သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပန်းတောင်းတောင် စီမံကိန်းရပ်တန့်ရေး သပိတ်တား


တောင် ၃၃ လုံးကို ဖြိုချနေသည့် လက်ပန်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေးကန့်ကွက်တားဆီးနေသော ရဟန်း၊ ရှင် လူများ။( ၁၁၊ ၂၀၊ ၂၀၁၂။)
တောင် ၃၃ လုံးကို ဖြိုချနေသည့် လက်ပန်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေးကန့်ကွက်တားဆီးနေသော ရဟန်း၊ ရှင် လူများ။( ၁၁၊ ၂၀၊ ၂၀၁၂။)
လက်ပန်းတောင်း ကြေးနီစီမံကိန်းကို မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီလီမီတက်နဲ့ မြန်မာ ဝမ်ပေါင် ကုမ္ပဏီတို့က ဆက်လက်လုပ်ဆောင်နေတဲ့အတွက် ဒေသခံတွေနဲ့အတူ သံဃာအပါး ၂၀၀ ကျော်က စီမံကိန်းရပ်တန်ရေးအတွက် သပိတ်စခန်း ၃ ခုဖွင့်ပြီး တားဆီးလိုက်ပြီးတဲ့နောက် စီမံကိန်း လုပ်နေ တာတွေ လက်ရှိမှာ ရပ်တန့်နေပါတယ်။ အခြေအနေ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

လက်ပန်းတာင်းတောင် ကြေနီးစီမံကိန်းက လက်ပန်းတောင်းတောင်ရဲ့ တောင် ၃၃ လုံးကို ဖောက် လုပ်ပြီး စီမံကိန်းကို အကောင်အထည်ဖော်နေတဲ့အတွက် စီမံကိန်းရဲ့အချက်အခြာနေရာ ၃ ခုမှာ သပိတ်စခန်းဖွင့်ပြီး တားမြစ်လိုက်တဲ့အကြောင်း ဒေသခံတွေနဲ့အတူ ရှိနေတဲ့ ရန်ကုန်၊ ပြည်သူ့ အကျိုးဆောင်ကွန်ယက်က ကိုအောင်စိုးက အခုလိုပြောပါတယ်။

“သပိတ်စခန်းမှာတော့ သံဃာအင်အားစု ၂၀၀ ကျော်လောက် ရှိတယ်။ လူအင်အားကလည်း အနည်းဆုံး ၅၀၀ ကျော်လောက် ရှိတယ်။ တောင်ပေါ်မှာဆိုရင် တကယ့် main နေရာကို ကျနော်တို့ တက်စီးနိုင်တယ်။ သပိတ်စခန်း နှစ်ရက်မြောက်တဲ့နေ့မှာ တကယ့်အဓိကလုပ်နေတဲ့ လယ်တီ ဆရာတော်ဘုရား ကျောင်းကြီးကို ကျနော်တို့ တက်စီးနိုင်ခဲ့ပါပြီ။ အခုဆိုရင်ဆက်တိုက် ဆန္ဒဖော် ထုတ် နေတယ်။ ဒီနေ့ဆိုရင် အပေါ်ဆုံးမှာရှိတဲ့ အလုပ်တွေအားလုံးက ပြီးခဲ့တဲ့နေ့က ရပ်တယ်။ တောင် အောက်မှာ ရှိနေတဲ့ စက်ကြီးတွေ- အုတ်ခွဲစက်တို့၊ ကျောက်ကြိတ်စက်တို့- အုတ်ဖုတ်စက်တို့ အကုန်လုံးကို လိုက်ရပ်ခိုင်းနေတယ်။ ကားတွေကိုလည်း မမောင်းခိုင်းဘူး။ အလုပ်သမားတွေကိုလည်း အဝင်မခံဘူး။ အဲဒီလိုမျိုး သပိတ်တားထားပါတယ်။ လက်ရှိမှာတော့ သူတို့ အလုပ်တွေ အားလုံးကို ရပ်အောင် တားထားနိုင်တယ်။”

အဓိက သပိတ်စခန်း ၃ ခု ဖွင့်ထားရာမှာ စီမံကိန်းရဲ့ ရှေ့တည့်တည့်နဲ့ တရုတ်ကုမ္ပဏီဖြစ်တဲ့ မြန်မာ-ဝမ်ပေါင်ရှေ့မှာ သပိတ်စခန်း နှစ်ခုဖွင့်ထားပြီး တောင် ၃၃ လုံးကို ဖောက်ပြီး စီမံကိန်းလုပ်နေတဲ့ လယ်တီဆရာတော်ဘုရားကြီးရဲ့ သာသနာ့မြေနေရာမှာ သပိတ်စခန်းကို အထိုင်ချဖွင့်လိုက် တာ ဖြစ်ပါတယ်။

