သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြေးနီတောင်စီမံကိန်း ရပ်ဆိုင်းဖို့ ၂၆ ရွာ ဆန္ဒပြတောင်းဆို


လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းလုံးဝရပ်ဆိုင်းရေး တောင်းဆို ဆန္ဒပြနေကြသူများ ( ၀၉/၁၂/၁၂။)
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းလုံးဝရပ်ဆိုင်းရေး တောင်းဆို ဆန္ဒပြနေကြသူများ ( ၀၉/၁၂/၁၂။)
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်အတွင်းက လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး တောင်းဆို ဆန္ဒပြမှုတွေကို ဆက်တိုက်ဆောင်ရွက်နေတဲ့ ရွာပေါင်း ၂၆ ရွာက ရာနဲ့ ချီတဲ့ ဒေသခံတွေဟာ ဆယ်တဲရွာမှာ လူထုအစည်းအဝေးပွဲလုပ်ပြီးတော့ ရွာသားတွေအနေနဲ့ နစ် နာကြေးကို မလိုချင်တဲ့အကြောင်း၊ စီမံကိန်းရပ်တန့်ဖို့ကိုပဲ လိုလားကြောင်းကို သဘောထား ထုတ်ပြန်ခဲ့ကြပါတယ်။ ဒီကြေးနီတောင် စီမံကိန်းကြောင့်မို့လို့ လယ်မြေဆုံးရှုံးမှုတွေ၊ ရွာတွေ ပြောင်းရွှေ့ခံရတာတွေ သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးရတာတွေနဲ့ လူ့အခွင့် အရေးချိုးဖောက်မှုတွေ ဖြစ်ရတာကို မကျေနပ်ကြတဲ့ ဒေသခံတွေက ဆန္ဒပြ တောင်းဆိုနေကြတာပါ။

အာဏာပိုင်တွေဘက်က ဆန္ဒပြသူတချို့ကို ဖမ်းဆီးခဲ့ပြီးတဲ့နောက်ပိုင်းမှာ အခြေအနေတွေက ပိုပြီး တင်းမာလာသလိုပဲ ဆန္ဒပြမှုတွေကလည်း တဖြည်းဖြည်းနဲ့ အရှိန်မြင့်လာနေတာလည်း ဖြစ်ပါတယ်။ ဒီအခြေအနေတွေကို ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေးအတွက် ၆ ကြိမ်မြောက် လူထု အစည်းဝေးပွဲ ကို ဆည်တဲရွာမှာ ပြုလုပ်ခဲ့ရာမှာ ရွာပေါင်း ၂၆ ရွာကို ကိုယ်စားပြုတဲ့ ရွာသား ၃၀၀ ကျော်တက်ခဲ့ပြီး ကြားဝင် ဆောင်ရွက်ပေးသူတွေအနေနဲ့ လက်ပန်းတောင်းတောင် စီမံကိန်းတခုလုံး ရပ်တန့်အောင် လုပ်ဆောင်ပေးဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။ ကျောင်းသားခေါင်းဆောင် ကိုဟန်ဝင်းအောင် ပြောပြ တာက

“လက်ပန်းတောင်းတောင် ပြည်သူ့အကျိုးစီးပွား ကာကွယ်ရေး ကော်မီတီ ဆိုတာကို ဖွဲ့စည်းထား ပါတယ်။ ကော်မီတီက ခြောက်ကြိမ်မြောက် အစည်းအဝေးကို ဒီနေ့ နေ့လည်မှာ ကျင်းပ ခဲ့ပြီးတော့ ပြည်သူတွေက သဘောတူညီချက် တစ်ချက်နဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ခဲ့ပါတယ်။

လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း လုံးဝရပ်ဆိုင်းရေးသာ အလိုရှိကြောင်းနဲ့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း စတင်တဲ့ အချိန်က စပြီးတော့ နစ်နာမှုအမျိုးမျိုး၊ ဖမ်းဆီးမှု အမျိုးမျိုးကို ကုမ္ပဏီက တာဝန်ယူ ဖြေရှင်းပေးရမယ်ဆိုတဲ့ တောင်းဆိုချက် နှစ်ချက်ကိုပဲ သူတို့လက်ခံတယ်ဆိုတဲ့အကြောင်း သူတို့ ပြောပါတယ်။

