သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပံတောင်းအရေး ဆန္ဒပြမှု အဖမ်းအဆီးတချို့ရှိ


လက်ပံတောင်းတောင် အကြမ်းဖက် နှိမ်နင်းမှုတွေကို ရှုတ်ချတဲ့ သံဃာတော်တချို့ ရန်ကုန်မြို့မှာ ချီတက်လမ်းလျှောက် ဆန္ဒပြခဲ့ကြစဉ်။ (နိုဝင်ဘာလ ၃၀၊ ၂၀၁၂)။
လက်ပံတောင်းတောင် အကြမ်းဖက် နှိမ်နင်းမှုတွေကို ရှုတ်ချတဲ့ သံဃာတော်တချို့ ရန်ကုန်မြို့မှာ ချီတက်လမ်းလျှောက် ဆန္ဒပြခဲ့ကြစဉ်။ (နိုဝင်ဘာလ ၃၀၊ ၂၀၁၂)။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ငြိမ်းချမ်းစွာ ဆန္ဒပြမှုကို အာဏာပိုင်တွေက အကြမ်းဖက် နှိမ်နင်းခဲ့တဲ့အပေါ်မှာ ရှုတ်ချတဲ့ အနေနဲ့ မန္တလေး၊ ရန်ကုန်နဲ့ မြင်းခြံမြို့တွေမှာ သံဃာတော်နဲ့ပြည်သူတချို့ ဒီကနေ့ ချီတက် ဆန္ဒပြခဲ့ကြသလို ရန်ကုန်မြို့မှာတော့ ဒီကနေ့ ဆန္ဒပြ ခေါင်းဆောင်တချို့ ဖမ်းဆီးခံခဲ့ရပါတယ်။ တချိန်တည်းမှာလည်း လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း သပိတ်စခန်းတွေကို အကြမ်းဖက် နှိမ်နင်းမှုကြောင့် မီးလောင်ဒဏ်ရာ ရကြတဲ့ သူတွေလည်း မန္တလေး ဆေးရုံကြီးကို ထပ်ပြီး ရောက်ရှိလာကြပါတယ်။ ဒီ အခြေအနေတွေနဲ့ ပတ်က်လို့တော့ ဆက်သွယ်စုံစမ်းထားတဲ့ မသိင်္ဂီထိုက်က တင်ပြထားပါတယ်။

ရန်ကုန်မြို့တော်မှာ လက်ပံတောင်းတောင် သပိတ် အကြမ်းဖက် ဖြိုခွဲခံရမှုနဲ့ ပတ်သက်ပြီး ဆန္ဒပြကြတာမှာ လတ်တလော ဆန္ဒပြသူ ၂ ဦး ဖမ်းဆီးခံရပါတယ်။ ဆန္ဒပြ လူအုပ်ကြားကနေ ရဲတွေက အတင်းအဓမ္မ ဆွဲထုတ်ပြီး ဖမ်းဆီးခဲ့တာ ဖြစ်ပြီး တရားရုံးက ဖမ်းဝရမ်းနဲ့ ဖမ်းဆီးတာလို့ ရဲတွေက ပြောပေမဲ့ ဖမ်းဝရမ်းကို မပြဘူးလို့လည်း ဆိုပါတယ်။ ဖမ်းဆီးမှုကို မျက်မြင်တွေ့ရသူ တဦးက အခုလို ပြောပါတယ်။

