သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပံတောင်း ဆန္ဒပြဒဏ်ရာရသူတချို့ မန္တလေးဆေးရုံပို့


မီးလောင်ဒဏ်ရာရခဲ့တဲ့ သံဃာတော်တဦး မုံရွာဆေးရုံမှာ ဆေးကုသခံယူနေစဉ်။ (နိုဝင်ဘာလ ၂၉ ရက်၊ ၂၀၁၂)။
မီးလောင်ဒဏ်ရာရခဲ့တဲ့ သံဃာတော်တဦး မုံရွာဆေးရုံမှာ ဆေးကုသခံယူနေစဉ်။ (နိုဝင်ဘာလ ၂၉ ရက်၊ ၂၀၁၂)။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အကြမ်းဖက် ဖြိုခွင်းမှုအတွင်း ထိခိုက် ဒဏ်ရာရပြီး မုံရွာဆေးရုံမှာ ဆေးကုသမှု ခံယူနေကြတဲ့ သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ်တချို့ရဲ့ ဒဏ်ရာတွေ သက်သာခြင်းမရှိတာကြောင့် မနေ့ညနေက မန္တလေးဆေးရုံကို ရွှေ့ပြောင်းလိုက်ကြပြီ ဖြစ်ပါတယ်။ လက်ပံတောင်းတောင် သပိတ်စခန်းတွေကို လုံခြုံရေး တပ်ဖွဲ့တွေက နိုဝင်ဘာလ ၂၉ ရက်နေ့ညက မီးလောင်ဗုံးတွေနဲ့ အကြမ်းဖက် ဖြိုခွင်းလိုက်ပြီးတဲ့နောက် အရေပြားမှာ မီးလောင် ဒဏ်ရာရခဲ့ကြတာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

မုံရွာဆေးရုံကြီးကနေ မန္တလေးဆေးရုံကို မနေ့ညက ရွှေလာတဲ့အထဲ အများစုဟာ ဆရာတော်၊ သံဃာတော်တွေ ဖြစ်ပါတယ်။ လူနာတွေ မုံရွာကနေ မန္တလေးဆေးရုံကို သယ်လာတဲ့ အခြေအနေတွေကိုတော့ သူတို့ကို သွားရောက် ကူညီပေးခဲ့တဲ့ မန္တလေးမြို့ခံတဦးက ပြောပါတယ်။

“မုံရွာဆေးရုံကြီးကနေ မန္တလေး အထွေထွေ ဆေးရုံကြီးကို ပြောင်းလာတာပါခင်ဗျ။ သံဃာက ၁၉ ပါး။ လူနာ ၂ ယောက်။ အားလုံးပေါင်း ၂၁ ဦး ဒီကို ရွှေ့လာပါတယ်။ ကျနော်တို့ ဂျာနယ် မျက်နှာဖုံးတွေမှာလည်း တွေ့ပါလိမ့်မယ်။ အဲဒီဆရာတော်တပါးက မျက်နှာပိုင်းမှာ တော်တော်လေးကို ရုပ်ပျက်ဆင်းပျက် ဒဏ်ရာရတဲ့ ဆရာတော်လေးလည်း ပါပါတယ်ခင်ဗျ။ သူကလည်း မန္တလေးမှာ ကြိုရောက်နေတဲ့၊ မန္တလေးမှာ စောင့်နေကြတဲ့ မန္တလေးမြို့က မြို့ခံတွေပေါ့လေ။ လူမှုကူညီရေး အဖွဲ့အစည်း ပေါင်းစုံပါပဲ။ သူတို့ကလည်း အားလုံး စောင့်နေကြပါတယ်။ ရောက်လာတော့လည်း လိုအပ်တာတွေ ဝိုင်းကူပေးနေကြတယ်ပေါ့လေ။ ဆရာတော်တွေတော့ အခု သံဃာဆောင်တွေမှာ ရောက်ပြီလို့ သိရပါတယ်။ ကျနော်တို့ ဒီမှာကတော့ လူပုဂ္ဂိုလ်ထဲကဆိုရင် မဖြူဖြူဝင်း ပေါ့လေ။ ဝက်မှေး ကျေးရွာက မိန်းကလေးလည်း သူကတော့ လက်နဲ့ ပါးမှာ ထိခိုက်တာ။ သူကတော့ သွားလို့ လာလို့တော့ ရပါတယ်။ ဒါပေမဲ့ သူ့ ဒဏ်ရာလေးတွေလည်း ဆက်ကုသဖို့ထင်တယ်။ သူလည်း ပါပါတယ်။ နောက် အရင်ရက်ကလည်း ရှိပြီးသား သံဃာသုံးပါး ရှိပါတယ်။ အခု နောက်ရောက်လာတဲ့ ၂၁ ဦး ပေါ့လေ။ သံဃာ ၁၉ ပါးနဲ့ လူပုဂ္ဂိုလ် ၂ ဦးပေါ့ ထပ်ပြီးတော့ ရောက်တယ်။ ရောက်တော့ တခုရှိတာက ကျနော်တို့ တွေ့ရတာက နေရာထိုင်ခင်းများ အခက်အခဲ ရှိမလား မသိဘူး။ နဂို ကန့်ဘလူ ဆေးရုံကနေ၊ ဆီတင်တွဲ မှောက်လို့ ရောက်လာတဲ့ လူနာတချို့တွေလည်း ရှိတယ်လို့ သိရတယ်။ အဲဒီတော့ နောက်ထပ်လည်း မုံရွာကလည်း ထပ်ရောက်မယ်လို့ ပထမတော့ ကြားတယ်။ ဒါပေမဲ့ မရွှေ့ဖြစ်သေးဘူးလို့လည်း ကြားပါတယ်ခင်ဗျ။”

လုံခြုံရေးတပ်ဖွဲ့တွေက လက်ပံတောင်းတောင် ကြေးနီစံမံကိန်းကို ကန့်ကွက် ဆန္ဒပြနေကြတဲ့ သပိတ်စခန်းတွေကို နိုဝင်ဘာ ၂၉ ရက်နေ့ ညက အကြမ်းဖက် ဖြိုခွင်းလိုက်ပြီးနောက် ရလာတဲ့ မီးလောင်ဒဏ်ရာတွေကို မုံရွာဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေကြတာမှာ ဒဏ်ရာတွေက သက်သာခြင်း မရှိတဲ့အတွက် ဆေးဝါးပစ္စည်း ပိုပြီး ပြည့်စုံတဲ့ မန္တလေးဆေးရုံကို ရွေ့ပြောင်းလာကြတာဖြစ်ပါတယ်။

“အကြမ်းဖျဉ်းတော့ ဒီက ဆရာတော် ရှင်းပြတာကတော့ မုံရွာမှာလည်း ဆရာဝန်တွေ၊ သူနာပြုတွေကလည်း ဂရုစိုက်ပါတယ်။ သို့သော်လည်း ဆေးကုသမှုပိုင်းမှာ ဒီက ပိုပြီးတော့ လိုအပ်တဲ့ အကူအညီတွေ ထပ်ပြီးတော့မှ အဆင့်မြင့်မြင့် ပိုပေးနိုင်အောင်လို့ ဆိုတဲ့ပုံစံမျိုးနဲ့ ရွှေ့လာတယ်လို့ပဲ သိရပါတယ်။ ဒါကတော့ ဆရာဝန်တွေနဲ့ ဆေးလောက က ပိုသိပါတယ်။ ဒါပေမဲ့ မျက်မြင်အားဖြင့်ဆိုရင် ဆရာတော်တွေရဲ့ မီးလောင်ဒဏ်ရာတွေက ကြည့်ရတဲ့ အနေအထားအရ ဆိုရင် ဆေးကုသမှုက ဒီထက်ပိုပြီးတော့ ခံယူရဦးမယ့် အနေအထား ရှိတယ်လေ။ သာမန် မီးလောင်တာတို့၊ သာမန် အပူလောင် တာတို့ဆိုရင် တရက်နှစ်ရက် ဆိုရင် သိသာတယ်။ ပြောင်းလဲမှုကို တွေ့ရတယ်။ အခုဟာကတော့ လောင်ကျွမ်းထားတဲ့ ဒဏ်ရာတွေက အရေပြား လောင်ကျွမ်းမှု များတဲ့နေရာတွေဆိုရင် တော်တော်လေး အရေးပြားတွေ ပျက်စီးထားတာ တွေ့တယ်လေ။ တွေ့တဲ့အခါကျတော့ ဘာပဲဖြစ်ဖြစ် သေချာလေး ဆေးကုသမှု ထပ်ယူရဦးမယ့် လက္ခဏာတွေ တွေ့တယ်။ စဖြစ်လိုက်တဲ့ ဒဏ်ရာဒဏ်ချက်တွေက ကြီးတဲ့အတွက် သိသာထင်ရှားတဲ့ အပြောင်းအလဲကတော့ ရက်ပိုင်းပဲ ရှိသေးတယ် ဆိုတော့ မမြင်ရသေးပါဘူးခင်ဗျ။”

သပိတ်စခန်းတွေကို မီးလောင်ဗုံးတွေနဲ့ ပစ်ပြီး ဝင်စီးလိုက်တာကြောင့် ထိခိုက်ဒဏ်ရာသူ အများအပြား ရှိခဲ့ပေမဲ့လည်း ဒဏ်ရာရသူ အတော်များများဟာ ဆေးရုံတွေမှာ တရားဝင် ဆေးလာကုရင် အဖမ်းခံရမှာ စိုးတဲ့အတွက် ကိုယ့်နည်းကိုယ့်ဟန်နဲ့ကိုယ် ဆေးမြီးတိုနဲ့ ကုသနေကြတဲ့သူတွေ အများအပြား ရှိနေသေးတာကြောင့် နောင်မှာ ဆေးလာကုမယ့်သူ အရေအတွက် တိုးလာနိုင်တယ်လို့ အဲဒီ မန္တလေးမြို့ခံကပဲ ပြောပြပါတယ်။

“နောက်တချက်က ကျနော်တို့ ထူးခြားတာက ရွာတွေမှာ ဖြစ်ဖြစ်ချင်း ကျနော်တို့ တချို့လည်း စိုးရိမ်ကြီးတာပေါ့လေ၊ ဆေးကုသရင်းနဲ့ အန္တရာယ် တခုခု ထပ်ပေးမလား စိုးရိမ်ပြီးတော့ မြို့ပေါ်ဆေးရုံတက်ပြီး မကုသဘဲနဲ့ အိမ်မှာတင် ကုနေတဲ့ဟာတွေလည်း ရှိသေးတယ်။ ဆိုတော့ အရေအတွက်တွေကတော့ ထပ်များလာနိုင်တယ်ခင်ဗျ။ ကျနော်တို့ ဒဏ်ရာ အကြီးအသေးသာ ကွာရင်ကွာမယ်။ ဒါပေမဲ့ အားလုံး ထိခိုက်မှုကတော့ ကျနော်တို့ မူလရထားတဲ့ အရေအတွက်တွေထက် ပိုများသွားမယ်ခင်ဗျ။ အခုဆိုရင် အကြမ်းဖျဉ်းအားဖြင့် ထိခိုက်ဒဏ်ရာ ရတာ ၇၀ ဝန်းကျင် ရှိတယ် ဆိုတာကိုတော့ ကျနော်တို့ ပြောဆိုနေကြတယ်။”

ဆေးကုသမှုခံယူဖို့ မန္တလေးအထွေထွေ ဆေးရုံကြီးကို ပြောင်းလာကြတဲ့ ဆရာတော်၊ သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ်တွေကို ဒေသခံ လူမှု အဖွဲ့အစည်းတွေနဲ့ မြို့မိ မြို့ဖတွေက မုံရွာဆေးရုံကနေ မန္တလေးဆေးရုံကို ပြောင်းဖို့အပါအဝင် ဆေးဝါးနဲ့ တခြား လိုအပ်တဲ့ အကူအညီတွေကို ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ကူညီ လုပ်ဆောင်ပေးနေကြတာ ဖြစ်ပါတယ်။

အာဏာပိုင်တွေဘက်ကတော့ အစောပိုင်းကတည်းက ဒီသံဃာတော်တွေအတွက် ကျန်းမာရေး စောင့်ရှောက်မှု တစုံတရာ ထောက်ပံ့ပေးခြင်း မရှိခဲ့သလို အခုချိန်ထိလည်း ကူညီ လုပ်ဆောင်ပေးမယ်ဆိုတဲ့ ပြောဆိုမှုမျိုး မရှိသေးဘူးလို့ လူနာတွေနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။
XS
SM
MD
LG