သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပံတောင်း သပိတ်စခန်းတွေ ရုပ်သိမ်း


လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ကန့်ကွက်ဆန္ဒပြခဲ့ကြစဉ်။ (နိုဝင်ဘာလ ၂၂ ရက်၊ ၂၀၁၂)။
လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ကန့်ကွက်ဆန္ဒပြခဲ့ကြစဉ်။ (နိုဝင်ဘာလ ၂၂ ရက်၊ ၂၀၁၂)။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကိုဖျက်သိမ်းဖို့ ဆန္ဒပြတောင်းဆိုနေတဲ့ သပိတ်စခန်းတွေကို ဒေသခံတွေက ရုပ်သိမ်းလိုက်ကြပါပြီ။ ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာထွက်လာအပြီး သီတင်းတစ်ပတ်နီးပါးအကြာမှာ သပိတ်စခန်းတွေကို ရုပ်သိမ်းလိုက်တာလည်းဖြစ်ပါတယ်။ ဒေသခံတွေအနေနဲ့ သူတို့ရဲ့ လယ်ယာမြေတွေကို ပြန်လိုချင်ကြပြီး သက်ဆိုင်ရာကုမ္ပဏီတွေအနေနဲ့ ကော်မရှင်ရဲ့ အကြံပြုချက်တွေအတိုင်း အကောင်အထည်ဖော်မှု ရှိ-မရှိဆိုတာကို စောင့်ကြည့် သွားမယ်လို့ဆိုပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ်ဦးဆောင်တဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ မတ်လ ၁၁ ရက်နေ့စွဲနဲ့ အစီရင်ခံစာကို မတ်လ ၁၂ ရက်နေ့ထုတ် သတင်းစာတွေမှာ ဖော်ပြခဲ့ပြီးတဲ့နောက် မတ်လ ၁၆ ရက် စနေနေ့မှာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပတ်ဝန်းကျင်တဝိုက်က တုံ၊ လိပ်ခွံတောင်နဲ့ အင်ကြင်းတောင် သပိတ်စခန်းတွေကို ရုပ်သိမ်းလိုက်ကြတာဖြစ်ပါတယ်။

သပိတ်စခန်းတွေကို ရုပ်သိမ်းခဲ့တဲ့အခြေအနေနဲ့ပတ်သက်ပြီး ဒေသခံတွေကို ကူညီ စောင့်ရှောက်ပေးနေတဲ့ ဆရာတော် ဦးစန္ဒာသီရိက အခုလို ရှင်းလင်း မိန့်ကြားခဲ့ပါတယ်။

“မနေ့က ညနေပိုင်းလောက်မှာပဲ တုံရွာသပိတ်စခန်း ဖျက်သိမ်းပြီးတော့ အင်းကြင်းတောင်ရယ်၊ လိပ်ခွံတောင်ရယ် စခန်းတွေကတော့ ညနေပိုင်း မှောင်ရီပျိုးလောက်မှာပဲ ဒေသခံပြည်သူတွေက ဖယောင်းတိုင်ထွန်းပြီးတော့ အင်ကြင်းတောင်ဘုရားမှာ ပူဇော်ပြီးတော့ မိမိတို့ဒေသခံတွေက ဒါ အောင်ပွဲခံပြီးတော့၊ မိမိတို့ရဲ့ကျေးရွာမှာပဲ အေးအေးဆေးဆေး ပြန်လာခဲ့ကြတယ်ပေါ့။”

သပိတ်စခန်း ဖွင့်ထားတဲ့နေရာတွေအပါအဝင် လက်ပံတောင်းတောင် တချို့ဒေသတွေမှာ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန် ထားဆဲဖြစ်တာကြောင့် တာဝန်ရှိသူတွေဘက်ကလည်း အဲဒီအမိန့်ကို ရုပ်သိမ်းပေးဖို့ ဒေသခံတွေက လိုလားကြပါတယ်။ ဒါပေမဲ့လည်း ဒီအမိန့်ကို သက်တမ်းနှစ်လ တိုးပြီး ထုတ်ပြန်ထားတာကြောင့် လောလောဆယ်တော့ မရုပ်သိမ်းသေးဘူးလို့ ဆရာတော် ဦးစန္ဒာသီရိကမိန့်ပါတယ်။

မြင့်တက်လာတဲ့ ပဋိပက္ခအရှိန်အဟုန်တွေကို လျှော့ချဖို့၊ ထိပ်တိုက်တွေ့ဆုံတာကို ရှောင်လွှဲဖို့တို့ အပြင် ဖြစ်ပေါ်လာတဲ့ အခြေအနေတွေအရ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေး တောင်းဆိုမှုကို တခြားနည်းလမ်းတွေနဲ့ ဆက်ပြီး ဆောင်ရွက်သွားနိုင်ရေးအတွက် သပိတ်စခန်းတွေကို ရုပ်သိမ်းလိုက်တာဖြစ်တယ်လို့ လက်ပံတောင်းတောင် ပြည်သူ့အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေးကော်မတီရဲ့ သတင်းနဲ့ပြန်ကြားရေးကော်မတီက မတ်လ ၁၆ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။