“ရွှေဂုံတိုင် ဗန်ဒါပင် မှတ်တိုင်လောက်မှာ စပြီးတော့ ပထမဆုံး သူတို့က လူအုပ်ထဲကို ကိုမိုးသွေးကို ဝင်ဆွဲတယ်။ ကျမတို့ လူအုပ်က ပြန်ဆွဲတယ်။ ပြန်ဆွဲပြီးတော့ နည်းနည်း စကားများတယ်။ ပြီးတော့ သူတို့က နောက်ဆုတ်သွားတယ် အဲဒီအချိန်မှာ။ နောက်ဆုတ်သွားတော့ ညီမ တို့ ဆက်လျှောက်တယ်။ ဆက်လျှောက်ပြီးနောက်ပိုင်းမှာ ကိုမိုးသွေးတို့ အရင်သွားနှင့်မယ်ဆိုပြီးတော့ တက္ကဆီ ငှားလိုက်တယ်။ ငှားပြီးတော့ သူတို့ လူ လေးငါးယောက်လောက် တက္ကဆီပေါ် တက်ပြီးတော့ သူတို့ တက္ကဆီက အထွက်၊ နောက်က ရဲကားက အလိုက်။ သူတို့ လိုက်ပြီးတော့ ညီမတို့ လူအုပ်နဲ့ ခပ်လှမ်းလှမ်း ရောက်သွားတဲ့အချိန်မှာ ရဲကားက တက္ကဆီကို ပိတ်ပြီးတော့ ကားပေါ်ကနေ ဆွဲချပြီးတော့ ကိုမိုးသွေးကို အရင် ခေါ်သွားတယ်။ ကိုမိုးသွေးကို အရင် ခေါ်သွားပြီးတော့ နောက်မှာ ကိုအောင်စိုး ဆိုတဲ့ အစ်ကိုတယောက်ကို ကျတော့ အဲဒီ တက္ကဆီကားပေါ်မှာပဲ ကိုအောင်စိုးရယ်၊ နှစ်ယောက် သုံးယောက် လောက်ရယ်ကို အဲဒီ တက္ကဆီကားပေါ် တင်ပြီးတော့ တက္ကဆီသမားကို မောင်းမောင်းဆိုပြီးတော့ အတင်း မောင်းခိုင်းပြီးတော့ ခေါ်သွားတယ်အစ်မ။”

ရွှေတံဂုံဘုရား အရှေ့ဘက်မုဂ်မှာ လူစုပြီး ဆန္ဒပြ ချီတက်ကြသူ ၃၀၀ လောက် ရှိတယ်လို့ လည်း ပြောပါတယ်။ ဖမ်းဆီးမှုတွေ ရှိပေမဲ့လည်း ဆန္ဒပြပွဲကို အပြီးထိ ချီတက်ခဲ့ကြတယ် လို့လည်း မျက်မြင်တွေ့သူတွေက ပြောပါတယ်။

မန္တလေးမြို့က သံဃာတော် အပါး ၂၀၀ လောက်ဟာ ဒီကနေ့ တနင်္ဂနွေနေ့ နေ့လယ်ပိုင်းက လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်ကို အကြမ်းဖက် နှိမ်နင်းခဲ့တာကို ဆန့်ကျင် ဆန္ဒပြ ချီတက်ခဲ့ကြပါတယ်။ မန္တလေး ဒေသခံ စာရေးဆရာ ဦးညီပုလေးကတော့ ဒီကနေ့ ဆန္ဒပြပွဲကို အခုလို ပြောပြပါတယ်။

“မန္တလေးမှာ သံဃာတွေ ချီတက်ပြီး ဆန္ဒပြပါတယ်ခင်ဗျ။ နေ့လယ် ၁ နာရီနဲ့ ၂ နာရီကြားမှာပါ။ ဘာမှဖြစ်တယ်လို့ မကြားမိဘူးခင်ဗျ။ ကျနော် ပြီးခဲ့တဲ့ မိနစ် ၂၀ လောက်က သူတို့နဲ့အတူ ရှိတယ်။ အဲဒီအထိတော့ ချောချောမောမော ပါပဲ။ လက်ပံတောင်း ကိစ္စပါပဲ။ သံချပ်လို ဟာမျိုး ကြွေးကြော်သံမျိုး ပါပါတယ်။ ဒါပေမဲ့ အကျယ်ကြီးတော့ သံပြိုင်လုပ်တာ မဟုတ်ပါဘူးခင်ဗျ။ စာရွက်တွေမှာ ရေးပြီးတော့ တိုင်တဲ့သူက တိုင်ပြီး ဟစ်ကြွေးတဲ့သူက ဟစ်ကြွေးပါတယ်။ သို့သော် ၂ ပါးစီ ချီတက်တဲ့အတွက် ၄ ပါးလောက် ၆ ပါးလောက်ရဲ့ အသံလောက်ပဲ ထွက်ပါတယ်။ အဲဒါက တအုပ်စု၊ နောက်တအုပ်စုကလည်း အဲဒီလိုပဲ တပါးက တိုင်ပြီး ကျန်တဲ့ ၄ ပါး ၅ ပါးက ဝိုင်းပြီးတော့ အော်တဲ့ဟာလောက်ပဲ ရှိတယ်။ ၂၀၀ လုံးရဲ့ အသံပြိုင်တူ အသံချဲ့စက် ပါတဲ့ပြိုင်တူ အော်ရတာ ကြွေးကြော်ရတာမျိုးတော့ မရှိဘူးခင်ဗျ။”

