သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပန်းတောင်းအရေး မငြိမ်းချမ်းသေး


စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်ထဲမှာရှိတဲ့ လက်ပန်းတောင်းတောင် ကြေးနီးစီမံကိန်းကို စောင့်ကြပ်နေတဲ့ရဲတွေနဲ့ သူတို့ပိုင် လယ်ယာတွေမှာ ထွန်ယက်စိုက်ပျိုးဖို့ ကြိုးစားကြတဲ့ တောင်သူတွေကြား စေနေနေ့က ထိပ်တိုက်ရင်ဆိုင်မူဖြစ်ခဲ့ရသလို ဒီကနေ့တော့ ဒေသခံတွေဘက်က သူတို့ရဲ့ လယ်မြေတွေမှာ လုပ်ကိုင် စားသောက်ခွင့်ပြုဖို့ ကြေညာချက်ထုတ်ပြန်ပြီး ထပ်မံတောင်းဆိုကြပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ဆားလင်းကြီး မြို့နယ်မှာရှိတဲ့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းအတွက် သိမ်းယူထားတဲ့ မြေယာတွေနဲ့ ပတ်သက်လို့ ဒေသခံတွေနဲ့ အာဏာပိုင်တွေကြားမှာ တင်းမာမှုတွေက အကြိမ်ကြိမ်ဖြစ်လာခဲ့တာပါ။ ဇူလိုင်လ ၂၆ ရက်နေ့ကတော့ စီမံကိန်းအတွက် ခြံစည်းရိုးခတ်ပြီး သိမ်းထားတဲ့ နေရာတွေမှာ တောင်သူတွေဘက်က ထွန်ယက်စိုက်ပျိုးဖို့ ကြိုးစားတာ၊ နွားကျောင်းတာတွေ လုပ်ခဲ့တဲ့အတွက် စီမံကိန်းတာဝန်ယူထားတဲ့ ရဲတွေနဲ့ ဒေသခံ တောင်သူတွေကြား ပစ်ခတ်မှုဖြစ်ရတဲ့အထိ အခြေအနေ တင်းမာခဲ့ကြောင်း ဇီးတောရွာ၊ စမ်းမြဝတီကျောင်းတိုက်က ဆရာတော ဦးအာလောက က မိန့်ပါတယ်။

“ဒီနေ့ နေ့လည်ပိုင်း ဖြစ်တဲ့ဟာကတော့ လိပ်ခွံတောင်မြောက်ဘက်ပေါ့၊ အရှေ့မြောက်ဘက်မှာ ဖြစ်ပါတယ်။ ရဲတွေနဲ့ ထိပ်တိုက်တွေ့ပြီး--- ရဲတွေက ဘတ်ဂွ နဲ့ ပစ်တယ်၊ ရွာသားတွေ ပိတ်မှန်တယ်။ လူထုကလည်း ဘတ်ဂွနဲ့ ပစ်တယ်ပေါ့ဗျာ။ နောက်သူတို့က သေနတ်အစစ်၊ ကျည်ဆံအစစ်နဲ့ လေးချက်ဖောက်ပြီး ပစ်တယ်ပေါ့ဗျာ။ ရွာသားနှစ်ယောက်တော့ မှန်တယ်ဗျ။ နှာခေါင်းနားပေါ့နော်၊ နှုတ်ခမ်းနားလည်း တယောက်မှန်တယ်။ မျက်လုံးနားလည်း တစ်ယောက်မှန်တယ်။ မိုးကြိုးပြင်ကပေါ့။ ဘတ်ဂွနဲ့ပစ်တာ၊ လေးဂွပေါ့၊ အဲဒါ မှန်တယ်။ ရဲအင်အားကတော့ အများကြီးပေါ့ဗျာ။ ကားတွေနဲ့ လှည့်ပတ်ပြီးတော့ ချတယ်ပေါ့။ လေးငါး ဆယ်စီးလောက်တော့ ရှိမယ်ထင်တယ်နော်။”

နှစ်ဘက်ပစ်ခတ်မှုတွေကြောင့် ရဲတပ်ဖွဲ့ဝင်တွေဘက်ကလည်း ဒဏ်ရာရသူတွေ ရှိတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေတာကြောင့် မုံရွာရဲစခန်းကို ဆက်သွယ်မေးမြန်းကြည့်ခဲ့ပါတယ်။

မေး။ ။ မနေ့က လက်ပန်းတောင်မှာ ရဲတွေ ထိခိုက်ဒဏ်ရာ ရရှိတယ်လို့ ကြားလို့ပါရှင်။ ရဲ ဘယ်နှစ်ဦးလောက်များ ထိခိုက်ဒဏ်ရာ ရပါသလဲ။

