သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပံတောင်းအကြမ်းဖက်မှု တောင်းပန်ဖို့ သံဃာထုတောင်းဆို


ရဟန်းနဲ့သံဃာတော်တွေ လက်ပံတောင်းအကြမ်းဖက်နှိမ်နင်းမှုအပေါ် ကန့်ကွက်သည့် ဆန္ဒပြချီတက်လာစဉ်။ (ဒီဇင်ဘာ ၁၂ ရက်၊ ၂၀၁၂)
ရဟန်းနဲ့သံဃာတော်တွေ လက်ပံတောင်းအကြမ်းဖက်နှိမ်နင်းမှုအပေါ် ကန့်ကွက်သည့် ဆန္ဒပြချီတက်လာစဉ်။ (ဒီဇင်ဘာ ၁၂ ရက်၊ ၂၀၁၂)
လက်ပံတောင်း-ကြေးနီစီမံကိန်း ကန့်ကွက်ဆန္ဒပြပွဲကို အစိုးရက အင်အားသုံး ဖြိုခွင်းခဲ့တဲ့လုပ်ရပ် အပေါ် ရန်ကုန်မြို့၊ ဗုဒ္ဓ-သာဝက ရဟန်းပျို အဖွဲ့က နိုင်ငံတော်သမ္မတ ကိုယ်တိုင်တောင်းပန်ဖို့ ဒီ ကနေ့ တောင်းဆိုလိုက်ပါတယ်။ အခုလို တောင်းဆို ဆန္ဒပြပွဲ ကို ရွှေတိဂုံဘုရား အရှေ့ဘက် မုဒ် ကြေးသွန်းဘုရားကြီးရှေ့ကနေပြီးတော့ ဆူးလေဘုရားထိမွန်းလွဲ ၂ နာရီ က စတင်ပြီး စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

အခုလို ဆန္ဒထုတ်ဖော်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး တော့ ဆန္ဒ ထုတ်ဖော်ပွဲမှာ ကိုယ်တိုင် သတင်းရယူခဲ့ တဲ့ ဗီအိုအေ ရန်ကုန်သတင်းထောက် ကို အောင်ရဲမောင်မောင်ကတင်ပြပေးထားပါတယ်။

မုံရွာမြို့၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းကြေးနီစီမံကိန်း ရပ်ဆိုင်းပေးရေး တောင်းဆိုခဲ့တဲ့ သပိတ်စခန်းက သံဃာတော်တွေကို ဒေသခံ အာဏာပိုင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက အင်အားသုံး ဖြို ခွင်းခဲ့စဉ် ဒဏ်ရာရရှိခဲ့တဲ့ သံဃာတော်တွေကို နိုင်ငံတော်သမ္မတ ကိုယ်တိုင် ဝန်ချ တောင်းပန်ဖို့ ဗုဒ္ဓ-သာဝက ရဟန်းပျိုအဖွဲ့က ဒီကနေ့ တောင်းဆိုလိုက်တာပါ။

ဗုဒ္ဓ-သာဝက ရဟန်းပျိုများအဖွဲ့က ဦးဆောင်ခဲ့တဲ့ ဆန္ဒပြပွဲမှာ ပြည်တွင်း အရပ်ဖက် အဖွဲ့အစည်းတွေ ကလည်း သံဃာတော်တွေကို ဝိုင်းရံပေခဲ့ကြတယ်လို့ ပြည်သူ့ အကျိုးဆောင် ကွန်ယက် အဖွဲ့မှ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်က ပြောပါတယ်။