သံဃာတော်တွေဟာ မန္တလေးမြို့ မဟာမြတ်မုနိ ဘုရားကြီး အနားမှာ စုဝေးခဲ့ကြပြီး ၈၁ လမ်းမကြီး ကနေ တဆင့် ၃၈ လမ်း တလျှောက် ချီတက်ခဲ့ကြပါတယ်။ အဲဒီနောက် ၇၈ လမ်းမကြီးဘက်ကို ဆက်လက် ကြွချီခဲ့ကြပြီး လူစုခွဲခဲ့ကြပါတယ်။ နေ့လယ် ၁ နာရီခွဲလောက်က စခဲ့တဲ့ ဒီချီတက် ဆန္ဒပြပွဲမှာ သံဃာတော်တွေကို လူထုက ဝန်းရံခဲ့ကြတယ်လို့လည်း ဆိုပါတယ်။ သံဃာတော်တွေက အကြမ်းဖက်မှုကို ဆန့်ကျင်တဲ့ သံချပ်တွေတိုင်ပြီး ချီတက်ခဲ့ကြတာလို့လည်း မန္တလေး ဒေသခံ သတင်းစာဆရာ တဦးဖြစ်တဲ့ ကိုမင်းထက်ငြိမ်းချမ်းက ပြောပြပါတယ်။

“ကျနော်တို့ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြတာ။ အေးအေးချမ်းချမ်း ကန့်ကွက်တာ။ ငြိမ်ငြိမ်သက်သက် ကန့်ကွက်တာ။ အပြစ်မဲ့တဲ့ တို့ပြည်သူ၊ စစ်တပ်ကိုင်တဲ့လက်နက်ဟာ တရုတ်ကြီးကို ဖားဖို့ကြံ။ အဲဒါမျိုးတွေပေါ့ဗျာ။ သူက သံချပ်ပေါ့ဗျာ။ ဥပမာ ဆိုရင်
စစ်တပ်ကိုင်တဲ့လက်နက်ဟာ - တို့ပြည်သူကို သတ်ဖို့မဟုတ်ဘူး။
တရုတ်ကြီးကို ဖားဖို့ကြံ - ပြည်သူ့အသံ နားစွင့်ပါဦး။
အဲဒါမျိုးလေးတွေကို ကျနော်တို့ ရွတ်ဆိုတာတွေ့ရတယ်။ အကုန်လုံးတော့လည်း မမှတ်မိဘူးခင်ဗျ။ ဘေးကနေ ကြားတာတော့ အဲဒီလို ကြားရတယ်လေ။”

နိုဝင်ဘာလ ၂၉ ရက်နေ့က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဆန့်ကျင်တဲ့ သပိတ်ကို အကြမ်းဖက် နှိမ်နင်းမှုကြောင့် မီးလောင်ဒဏ်ရာတွေ ရထားကြတဲ့ ရဟန်းတွေနဲ့ လူပုဂ္ဂိုလ်တွေလည်း မန္တလေးဆေးရုံကြီးကို ထပ်ပြီး ရောက်လာကြပါတယ်။ ဒီ မီးလောင်ဒဏ်ရာရထားတဲ့ ရဟန်းတွေကို ဒီကနေ့ လာရောက် လှူဒါန်းတဲ့ သာသနာရေး ဝန်ကြီးဌာနက အလှူကိုတော့ ဆရာတော်တွေက သပိတ်မှောက်လိုက်ကြတယ်လို့ ဆေးရုံမှာ ရှိနေတဲ့ ကိုသိန်းအောင်မြင့်က အခုလို ပြောပါတယ်။

