သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပံတောင်းနှစ်နှစ်ပြည့်


လက်ပန်းတောင်းနှစ်နှစ်ပြည့် ဆန္ဒဖော်ထုတ်ပွဲ (ဓာတ်ပုံ-ဒေသခံသတင်းထောက်)
လက်ပန်းတောင်းနှစ်နှစ်ပြည့် ဆန္ဒဖော်ထုတ်ပွဲ (ဓာတ်ပုံ-ဒေသခံသတင်းထောက်)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ကန့်ကွက်ဆန္ဒပြသူတွေ မီးလောင်ဗုံးနဲ့ ဖြိုခွဲခံခဲ့ရတဲ့ (၂) နှစ်ပြည့်တဲ့နေ့မှာ ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီး (၆) မြို့မှာ လက်ပံတောင်းတောင်အရေး တက်ကြွလှုပ်ရှားသူတွေက ဆန္ဒပြဆုတောင်းပွဲ တွေနဲ့ ဆန္ဒဖော်ထုတ် ပြသနေကြပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

သံဃာတော်အများစုပါဝင်တဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ကန့်ကွက်တဲ့ သပိတ်စခန်းကို အာဏာပိုင်တွေကလွန်ခဲ့တဲ့ နှစ်နှစ်က မီးလောင်ဗုံးတွေနဲ့ ဖြိုခွဲခဲ့တာပါ။ ဒီဖြစ်ရပ်အပေါ်မှာ အရေးယူဆောင်ရွက်ပေးခြင်း မရှိသေးသလို မြေတွေသိမ်းဆည်းခံထားရတဲ့ ဒေသခံတွေနဲ့လည်း ပြေလည်မှုမရသေးတဲ့အတွက် ရန်ကုန်၊ မန္တလေးနဲ့ မြို့ကြီး (၆) မြို့မှာ ဆန္ဒပြခဲ့ကြတာပါ။

လက်ပန်းတောင်းနှစ်နှစ်ပြည့် ဆန္ဒဖော်ထုတ်ပွဲ (ဓာတ်ပုံ-ဒေသခံသတင်းထောက်)
လက်ပန်းတောင်းနှစ်နှစ်ပြည့် ဆန္ဒဖော်ထုတ်ပွဲ (ဓာတ်ပုံ-ဒေသခံသတင်းထောက်)

“မနက်လင်းအားကြီးအချိန်မှာ အတင်းအဓမ္မအနိုင်ကျင့်ပြီးတော့မှ ဖယ်ပစ်လို့ သံဃာတော် ၉၉ ပါးနဲ့ လူပုဂ္ဂိုလ်တွေ စုစုပေါင်း ၁၀၈ ဦးကို ထိခိုက်ဒဏ်ရာ ရစေခဲ့ပါတယ်။”

ဒါကတော့ မန္တလေးမြို့ လှုပ်ရှားမှုက အသံတွေပါ။

မန္တလေးမြို့မှာတော့ လူစုဝေးတဲ့ မဟာမြတ်မုနိဘုရားဝင်းရှေ့မှာ လက်ပံတောင်းအရေး လှုပ်ရှားသူတွေ လမ်းပေါ်ထွက်လို့မရအောင် အာဏာပိုင်တွေက ပိတ်ဆို့ထားတယ်လို့ တက်ကြွလှုပ်ရှားသူတစ်ဦးက ဆိုပါတယ်။

“---ဝင်းထဲမှာ စုမိတာက မန္တလေးမှာ အင်အားနည်းနည်း နည်းနေတယ်ပေါ့ဗျာ။ အဲဒီအချိန်မှာ အပြင်မှာက မဘသဘုန်းကြီးတွေရယ်၊ အုပ်ချုပ်ရေးရယ်နဲ့က ပိတ်ထားသလိုဖြစ်နေတယ်။”

ရန်ကုန်မြို့မှာလည်း ညနေ (၄) နာရီကျော်ကတည်းက ပိုစတာတွေ ကိုင်ဆောင် ဆန္ဒပြ၊ ဟောပြော ဆုတောင်းခဲ့ကြပါတယ်။ ရန်ကုန်လှုပ်ရှားမှု အခြေအနေကို တက်ကြွလှုပ်ရှားသူတစ်ဦးက အခုလို ပြောပါတယ်။

“ရဟန်းသံဃာတွေကို မီးရှို့တဲ့နေ့လည်းဖြစ်တယ်၊ တောင်သူလယ်သမားတွေ လယ်ယာဆုံးရှုံးတဲ့ကိစ္စလည်းဖြစ်တယ်ပေါ့။ အဲဒါတွေနဲ့ပတ်သက်လို့ ကျနော်တို့ ဆုတောင်း ဆန္ဒပြနေရခြင်းဖြစ်ပါတယ်။”

လက်ပံတောင်းမှာတော့ ည (၆) နာရီကျော်မှာ စတင်လှုပ်ရှားမှာဖြစ်ကြောင်းနဲ့ မီးလောင်ဗုံးနဲ့ အကြမ်းဖက်ဖြိုခွဲမှုတွေနဲ့ပတ်သက်လို့ အရေးယူ ဆောင်ရွက်ပေးခြင်း မရှိသေးတဲ့အခြေအနေကို လက်ပံတောင်းတောင် စန်းမြဝတီကျောင်းတိုက်ဆရာတော် ဦးအာလောက-က မိန့်ပါတယ်။

“အထူးသဖြင့်တော့ (၂၉) ရက်နေ့က သံဃာတော်တွေ မီးလောင်ဗုံးနဲ့အပစ်ခံရတဲ့နှစ်နှစ်ပြည့်ဖြစ်တယ်။ အဲဒီဟာတွေကို အရေးယူပေးခြင်း၊ ဆောင်ရွက်ပေးခြင်း ယနေ့အချိန်အထိ ဘာမှမရှိသေးဘူးပေ့ါဗျာ။”