ဆန္ဒပြ ဒေသခံတွေအနေနဲ့ ကော်မရှင်အစီရင်ခံစာမှာ ပါရှိတဲ့ အကြံပြုချက်တွေအတိုင်း သက်ဆိုင်ရာကုမ္ပဏီတွေက လိုက်နာ အကောင်အထည်ဖော်ဖို့ လိုလားတယ်လို့ ဦးစန္ဒာသီရိက မိန့်ပါတယ်။

“ပြည်သူတွေ မျှော်လင့်ချက်တွေကတော့ ဒေသခံလယ်သမားတွေဟာ တော်တော်များများကတော့ မိမိပိုင် ဘိုးဘွားလယ်မြေတွေကိုပဲ ပြန်လည်ပြီးတော့ လုပ်ကိုင်ရယူချင်တယ်။ လုပ်ကိုင်စားသောက်ချင်တယ်။ ဒီ စီမံကိန်း ဧရိယာ တကယ်လွှမ်းမယ့်ဧရိယာ မြေယာကိုပဲ သိမ်းပြီးတော့၊ ကျန်တဲ့မလိုအပ်တဲ့ ပြည်သူတွေ ဆက်လက်ပြီးတော့ လုပ်ကိုင်ရမယ့်မြေတွေ ကို ပြန်ရမယ်ဆိုတဲ့ မျှော်လင့်ချက်တွေလည်း ဒါ အစီရင်ခံစာမှာ တွေ့ရတယ်ခင်ဗျ။ နောက်ပြီး ကျနော်တို့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြီး ဆက်လုပ်သင့်တယ်ဆိုတဲ့ နေရာမှာတောင်မှ ဒါ နိုင်ငံတကာရဲ့ ပြဌာန်းချက်တွေနဲ့ ဆောင်ရွက်သင့်တဲ့နည်းပညာတွေ အသုံးပြုပြီးတော့ စနစ်တကျ ဆောင်ရွက်ခြင်းရှိ မရှိ၊ ဆောင်ရွက်ခြင်းမရှိလို့ရှိရင် ဒီစီမံကိန်းကလည်း ဖျက်သိမ်းရမယ့်အနေအထားတွေ ရှိလာတယ်။”

ကော်မရှင်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားတဲ့ တွေ့ရှိချက်တွေအပေါ် အားရ ကျေနပ်တယ်လို့ ဆိုပြီး မြန်မာနိုင်ငံရှေ့နေများကွန်ယက် ကလည်း မတ်လ ၁၆ ရက်နေ့မှာ ကြိုဆိုခဲ့ပါတယ်။ ရမယ့်အကျိုးကျေးဇူးနဲ့ ပေးရတဲ့တန်ဘိုး မျှတမှုမရှိတဲ့အတွက် ကြေးနီစီမံကိန်း ကို ဆက်လုပ်ဖို့မသင့်ဘူးလို့ မြန်မာနိုင်ငံရှေ့နေများကွန်ယက်က ဦးလှထွန်းကပြောပါတယ်။

“အစီရင်ခံစာထဲမှာ ကျနော်တို့ တွေ့ရှိတဲ့အချက်တွေက ပြောမယ်ဆိုလို့ရှိရင် လုံးဝကြီး ကျနော်တို့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေ၊ environment and social impact အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင် တော်တော်ကြီးကို ဆိုးဆိုးရွားရွား တွေ့ရတယ်လို့ ဆိုတဲ့ တွေ့ရှိချက်အပေါ် မူတည်ပြီးတော့ ကျနော်တို့အနေနဲ့ကတော့ စီမံကိန်းကို ကျနော်တို့ ဆက်ပြီးလုပ်ဖို့ ဆိုတာကတော့ ကျနော်တို့လည်း သဘောမတူပါဘူး။”

ကြေးနီစီမံကိန်းကို ဖျက်သိမ်းဖို့အတွက် ဆန္ဒပြ တောင်းဆိုခဲ့သူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက အင်အားသုံးနှိမ်နင်းခဲ့တာကြောင့် အပြင်းအထန် ထိခိုက် ဒဏ်ရာရတာတွေ ဖြစ်ခဲ့ပြီးတဲ့နောက် လက်ပံတောင်းအရေးဟာ ပိုပြီး တင်းတင်းမာမာ ဖြစ်ခဲ့တာပါ။ အဲဒီ နောက်မှာ သမ္မတဦးသိန်းစိန်က စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပါတယ်။ ကော်မရှင်ရဲ့ အပြီးသတ်အစီရင်ခံစာ ထွက်လာပြီးတဲ့နောက်ပိုင်း လက်ပံတောင်းဒေသဆီ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက်ပြီးတော့ ဒေသခံတွေ နဲ့ တွေ့ဆုံ ပြောဆိုတာတွေလုပ်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဲဒီခရီးစဉ်အတွင်း ပြောဆို ဖြစ်ပျက်ခဲ့တာတွေအပါအဝင် အစီရင်ခံစာပါ အချက်တချို့အပေါ် သဘော ထားကွဲလွဲကြတာတွေကြောင့် လက်ပံတောင်းအရေး ဟာ ပြည်တွင်းပြည်ပက မြန်မာ့အရေး စိတ်ဝင်စားသူတွေကြားမှာ ဒီရက်ပိုင်း တွေအတွင်း အဓိက ဝေဖန် ပြောဆို ဆွေးနွေးတဲ့ အကြောင်းအရာတစ်ခု ဖြစ်နေပါတယ်။

XS
SM
MD
LG