက်နဲ့ ပတ်သက်ပြီး ကိုးကန့်တပ်ဖွဲ့က ဓါတုလက်နက် အဖြစ် ကြေညာချက် ထုတ်ပြန်ပေမဲ့ သီးခြား အတည်ပြုချက်တော့ မရပါဘူး။ ကိုးကန့်တပ်ဖွဲ့အနေနဲ့လည်း ကျွမ်းကျင်ပညာရှင်တွေနဲ့ စစ်ဆေးနိုင်တဲ့ အခြေအနေမရှိကြောင်း ပြောဆိုပါတယ်။

ကိုးကန့်ဒေသတိုက်ပွဲတွေဟာ ဒီကနေ့ ငြိမ်သက်နေပေမဲ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နိုင်တယ်လို့ ကိုးကန့်တပ်က ခန့်မှန်းထားသလို ကိုးကန့်ရဲ့ မဟာမိတ်တပ်ဖွဲ့ဖြစ်တဲ့ တအာန်းခေါ် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဖွဲ့ TNLAရဲ့ အထွေထွေအတွင်းရေးမှုး တာ့ဘုန်းကျော်က တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နိုင်ကြာင်း ပြောပါတယ်။

"ကိုးကန့်ဘက်ကတော့ တိုက်ပွဲအခြေအနေ ပြင်းတယ်။ မနေ့ကတော့ စစ်ကြောင်းကြီး သုံးကြောင်းနဲ့ တပ်ပြီးတော့ ထိုးတာ အကျအဆုံး တော်တော်များ တယ်လို့ ကျနော်တို့သိရတယ်။ ဒုကာကွယ်ရေးဦးစီးချုပ် ကိုးကန့်ဘက် လာကြည့်တယ်ပြောတယ်။ ပြီးတော့ ပြန်သွားပြီ။ နောက်ထပ် အင်အားတွေ ထပ်ဖြည့်မယ်လို့ ကျနော်တို့ သိရတယ်။ ဆိုတော့ တိုက်ပွဲအခြေအနေက နည်းနည်းပြင်းလိုက်မယ်ဆိုတဲ့ သဘောကျနော်တို့ သိရတယ်။ "

ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းကတော့ တရုတ်မြန်မာနယ်စပ်၊ တရုတ်နိုင်ငံနဲ့ လားရှိုးမြို့ကို ရောက်ရှိနေတဲ့ စစ်ရှောင်ဒုက္ခသည် ၆၀ ၀၀၀ လောက် ဟာ နေရပ်ရင်း ပြန်လာနေပြီး အစိုးရက ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ပြီး ကူညီထောက်ပံ့ထားခဲ့ပါတယ်။

ကွမ်းလုံမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဟော်ရှောက်ချမ်း ကတော့ လောက်ကိုင်မြို့အခြေအနေက လုံး၀ မတည်ငြိမ်သေးဘူး လို့လည်း ပြောပါတယ်။

" အခုအခြေအနေကတော့ ဘယ်လိုလဲ။ ဘာမှ ထူးထူးခြားခြား မရှိသေးပါဘူး။ စစ်ပွဲလုပ်တယ်။ တချို့တဝက် ပြန်လာတယ်။ ပြန်လာပြီးတော့မှ အရပ်သားလည်း ပြန်လာတယ်။ ပြန်လာတော့ အိမ်တွေ သိပ်မဝင်ရဲသေးဘူး ခင်ဗျ။ လောက်ကိုင် အနောက်ခြမ်းက တိုက်နေတယ်။ မနက်ကလည်း တိုက်တယ်။ လောက်ကိုင်နဲ့ အနောက်မြောက်၊ အနောက်မြောက် တိုက်နေတယ်။ အဲ့တော့ လူထုကလည်း မပြန်ရဲဘူးလေ။ တိုက်ပွဲရှိတော့ မအေးချမ်းသေးဘူးလေ နော့်။"

တရုတ် မြန်မာနယ်စပ် ကိုးကန့်ဒေသအတွင်းမှာ အခုလို တိုက်ပွဲတွေဖြစ်ပွားနေ ချိန်မှာပဲ မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေက မေလအတွင်းမှာ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးနိုင်ဖို့ အတွက် ပြင်ဆင်နေပါတယ်။ ပြီးခဲ့တဲ့လကုန်ကတော့ အပစ်ရပ် စာချုပ်နောက်ဆုံး မူကြမ်းကို နှစ်ဖက် ကိုယ်စားလှယ်တွေ ဟာ နိုင်ငံတော်သမ္မတ ရှေ့မှောက်မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတမြို့မှာ ကျင်းပတဲ့ အာရှ အာဖရိက ထိပ်သီးညီလာခံမှာ ညီလာခံအတွင်း တရုတ်သမ္မတ ရှီ ကျင့်ဖျင် နဲ့ နိုင်ငံတော်သမတ ဦးသိန်းစိန်နဲ့ တွေ့ဆုံစဉ်မှာ မြန်မာနိုင်ငံမြောက်ပိုင်းက အခြေအနေတွေနဲ့ ပတ်သက်လို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကနေ တဆင့် ပြဿနာကိုဖြေရှင်းဖို့ ကြိုးပမ်းနေတာကို တရုတ်က ထောက်ခံကြောင်းနဲ့ တိုးတက်မှု အသစ်တွေကိုမြင်ရဖို့ မျှော်လင့်ကြောင်း တရုတ်သမ္မတက ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG