သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပံတန်း ဆန္ဒပြကျောင်းသားများ ရုံးထုတ်


ဖမ်းဆီးခံဆန္ဒပြကျောင်းသားတွေကို လက်ပံတန်းတရားရုံးကို ထုတ်စဉ်ကပုံ (ဓာတ်ပုံ - ရှေ့နေကြီးဦးရောဘတ်စန်းအောင်ရဲ့ Facebook စာမျက်နှာ)
ဖမ်းဆီးခံဆန္ဒပြကျောင်းသားတွေကို လက်ပံတန်းတရားရုံးကို ထုတ်စဉ်ကပုံ (ဓာတ်ပုံ - ရှေ့နေကြီးဦးရောဘတ်စန်းအောင်ရဲ့ Facebook စာမျက်နှာ)

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်နိုင်ရေးအတွက် ကန့်ကွက် သပိတ်မှောက်ခဲ့တာကြောင့် ထိန်းသိမ်းခံထားရတဲ့ ကျောင်းသားတွေကို သာယာဝတီတရားရုံးမှာ ရုံးထုတ်စစ်ဆေးနေရာမှာ ကျောင်းသားခေါင်းဆောင်တွေ ကို အနည်ဆုံး ၁၀ မှုကနေ အများဆုံး ၆၅ မှုအထိ တိုးပြီး တရားစွဲဆိုထားပါတယ်။ ဒီနေ့မှာတော့ အာမခံနဲ့ ၂ ဦး ပြန်လည်လွှတ်ပေးခဲ့ပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်သပိတ်မှောက်ပြီး ခရီးရှည်ချီတက်တာကြောင့် ထိန်းသိမ်းခံခဲ့ရတဲ့ ကျောင်းသားတွေကို သာယာဝတီမြို့နယ် တရားရုံးမှာ ရုံးထုတ်စစ်ဆေးရာမှာ ကျောင်းသားခေါင်းဆောင် တချို့ဟာ အမှု ၁၀ မှုကနေ ၆၅ မှုအထိ တရားစွဲဆိုခံနေရတယ်လို့ ကျောင်းသားခေါင်းဆောင် ကိုနန္ဒစစ်အောင် က ဆိုပါတယ်။

“အရင် ကျနော် မှတ်ထားတာတော့ဗျာ ၆၁ မှုရှိတယ်ဗျ။ နောက်ထပ် ပြည်ရယ်၊ ပေါင်းတည်ရယ်၊ ရွှေတောင်ရယ်က ၃ မှုလာပြီးတော့ စွဲတယ်၊ ပြီးတော့ တာမွေက ၁ မှုစွဲတယ်၊ အားလုံးပေါင်း ၄ မှုပေါ့။ အဲဒီ ၄ မှု ထပ်တိုးသွားတာပါ။ ၆၅ မှုပေါ့။ ဗကသ ကို အစိုးရကနေ အစောကြီးကတည်းက ရည်ရွယ်ချက်ရှိရှိ ဖြိုခွဲဖို့ ဖြိုဖျက်ဖို့ ရည်ရွယ်ချက်ရှိတယ်လို့ သိသာထင်ရှားစေတယ်။ နောက်တချက်ကဘာလဲ၊ ဒုတိယတချက်က အဲဒီကျောင်းသားခေါင်းဆောင်တွေထဲကမှ ကျနော်တို့လို ပိုပြီးတော့ ဗကသကျောင်းသားခေါင်းဆောင်တွေထဲကနေ ဘယ်သူ့ဘယ်သူကိုတော့ နှစ်တွေအများကြီး ထောင်ချမယ်ဆိုတဲ့ ရည်ရွယ်ချက်ရှိရှိနဲ့ စနစ်တကျ ပြင်ဆင်ထားတယ်လို့ ကျနော့်အနေနဲ့ အဲလိုပဲ မြင်ပါတယ်။”

ကိုနန္ဒစစ်အောင်၊ မဖြိုးဖြိုးအောင်၊ ကိုမင်းသွေးသစ် တို့ကို သူတို့ချီတက်ခဲ့ရာ လမ်းတလျှောက်က မြို့နယ်အလိုက် တရားစွဲဆိုမှုတွေ ဆက်လုပ်နေတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ လကုန်ပိုင်းတုန်းက အကျဉ်းထောင်ထဲမှာ ဆေးလိပ်သယ်ဆောင်တဲ့အတွက် ကျောင်းသားနဲ့ ဝန်းရံပြည်သူတချို့ကို တိုက်ပိတ်ခဲ့ပြီး နောက်ထပ်ပုဒ်မတွေနဲ့ တရားစွဲဆိုမှုတွေ လုပ်လာတယ်လို့လည်း တိုက်ပိတ်ခံရသူ ကိုအောင်မြင့်ဟန် က ဆိုပါတယ်။