“ရဟန်းပျိုသမဂ္ဂက ဦးဆောင်ကျင်းပတယ်လို့ သုံးသပ်ပါတယ်။ သံဃာတော်တွေ ဦးဆောင်ပြီး ကြေး သွန်းဘုရားရှေ့ကနေပြီးတော့ ၂ နာရီမှာ စထွက်ပြီး ဆူးလေဘုရားဘေး မြို့တော် ခန်းမရဲ့ ရှေ့မှာ သုံးနာရီနဲ့ မိနစ် ၂၀ လောက်မှာ ပြီးသွားပါတယ်။ အားလုံးစီတန်း လမ်းလျှောက် ပြီးတော့ ငြိမ်းငြိမ်း ချမ်းချမ်းပဲ ပြီးသွားပါတယ်။ တောင်းဆိုတဲ့ အချက်တွေကတော့ ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး ဖမ်းဆီးထားတဲ့လူအားလုံးကို ပြန်လွှတ်ပေးဖို့ရယ်၊ ဝန်ချတောင်းပန်ဖို့ မလုံလောက်သေးလို့ ပြန် လည် တောင်းပန်ပေးဖို့ ဆိုတာရယ် - အဲဒီဟာတွေကို အဓိကတောင်းဆို တာပါ။ နောက် တချက်ကတော့ ဒီအမှုနဲ့ပတ်သက်ပြီးတော့ မတရား ရက်စက်စွာ ဖြိုခွင်းနှိမ်နင်းတဲ့ တာဝန်ရှိသူ ကို ဖော်ထုတ်ပေးဖို့ဆိုပြီးတော့ တောင်းဆိုထားတာ ဖြစ်ပါတယ်။ မေတ္တာသုတ်တွေ ရွတ်ဆို လာပြီးတော့ ပိုစတာတွေ၊ သံဃာ့အလံတွေကိုင်ဆောင်ပြီးတော့ ချီတက်တာပါ။ ပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်းပဲ မေတ္တာပို့ပြီးတော့ ပြီးဆုံးသွားပါတယ်။”

သံဃာတော်တွေရဲ့ ဆန္ဒထုတ်ဖော်မှုမှာ အဓိက တောင်းဆိုခဲ့ကြတာကတော့ အကြမ်းဖက် ဖြိုခွဲခံခဲ့ရတဲ့ သံဃာထုအတွက် နိုင်ငံတော် သမ္မတ အနေနဲ့ ပွင့်လင်း မြင်သာစွာ တောင်းပန်ပေးရေး၊ ဖမ်းဆီးခံရတဲ့ ရဟန်းရှင်လူတွေကို ပြန်လွှတ်ပေးဖို့ အကြမ်းဖက် နှိမ်နှင်းတဲ့ ပုဂ္ဂိုလ်တွေကို ဖော်ထုတ်အရေးယူပေးဖို့ စတဲ့ အချက်တွေကို တောင်းဆိုခဲ့ကြပါတယ်။

လက်ပံတောင်းတောင် သပိတ်စခန်းတွေကို အကြမ်းဖက် ဖြိုခွင်းခဲ့အပြီးမှာ အာဏာပိုင်တွေဘက်က မုံရွာ-ရွှေစည်းခုံဘုရားမှာ ဒေသခံရဲမှူး ကြီး ဦးဆောင်ပြီး တစ်ကြိမ်တောင်းပန်ခဲ့သလို ရန်ကုန်မြို့၊ ကမ္လာအေးစေတီမှာလည်း သာသနာရေးဝန်ကြီး သူရ ဦးမြင့်မောင်က တစ်ကြိမ် တောင်းပန်ခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီလို တောင်းပန်မှုတွေဟာ နိုင်ငံတော်သမ္မတကိုယ်တိုင် တောင်းပန်ခဲ့တာ မဟုတ်တဲ့အတွက် သံဃာထုအနေနဲ့ ကျေနပ်မှု မရှိဘူး လို့ ဒီကနေ့ ဆန္ဒထုတ်ဖော်ပွဲမှာ သံဃာတော်တွေက ပြောပါတယ်။

အခုလို နိုင်ငံတော်သမ္မတက တောင်းပန်ဖို့ကိစ္စဟာ ဖြစ်နိုင် မဖြစ်နိုင်နဲ့ ပတ်သက်ပြီး ဗီအိုအေ မြန်မာပိုင်းအစီအစဉ်က နိုင်ငံတော်သမ္မတရုံးကို ဆက်သွယ်မေးမြန်တဲ့အခါ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖြေကြားဖို့မရှိဘူးလို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။
နိုင်ငံတော်သမ္မတဦးသိန်းစိန်ဟာ နိုင်ငံရဲ့ ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်တယ်ဆိုရင် ဒီကိစ္စမှာ တောင်းပန်ဖို့လိုအပ်တယ်လို့လည်း ဗိုလ်ကြီးဟောင်းဦးနေမျိုးဇင်က သုံးသပ်ပြောကြားပါတယ်။

“တကယ် အစိုးရကောင်းတရပ်ဆိုရင်တော့ တောင်းပန်ရမှာ ဝန်မလေးသင့်ဘူးလို့ ကျနော် ထင်ပါတယ်။ ဖြစ်စဉ်ကလည်း လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားနေတာကိုး။ မိုးပေါ်က အလိုလို ကျလာတာ မဟုတ်ပါဘူး။ တာဝန်ရှိသူ တဦးတယောက်အနေနဲ့ တာဝန်တကယ်သိတယ် ဆိုရင် တောင်းပန်သင့်တယ်လို့ ကျနော်ထင်ပါတယ်။ ”

ဒီကနေ့ ဆန္ဒပြခဲ့တဲ့ သံဃာတော်အင်အားဟာ ၃၀၀ နီးပါး ရှိပြီးတော့ သူတို့အနေနဲ့ လက်ပံတောင်းတောင်မှာ အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့သူကို မြန်မြန်ဖော်ထုတ်အရေးယူပေးဖို့ အဓိကထား တောင်းဆိုခဲ့တာကိုလည်း တွေ့ရပါတယ်။

လက်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဟာ တရုတ်နိုင်ငံက ဝမ်ပေါင်ကုမ္ပဏီနဲ့ စစ်တပ်ပိုင် ဦးပိုင် စီးပွားရေးလုပ်ငန်းတို့ ၂၀၁၀ ခုနှစ်ကတည်းက သဘောတူ ဆောင်ရွက်နေတဲ့ အမေရိကန်ဒေါ်လာ သန်း ထောင်ချီတန်တဲ့ စီမံကိန်းတစ်ခု ဖြစ်ပါတယ်။

ဒီ စီမံကိန်းကြီးကြောင့် ဒေသခံ ပြည်သူတွေက သဘာဝပတ်ဝန်းကျင်ကို ထိခိုင်စေနိုင်ပြီး လက်ပံတောင်း တောင်ကြီးတစ်ခုလုံး ပျက်သုဉ်း သွားနိုင်တယ်ဆိုပြီး ဒီ စီမံကိန်း ရပ်ဆိုင်းပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့တာလည်း ဖြစ်ပါတယ်။

အခု လို ဆန္ဒပြတောင်းဆိုနေတဲ့ သပိတ်စခန်း ၆ ခုက သံဃာတော်တွေနဲ့ လူတွေကို နိုဝင်ဘာ လ ၂၉ ရက် နေ့ အစောပိုင်းက ရဲတပ်ဖွဲ့ဝင်တွေက အင်အားသုံး ဖြိုခွင်းခဲ့တာလည်း ဖြစ်ပါတယ်ခင်ဗျား။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေး ဆန္ဒပြတောင်းဆိုခဲ့ကြတဲ့ သံဃာတော်တွေကို အကြမ်းဖက် နှိမ်နင်းခဲ့မှုနဲ့ အပေါ် တောင်းပန်ဖို့နဲ့ တာဝန်ရှိသူကို ဖော်ထုတ် အရေးယူရေး ဒီကနေ့ ဆန္ဒပြမှုတွေဟာ ရန်ကုန်မြို့မှာသာမက မုံရွာ၊ မန္တလေး၊ မကွေး၊ ပခုက္ကူနဲ့ ချောက်မြို့စတဲ့ မြန်မာပြည် အထက်ပိုင်းက မြို့ကြီးတွေမှာသာမက ပြည်မြို့နဲ့ မြန်မာပြည်အောက်ပိုင်းက ပုသိမ်မြို့၊ နောက် တောင်ကြီး စတဲ့ မြို့ကြီးတွေမှာလည်း ဆန္ဒပြမှု ဖြစ်ပွားခဲ့တာပါ။ ဒီဆန္ဒပြမှုတွေကို မျိုးဆက်သစ် ကျောင်းသားလူငယ်အဖွဲ့နဲ့ ကွန်ယက်အသီးသီးက တက်ကြွလှုပ်ရှားသူတွေလည်း အများအပြား ပါဝင်ခဲ့ကြပါတယ်။
XS
SM
MD
LG