“ သူတို့က တောင် ၃၃ လုံးကို ဖြိုပြီးရင် အဲဒီကနေပြီး ကားနဲ့ တက်မယ်၊ တောင် ၃၃ လုံးကို အဲဒီ လမ်းတွေကနေပြီးတော့ ဖြတ်တက်မှာပါ။ ကျနော်တို့ သပိတ်တားတဲ့အဖွဲ့တွေကလည်း အဲဒီအပေါ်မှာ အင်အား ၁၀၀ ကျော်လောက် ရှိပြီးတော့ တောင် ၃၃ လုံးကို ဖြိုနေတဲ့ဘက်တွေကို လိုက်ရပ်ထား တယ်။ အဲဒီနေရာတွေက သူတို့ရဲ့လုပ်ငန်းတွေ အဓိကလုပ်ငန်းနေရာပါပဲ။ တောင်ဖြိုတယ်၊ မြေ စာတွေ သယ်တယ်၊ မြေပို့တယ်။ အဲဒါတွေအားလုံးဟာ ဒုတိယသပိတ်စခန်းမှာ အဓိကနေရာတွေပေါ့။”

လက်ရှိမှာတော့ ဒေသခံတွေဘက်က ဆွေးနွေးမှုတွေကို လမ်းဖွင့်ထားတဲ့အကြောင်း ပြောပါတယ်။
“ကျေးရွာမှူးတွေကတော့ ဆွေးနွေးဖို့အတွက် လမ်းစဖွင့်ထားတယ်။ ပြည်ထောင်စုဝန်ကြီးတွေ လာရောက် ဆွေးနွေးစေချင်တယ်။ သူတို့ဘက်ကတော့ လုံထိန်းအင်အားတွေနဲ့ တားတာတွေ မရှိဘူး။ ခြံစည်းရိုးတွေကတော့ သူတို့လုံခြုံရေးအတွက်ကတော့ သူတို့ တံခါးတွေ ပိတ်ထားတယ်ပေါ့နော်။”

အဓိက အချက်အချာကျတဲ့နေရာမှာ သပိတ်စခန်းလုပ်ထားတဲ့အတွက် အဲဒီ နေရာတွေကို သွားမယ့် နေရာတွေကိုတော့ လုံထိန်းတွေက တာဆီးမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

“ Main လမ်းတွေကို သူတို့ပိတ်ထားပြီးတော့ မတက်ခိုင်းဘူး။ ဒါကြောင့် မိုင်တော်တော် များများ လျှောက်ပြီးတော့ တောလမ်းတွေကနေ အစားအသောက် ပို့ရတာတွေက တော်တော် ခက်ခဲပါတယ်။ အပေါ်ကလူတွေကလည်း လက်ပန်းတောင် စီမံကိန်း မရပ်မချင်း မဆင်းတော့ဘူး၊ သူတို့တွေကလည်း အပေါ်မှာပဲ ထိုင်တော့မယ်။ အပေါ်မှာပဲ လိုက်တားမယ်။ အဲဒီတော့ သူတို့အတွက် အစားအသောက်၊ ဆေးတွေ အဓိက လိုပါတယ်။”

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကြောင့် ရွာပေါင်း ၂၆ ရွာကလယ်မြေဧကပေါင်း ၇,၈၀၀ ဆုံးရှုံးခဲ့သလို ရွာ လေးရွာကို ရွှေ့ပြောင်းခိုင်းထားတဲ့အတွက် ဒေသခံတွေနဲ့ ကုမ္ပဏီတွေကြား တင်းမာမှုတွေ ဖြစ်လာခဲ့တာပါ။

နောက်ပိုင်းမှာတေ့ာ ဒေသခံတွေဘက်က သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှုနဲ့ ရေရှည် လုပ်ကိုင် စားသောက်ဖို့အတွက် လယ်မြေတွေ ပျက်စီးနိုင်တဲ့အရေးကြောင့် စီမံကိန်းကိုရပ်ဖို့ ပြီးခဲ့တဲ့ သြဂတ်စ်လကတည်းက တောင်းဆိုနေခဲ့တာဖြစ်ပါတယ်ရှင်။
XS
SM
MD
LG