“ကျနော်တို့က ၃၀ ရက်နေ့ ရုံးချိန်းမှာတုန်းက ဆေးလိပ်ကို ထောင်ထဲယူတယ်။ တရားမဝင် ပစ္စည်းထည့်လာတယ်ဆိုပြီး ကျနော်တို့ကို တိုက်ပိတ်တယ်လေ။ တိုက် ၁၅ ရက် ပိတ်တယ်ပေါ့နော်။ တိုက် ၁၅ ရက် ပိတ်တဲ့အပြင်ကို အခု ကျနော်တို့ကို သာယာဝတီတရားရုံးမှာ ပုဒ်မ ၄၂ နဲ့ပေါ့ ကျနော်တို့ကို တရားစွဲထားတယ်။ ထောင်မှာလည်း ကျနော်တို့ကို တိုက် ၁၅ ရက် ပိတ်ထားပြီးသားပေါ့။ အဲလို အခုလို ပုဒ်မ ၄၂ နဲ့ ထပ်ပြီး တရားစွဲတာကျတော့ ပြစ်ဒဏ် ၂ ကျော့လို ဖြစ်နေတယ်လေ။ ကျနော်တို့ ဒီလို သယ်ခဲ့တယ်ဆိုတာကလည်း ဆေးလိပ်ကို သူ နားလည်မှုပေးပါမယ်၊ ထောင်ပိုင်ပေါ့ ကိုဇော်စစ်အောင်ပေါ့ သူက နားလည်မှု ပေးပါမယ်ဆိုလို့ ကျနော်တို့က သယ်တာဗျ။ ကျနော်တို့ကို ထောင်ဖမ်းသလို ဖြစ်သွားတာပေါ့နော်။”

ဒီနေ့မှာပဲ ကျန်းမာရေးမကောင်းသူ ကိုခင်လှိုင်နဲ့ အဝေးသင်ကျောင်းသားတဦးကိုလည်း အာမခံပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်က ရုံးထုတ်ချိန်မှာလည်း အဝေးသင်ကျောင်းသားတချို့နဲ့ ဆေးရုံတက်နေရတဲ့ ဝန်းရံပြည်သူတဦးကို အာမခံပေးခဲ့ပါတယ်။ ဒါပေမဲ့လည်း သူတို့အားလုံးဟာ အမှုကို ဆက်လက် ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ အာမခံနဲ့ လွတ်မြောက်လာတဲ့ ကိုခင်လှိုင်ကတော့ အပြင်မှာ ဆေးကုသမှုတွေ ဆက်လုပ်ရမယ်လို့ ဆိုပါတယ်။

“ကျနော်ကတော့ အခုလက်ရှိမှာတော့ အပြင်မှာ ပြန်ပြီးတော့ ဒီအစာအိမ်ရောဂါကို အကင်းသေအောင် လုံး၀ အရှင်းပျောက်သွားအောင်တော့ ကုရမှာပေါ့နော်။”

ပြီးခဲ့တဲ့မတ်လ ၁၀ ရက်နေ့က လက်ပံတန်းမြို့နယ်တွင်းမှာ ရိုက်နှက်ဖမ်းဆီးခံရသူ ကျောင်းသားတွေဟာ ဦးခေါင်းနဲ့ပတ်သက်တဲ့ ဝေဒနာတွေ ခံစားနေရပြီး အပြင်မှာ ဆေးဝါးကုသစစ်ဆေးခွင့် လိုအပ်နေသူ ၁၀ ဦးခန့် ရှိတယ်လို့ ကျောင်းသားခေါင်းဆောင် ကိုမင်းသွေးသစ် က ပြောပါတယ်။

“ယောကျာ်းလေးတော်တော်များများက ခေါင်းတွေ အရိုက်ခံထားရတာ။ တချို့တွေက နှာခေါင်းရိုးကျိုးသွားပြီး ထောင်ထဲရောက်မှ သူ့ဟာသူ ပြန်ဆက်သွားတာမျိုးတွေလည်း ရှိတယ်။ နောက် တချို့တွေက ခေါင်းအမြဲတမ်းကိုက်နေတယ်။ အခုအချိန်အထိ မကြာခဏ ခေါင်းကိုက်နေလို့ ထောင်ထဲက ဆေးခန်းမှာ ခေါင်းကိုက်ပျောက်ဆေး သွားသွားသောက်ရတဲ့သူတွေ ရှိတယ်ပေါ့။ အများစုကတော့ ခေါင်းရိုက်ခံရပြီးတော့မှ အကုန်လုံးက ခေါင်းကို အနည်းဆုံး ၄၊ ၅ ချက်လောက် အရိုက်ခံရပြီးတော့မှ ထောင်ထဲရောက်လာတာ။ တချို့တွေကျတော့ တယောက်တည်းကိုပဲ အချက် ၂၀ လောက် အရိုက်ခံရတယ်။ အဲလိုမျိုးတွေတော့ ပိုဆိုးတယ်ဆိုတော့ အဲလိုလူမျိုးတွေကတော့ ၁၀ ယောက်ဝန်းကျင်လောက်ရှိတယ်။ ခေါင်းကိုစည်းပြီး Scan ပြန်ဖတ်ဖို့၊ အာရုံကြောတွေ ပြန်ပြီး စစ်ဆေးဖို့ပေါ့။”

ပြီးခဲ့တဲ့ရုံးချိန်တွေအတွင်းမှာတော့ ဝန်းရံပြည်သူ ၂ ဦးဟာ သတိမေ့လဲသွားတာကြောင့် ဆေးရုံကိုပို့ပြီး ခွဲစိတ်ကုသမှု ခံခဲ့ရတာပါ။ အကျဉ်းထောင်တွင်းက ကျောင်းသားတွေနဲ့ ဝန်းရံပြည်သူတွေကို ကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးဖို့နဲ့ အမြန်ဆုံး ပြန်လွှတ်ပေးဖို့အတွက် ပြည်တွင်းပြည်ပမှာရှိတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ လူအခွင့်အရေး လှုပ်ရှားသူတွေ တက်ကြွလှုပ်ရှားသူတွေက တောင်းဆိုနေကြပါတယ်။

XS
SM
MD
LG