မြေယာလျှော်ကြေးတွေ ဘယ်လောက်ရရ၊ ရွာတွေကို ဘယ်လိုပဲလုပ်လုပ် သူတို့ ဒါတွေကို မလိုချင် ဘူး။ သူတို့မြေ၊ သူတို့ရွာမှာ ထာဝရနေပြီး ထာဝရလုပ်ကိုင်ချင်တယ်။ အဓိကအကျဆုံးကတော့ လက်ပန်း တောင်း ကြေးနီစီမံကိန်း လုံးဝရပ်ဆိုင်းရေးကိုသာ သူတို့အလိုရှိကြောင်းကို ကျေးရွာပေါင်း ၂၆ ရွာက ရွာသားပေါင်း ၃၀၀ ကျော်နဲ့ ထောက်ခံပြီးတော့ အတည်ပြုထားပါတယ်။”

ဆည်တဲရွာက ဒေသခံရွာသားတဦးကတော့ မိရိုးဖလာ လုပ်ကိုင်စားသောက်နေတဲ့ မြေယာတွေ ဆုံးရှုံးမှာ၊ ချင်းတွင်းမြစ်ရေ ညစ်ညမ်းမှာ ဒေသခံအားလုံးက သဘာဝပတ်ဝန်းကျင် ထိခိုက် ပျက်စီး တာ၊ သားစဉ် မြေးဆက် လုပ်ကိုင်စားသောက်ဖို့ ခက်ခဲမှာကို မလိုလားကြောင်း၊ ဒီအတွက် နစ် နာကြေး ယူတော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

“ကျနော်ကတော့ ဆည်တဲရွာက မိုးဇော်ထွန်းဖြစ်ပါတယ်။ အခု ကျနော်တို့ မြေသိမ်းတိုက်ပွဲဆိုပြီး ဆန္ဒပြနေတဲ့ ရွာဖျက်ခံရတဲ့ တောင်သူတွေက အခုဆိုရင် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း လုံးဝရပ်ဆိုင်းရေးအတွက်ကိုပဲ လိုလားပါတယ်။ ဒီဥစ္စကို ဝန်ကြီးတွေနဲ့ သွားညှိနှိုင်းမယ်ဆိုတဲ့ အဖွဲ့ အစည်းအသီးသီးကလည်းပဲ တွေ့ဆုံညှိနှိုင်းဖို့ကို သူတို့က စိတ်ဆန္ဒပြင်းပျနေတယ်ဆိုပေမဲ့လည်း ကျနော်တို့ကတော့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကြီး လုံးဝ ရပ်ဆိုင်းရေးအတွက်ပဲ ညှိနှိုင်းပါလို့ပဲ ကျနော်တို့က ပြောချင်ပါတယ်။ ကျနော်တို့က မြေယာလျော်ကြးတွေ မလိုချင်ဘူး၊ သူတို့ပေးမယ့် လျော်ကြးတွေက တနပ်စားပဲဖြစ်တယ်၊

ကျနော်တို့မှာ သားသမီးတွေရှိတယ်။ သားသမီးတွေရဲ့ ဘဝရှေ့ရေးက ဒီ မြေတွေ၊ ယာတွေ ရှိမှဖြစ်မှာပါ။ အဲဒါကြောင့် ကျနော်တို့က ဒီ လတ်တလောပေးတဲ့ လျော်ကြေးကို မလိုချင်ဘူး။ ပြီးတော့လည်း ဒီစီမံကိန်းကြီးကြောင့် ဖြစ်ပေါ် လာမယ့် ဆိုးကျိုးတွေက မုံရွာမြို့ကြီးမှာ ထိခိုက်လာမှာ ဖြစ်ပါတယ်။ လျော်ကြေးကို ညှိနှိုင်းပေး မယ်၊ တောင်းဆိုပေးမယ်ဆိုတာကို လုံးဝ လက်မခံပါဘူး။