ဒီနေ့မှာပဲ မန္တလေးတိုင်း၊ ပြင်ဦးလွင်နဲ့ မိတ္ထီလာမြို့တွေမှာလည်း လက်ပံတောင်းအရေး လှုပ်ရှားသူတွေက နှစ်နှစ်ပြည့် အထိမ်းအမှတ်တွေ လုပ်ခဲ့တာပါ။ မိတ္ထီလာလှုပ်ရှားမှုနဲ့ ပတ်သက်လို့ မိတ္ထီလာ ပြည်သူ့အကျိုးဆောင်ကွန်ယက်က ဒေါ်မြင့်မြင့်အေးက အခုလို ပြောပါတယ်။

“မီးရှို့တာကို အမှတ်ရနေတယ်ဆိုတဲ့အထိမ်းအမှတ်ရယ်၊ လှုပ်ရှားမှုတခုရယ်အနေနဲ့ ကျမတို့ ရွှေမြင်တင်ဘုရားမှာ ဝတ်ပြုဆုတောင်းတယ်။”

Amnesty International - နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးကလည်း သူတို့ရဲ့ စုံစမ်းတွေ့ရှိချက်တွေအရ မီးလောင်ဗုံးနဲ့ဖြိုခွဲမှု (၂) နှစ်သာ ပြည့်သွားခဲ့ပေမယ့် ဒီအကြမ်းဖက်ဖြိုခွင်းမှုမှာ ပါဝင်ပတ်သက်သူတွေကို အစိုးရဘက်က တစုံတရာ အရေးယူမှု မရှိသေးသလို အခွင့်အရေးချိုးဖောက်မှုတွေ ဆက်ပြီး ရှိနေတဲ့အပေါ် အတော်လေးစိုးရိမ်ကြောင်း ပြီးခဲ့တဲ့ရက်အတွင်းကပဲ ကြေညာချက် ထုတ်ပြန်ထားပါတယ်။ အခုလို ပြည်တွင်းပြည်ပ နိုင်ငံတကာရဲ့ အာရုံစိုက်မှုတွေဟာ လက်ပံတောင်းပြည်သူတွေနဲ့ သူတို့ကို ကူညီနေသူတွေရဲ့ အားထုတ်ဆောင်ရွက်မှုအဖြစ် ဆရာတော် ဦးအာလောက-က သုံးသပ်ပါတယ်။

“အဓိက-ကတော့ဗျာ။ လက်ပံတောင်းဒေသခံတွေပေါ့နော်၊ တစိုက်မတ်မတ်ပေါ့၊ ဒီကိစ္စကို မဆုတ်မနစ်ဘဲနဲ့၊ မကြောက်မရွံ့ဘဲနဲ့ တကယ်လည်း ဆုံးရှုံးနစ်နာတာတွေကို မပြတ် ဆောင်ရွက်နေတဲ့အတွက်ပေါ့နော်၊ ဒါကို နိုင်ငံတကာကရော၊ ပြည်တွင်းကနိုင်ငံရေးအသိုင်းအဝိုင်းတွေကရော လက်ပံတောင်းကို အမြဲတမ်းအာရုံစိုက်နေတာ၊ လက်ပံတောင်းဒေသခံတွေနဲ့လာရောက်ပြီးတော့ တကယ်ကိုမခံချင်တဲ့စိတ်နဲ့လာပြီးတော့ ဝိုင်းဝန်းကူညီနေတဲ့ပုဂ္ဂိုလ်တွေရဲ့အကျိုးသက်ရောက်မှု ရှိတယ်လို့ မြင်တယ်ဗျ။”

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနဲ့ပတ်သက်လို့ သဘာဝပတ်ဝန်းကျင် ပျက်စီးတာတွေ၊ လူထုကျန်းမာရေးထိခိုက်တာတွေရှိနေကြောင်းကိုလည်း ပညာရှင်တွေက ထောက်ပြခဲ့တာပါ။ ဒီစီမံကိန်းနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီး စစ်ဆေးခဲ့ပေမယ့် ကော်မရှင်ရဲ့ အစီရင်ခံစာအတိုင်း လိုက်နာမှုမရှိကြောင်း ကော်မရှင်အဖွဲ့ဝင်တွေကလည်း ဆိုပါတယ်။

ဒီစီမံကိန်းကို မြန်မာအစိုးရနဲ့ စစ်တပ်ပိုင် မြန်မာစီးပွားရေးဦးပိုင်ကုမ္ပဏီလိမိတက်၊ တရုတ်ကုမ္ပဏီဖြစ်တဲ့ မြန်မာ-ဝမ်ပေါင်ကုမ္ပဏီတို့က ဖက်စပ် ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒီစီမံကိန်းအတွက် ဒေသခံရွာတွေကို ဖယ်ရှားခိုင်းခဲ့သလို ဒေသခံတွေရဲ့ ထောင်နဲ့ချီတဲ့ လယ်ဧကတွေကိုလည်းတန်ရာတန်ကြေးမပေးဘဲ သိမ်းယူခဲ့ပါတယ်။ ဒါ့အပြင် ဒီ ကြေးနီစီမံကိန်းလုပ်ကွက်ပေါ်မှာ ရှိနေတဲ့ ရှေးဟောင်း သာသနိက အဆောက်အဦးဖြစ်တဲ့ လယ်တီသိမ်ကို ဖြိုဖျက်ခဲ့တာလည်း ရှိပါတယ်။

XS
SM
MD
LG