ဖြေ။ ။ အဲဒါတွေကျ ကျနော်တို့က မသိဘူးဗျ။

မေး။ ။ မုံရွာဆေးရုံကြီးကိုရော ရောက်တာ ရှိသလားရှင့်။

ဖြေ။ ။ အဲဒါတော့ မသိဘူး အမရဲ့၊

ဇူလိုင်လ ၂၇ ရက်နေ့မှာတော့ ဒေသခံတွေဘက်ကရော ရဲတပ်ဖွဲ့ဝင်တွေဘက်ကပါ အဲဒီ စိုက်ခင်းတွေမှာ ထိပ်တိုက်ရင်ဆိုင်မှုတွေ မတွေ့ရတော့ပါဘူး။ ဒါပေမယ့် ဒေသခံတွေက သူတို့လယ်တွေကို ပြန်ပေးဖို့ ကြေညာချက်ထုတ်ပြီး တောင်းဆိုထားပါတယ်။ အခုလို အကြိမ်ကြိမ် တောင်းဆိုနေပေမယ့် မရခဲ့တဲ့အကြောင်းကိုလည်း ဆရာတော် ဦးအာလောက- က အခုလို မိန့်ပါတယ်။

“ဒီနေရာမှာ သူတို့က စိုက်ပျိုးလုပ်ကိုင် စားသောက်၊ စိုက်ပျိုးကျဲချတဲ့နေရာဖြစ်ပါတယ်။ သူတို့က အတင်းအဓမ္မပေါ့ဗျာ၊ လျော်ကြေး လုံးဝ မယူတဲ့ဟာတွေလည်း ပါတယ်။ အဲဒါတွေကို ခြံစည်းရိုးခတ်တယ်၊ နွားကျောင်းစားကျက်တို့၊ အခုဟာက မိုးရာသီလည်း ရောက်လာတယ်။ မိုးလေးကလည်း ဒီ လက်ပန်းတောင်းဒေသမှာ ကျနေတယ်။ အဲဒါကြောင့်မို့လို့ ထွန်ယက်ဖို့အတွက် ဆက်ဆံရေးရုံးကို တရားဝင်စာတင်တယ်။ တကြိမ်လည်းမကတော့ဘူး။ လေး ငါး ခြောက်ကြိမ်ရှိသွားပြီ။ အဲဒါလည်း ဘာမှ သူက ဖြေရှင်းချက် မပေးဘူး။ အဓိက က သူတို့က ငွေလျော်ကြေးကိုပဲ အတင်းအဓမ္မ ထုတ်ယူခိုင်းနေတယ်။ လူထုက အခုလို ဖျက်ပြီးတော့ နွားကျောင်းကြတယ်ပေါ့။ ဝင်တယ်ပေါ့။ အဲဒါကို အခုလို ရဲနဲ့ ထိပ်တိုက်တွေ့ပြီးတော့ ပြဿနာဖြစ်ပြီးတော့ လူထုမှာ အခုဆိုရင် ကျည်ဆံအစစ်နဲ့တောင် ပစ်ပြီးတော့ ဖြိုခွင်းတယ်။ ဘတ်ဂွနဲ့လည်း မှန်တယ်ပေါ့၊ ရွာသားတွေ။”

ကြေးနီစီမံကိန်းကို မြန်မာ့စီးပွားရေး ဦးပိုင် ကုမ္ပဏီလိမိတက်နဲ့ မြန်မာ-ဝမ်ပေါင်ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်နေပြီး ဒေသခံတွေရဲ့ လယ်မြေတွေကို ဧကပေါင်း ထောင်နဲ့ချီပြီး သိမ်းယူထားတဲ့အတွက် ၂၀၁၂ ခုနှစ်လောက်ကစပြီး ဒေသခံတောင်သူတွေဘက်က ပြင်းပြင်းထန်ထန် ကန့်ကွက်လာခဲ့ရာကနေ မီးလောင်ဗုံးတွေသုံးပြီး ဖြိုခွဲရတဲ့အထိ အခြေအနေ တင်းမာခဲ့တာပါ။

ပြီးခဲ့တဲ့ မေလတုန်းကလည်း ညှိနှိုင်းမှုမပြေမလည်ဖြစ်ခဲ့ပြီး ဒေသခံတွေက ဝမ်ပေါင်ကုမ္ပဏီက ကံထရိုက်တာနှစ်ဦးကို ထိန်းသိမ်းထားခဲ့ပါတယ်။ ဒါကြောင့် လုံခြုံရေးယူထားတဲ့ရဲတပ်ဖွဲ့ဝင်တွေက ဒေသခံ ကျေးရွာတွေကို မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ခဲ့သလို ဒေသခံတွေကလည်း ရဲတပ်ဖွဲ့ဝင်တွေရဲ့ ကားတွေကို ဖျက်ဆီးခဲ့ကြပါတယ်။ လက်ပန်းတောင်တောင် ကြေးနီစီမံကိန်းကိုမြန်မာအစိုးရက ၅၁ %၊ မြန်မာ-ဝမ်ပေါင်ကုမ္ပဏီနဲ့ မြန်မာ့ဦးပိုင်လိမိတက်တို့က ၄၉ % အကျိုးခံစားခွင့်စာချုပ် ချုပ်ဆိုထားတာ ဖြစ်ပါတယ်။

XS
SM
MD
LG