တောင်းဆိုချင်တာကတော့ လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်း လုံးဝရပ်ဆိုင်းရေးအတွက်ပါပဲ။ ဒါမှလည်း နောင်လာနောက်သားတွေက ဒီရွာမှာ သူတို့ လုပ်ကိုင်စားသောက်နိုင်မှာ ဖြစ်ပါတယ်။ အခု ကျနော်တို့က လျော်ကြေးယူလိုက်မယ်ဆိုလို့ရှိရင် ချင်းတွင်းမြစ် တဘက်ကမ်းမှာရှိတဲ့ လူတွေရဲ့ ဒုက္ခက ပိုပြီး ကြီးသွားမှာစိုးတဲ့အတွက် လျော်ကြေးကဏ္ဍကို ကျနော်တို့ မလိုချင်ပါဘူး။ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကြီး လုံးဝ ရပ်ဆိုင်းရေးအတွက်ကိုပဲ ကျနော်တို့ လိုလားပါတယ်။”

မုံရွာဘက်မှာတော့ သပိတ်စခန်း ဖွင့်ထားတဲ့ဘုန်းကြီးကျောင်းကို လုံထိန်းတွေက ဖိအာေးပးနေ တာကြောင့် ဘုန်းကြီးက ကျောင်းသားတွေကို ဖယ်ရှားပေးဖို့ မေတ္တာရပ်ခံနေတယ်လို့ ဆိုပါတယ်။ ဒီနေ့ နေလည်ပိုင်း မှာပဲ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် လာရောက်ပြီး အချက် အလက် ကောက်ခံမှုတွေ လုပ်သလို ဆန္ဒပြသူတွေကို ဖိနှိပ်မှုတွေ မလုပ်ဖို့ ကြားဝင် ဆောင်ရွက်ပေးခဲ့ တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ၈၈ မျိုးဆက်ကျောင်းသာေးတွလည်း မုံရွာဘက်ကို ကြားဝင် ဆောင်ရွက်ပေးဖို့ လာနေ ကြပြီလို့ သိရပါတယ်။ ဒီအချိန်မှာပဲ အာဏာပိုင်တွေနဲ့ လူထုကြား တင်းမာမှုတွေ ဆက်ဖြစ်နေတယ် လို့ ကိုဟန်ဝင်းအောင်က ပြောပါတယ်။

“စစ်ကိုင်းတိုင်းဝန်ကြီး ဦးသာအေးက ဆားလင်းကြီးမြို့နယ် အထက်တန်းကျောင်း တကျောင်းကို လာပြီးတော့ ဆရာ-ဆရာမတွေနဲ့ တွေ့ဆုံဆွေးနွေးပွဲလုပ်တဲ့အတွက် ဒေသခံ ပြည်သူလူထုက သွားပြီး ဆန္ဒပြတယ်။ သူနဲ့တော့ မတွေ့သေးဘူး။ မိုးကြိုးပြင် မြောက်ရွာကနေပြီးတော့ ပြည်သူ အင်အား ၈၀၀ လောက်ကနေ ဆန္ဒပြဖို့ စောင့်နေကြတယ်။

နောက်တခုက ကျနော်တို့ရွာ ပတ်ဝန်းကျင်တွေမှာလည်း လာပြီးတော့ ကုမ္ပဏီက သုံးနေရာ လေးနေ ရာ လောက်ကို ဘူဒိုဇာကြီးနဲ့ထိုးပြီးတော့ မြေတွေလာပုံလို့ ရွာသားတွေက မြေသားတွေရှေ့မှာ ရပ်တန့် ကာကွယ်ပြီးတော့ လူတံတိုင်းကာတာ၊ သူတို့ ဆက်ပြီးတော့ လည်ပတ်မှုကို ခဏ ရပ်ဆိုင်း ထားတယ်။ ဒါပေမဲ့ လူမရှိတာနဲ့ သူတို့က လယ်မြေတွေထဲကို ဘူဒိုဇာတွေနဲ့ ထိုးပြီးတော့ လမ်းဖောက် တာတို့၊ မြေကြီးတွေ လာပုံတာတို့ တောက်လျှောက်လုပ်နေတဲ့ အတွက် ကျေးရွာသားတွေနဲ့က သုံးလေးနေရာမှာ ဒီနေ့မှာ ပဋိပက္ခတွေ တော်တော်ဖြစ်တယ်။”

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ဖို့အတွက် ဒေသခံတွေ လိုလားနေကြပြီး မြန်မာ့ စီးပွားရေး ဦးပိုင်ကုမ္ပဏီလီမီတက်နဲ့ တရုတ်ကုမ္ပဏီ မြန်မာ-ဝမ်ပေါင်ကုမ္ပဏီတို့ကတော့ စီမံကိန်း လုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ပါတယ်ရှင်။
XS
SM
MD
LG