“မနေ့က ညက ၁၀ နာရီလောက်ကတော့ သံဃာ ၁၈ ပါးနဲ့ လူ ၂ ဦး စိုက်ရောက်တယ်ပေါ့ခင်ဗျာ။ ပထမရက်ကတော့ သံဃာ ၃ ပါးပေါ့။ ၁ ပါးကတော့ ဒီ ဆေးရုံတက်လို့မရလို့ မျက်စိ ဆေးရုံ ဆိုတော့၊ မျက်စိ ဆေးရုံမတက်ဘဲ ကျောင်းတိုက် ပြန်ကြွသွားတာပေါ့။ သံဃာ ၂ ပါး ရှိတာပေါ့။ မနေ့က ထပ်ပြီးတော့ သံဃာ ၁၈ ပါးနဲ့ လူ ၂ ဦး ထပ်ရောက်လာတာပေါ့ဗျာ။ အခုတော့ လက်ရှိ သံဃာ အပါး ၂၀ နဲ့ လူ ၂ ဦးပေါ့ခင်ဗျာ။ နောက် နာရီပိုင်းလောက်ဆိုရင်တော့ ကျနော်တို့ ကြားထားတာက မုံရွာကနေ ထပ်ပြီးတော့ ရွှေ့လာတဲ့ သံဃာတွေရော၊ ဒဏ်ရာရတဲ့သူတွေရော ၃၂ ဦးလို့တော့ ကြားတယ်ခင်ဗျ။ အခုလက်ရှိတော့ မရောက်သေးဘူး။ စောစောက လှမ်းဖုန်းဆက်တာတော့ အုန်းကြော လောက်ရောက်ပြီ ကြားတယ်ဗျ။ ဆေးရုံ တက်နေတဲ့ ဘုန်းကြီးတွေ အခြေအနေကတော့ မနေ့က ကျနော်တို့ တွေ့ရတဲ့ အခြေအနေကတော့ တော်တော် ဆိုးရွားတယ်ပေါ့။ သူက ဒဏ်ရာတွေကတော့ မြင်ရက်စရာ မကောင်းဘူးပေါ့ခင်ဗျာ။ တချို့ကျတော့လည်း ဒဏ်ရာ အနေအထားတွေက အရမ်း ရုပ်မဆိုးပေမဲ့ ရရှိထားတဲ့ဒဏ်ရာတွေက ကိုက်ခဲနေလို့ ကိုက်ခဲတဲ့ဝေဒနာ တော်တော် ခံစားရတယ်လို့ သံဃာတွေက ပြောကြားတာ ကျနော်တို့ ကြားသိရတယ်။”

သပိတ်စခန်းတွေကို ဖြိုခွဲပြီးတဲ့နောက်မှာ ဆေးရုံကို ရောက်လာတဲ့ မီးလောင်ဒဏ်ရာရသူ အနည်းငယ်ပဲ ရှိခဲ့ပေမဲ့လည်း အခုနောက်ပိုင်းမှာ မုံရွာခရိုင်ထဲက ကျေးရွာတွေ မုံရွာ မြို့ပေါ်က ဘုန်းတော်ကြီး ကျောင်းတွေကနေ လူနာတွေ ထပ်ပြီး ရောက်လာနေကြပါတယ်။ သပိတ် စခန်း အကြမ်းဖက် ဖြိုခွဲမှုမှာ မီးလောင်ဒဏ်ရာ ရကြသူ အတော်များများက အဖမ်းအဆီးခံရမှာကို စိုးရိမ်မှုတွေကြောင့် ကိုယ့်နေရပ်မှာ ပုန်းရှောင်နေပြီး ဆေးမြီးတိုတွေနဲ့ ကုသနေတာကနေ အခု နောက်ပိုင်း ဒဏ်ရာတွေ မသက်သာမှုကြောင့် ဆေးရုံကို ထပ်ပြီး ရောက်ရှိလာကြတာလို့လည်း အကူအညီပေးနေသူတွေက ပြောကြပါတယ်။ ဒီကနေ့ မြင်းခြံမြို့မှာလည်း ဒီအကြမ်းဖက်နှိမ်နင်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့ ကြပါတယ်။
XS
SM
MD
LG