သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပံတောင်း နှိပ်ကွပ်သူ တရားစွဲဖို့ကြိုးပမ်းချက် Washington မှာ ရှင်းပြ


ဝါရှင်တန်အခြေစိုက် Justice Trust အဖွဲ့ကကြီးမှုးကျင်းပတဲ့ ဆရာတော် ဦးတိက္ခဉာဏနဲ့ ရှေ့နေကြီးဦးအောင်သိန်းတို့ရဲ့ ဝါရှင်တန်ဒီစီက ရှင်းလင်းပွဲ။ (မတ် ၂၆၊ ၂၀၁၅)
ဝါရှင်တန်အခြေစိုက် Justice Trust အဖွဲ့ကကြီးမှုးကျင်းပတဲ့ ဆရာတော် ဦးတိက္ခဉာဏနဲ့ ရှေ့နေကြီးဦးအောင်သိန်းတို့ရဲ့ ဝါရှင်တန်ဒီစီက ရှင်းလင်းပွဲ။ (မတ် ၂၆၊ ၂၀၁၅)

မြန်မာအာဏာပိုင်တွေက လက်ပံတောင်းအရေးမှာ မီးလောင်ဗုံးသုံးပြီး အကြမ်းဖက်နှိမ်နှင်းခဲ့လို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဆိုတဲ့ ဆရာတော် ဦးတိက္ခဉာဏနဲ့ အမှုကို လိုက်ပါအကျိုးဆောင်ပေးနေတဲ့ ရှေ့နေကြီး ဦးအောင်သိန်းတို့ဟာ တာဝန်ရှိသူတွေကို တရားစွဲဆိုဖို့ ကြိုးပမ်းရာမှာ ရင်ဆိုင်ရတဲ့ အခက်အခဲတွေကို အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာ ပထမဆုံးအကြိမ် မတ်လ (၂၆)ရက်နေ့က တင်ပြပြောဆိုခဲ့ကြ ပါတယ်။ ဝါရှင်တန် အခြေစိုက် Justice Trust အဖွဲ့က ကြီးမှုးကျင်းပတဲ့ ဒီဆွေးနွေးပွဲကို ကိုယ်တိုင် တက်ရောက်သတင်းယူခဲ့တဲ့ မအင်ကြင်းနိုင်က အကြောင်းစုံပြောပြမှာပါ။

ရှေ့နေကြီးဦးအောင်သိန်းက လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို ဆန္ဒပြကန့်ကွက်သူတချို့ကို အကြမ်းဖက်ဖြိုခွဲခဲ့တာနဲ့ပတ်သက်လို့ တာဝန်ရှိသူတွေဖြစ်တဲ့ ပြည်ထဲရေးဝန်ကြီး ဦးကိုကိုနဲ့ ရဲချုပ်ဇော်ဝင်းတို့ကို တရားစွဲဆိုထားတာနဲ့ပတ်သက်ပြီးတော့ ဥပဒေကြောင်းအရ ရှင်းပြသွားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်နေတာတွေ နောက်ပြီး တရားဥပဒေ စိုးမိုးရေး အားနည်းတဲ့အတွက် အထူးသဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမယ်ဆိုလို့ရှိရင် အလွန် သတိထားဖို့ကိုလည်း ရှေ့နေကြီးဦးအောင်သိန်းက ပြောဆိုဆွေးနွေးသွားပါတယ်။

"အဲ့ဒီ့တော့ ကျနော်တို့ဘက်က ပြည်သူ့ဝန်ထမ်းဆိုတဲ့ ဝန်ကြီး Level အဆင့်ပေါ့လေ။ အစိုးရဝန်ထမ်းတယောက်ကို ပြစ်မှုကြောင်းအရ တရားစွဲဆိုတော့မယ်ဆိုရင် ကျနော်တို့ ကျင့်ထုံးအရ ခွင့်ပြုမိန့် တောင်းရပါတယ်။ အဲ့ဒီ့တော့ သမ္မတဆီကို ကျနော်တို့ ခွင့်ပြုမိန့်တောင်းပါတယ်။ တောင်းတဲ့စာကို ရဲစခန်း အမှုဖွင့်တိုင်ချက်မှာ တွဲပြီးတော့ ကျနော်တို့ ရဲစခန်းမှာ အမှုဖွင့်ခဲ့ခြင်းဖြစ်ပါတယ်။ ကျနော်တို့က ခွင့်ပြုမိန့်တောင်းပေမဲ့ သမ္မတက မပေးဘူးဆိုတာလည်း သိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိအစိုးရဝန်ကြီးနဲ့ ရဲချုပ်ကို တရားစွဲဆိုမှုဟာ ဘယ်အစိုးရလက်ထက်မှာမှ တရားစွဲဆိုမှုတိုင်းကို ခွင့်ပြုခဲ့တာမရှိခဲ့ပါဘူး။

ဒါပေမဲ့ ကျနော်တို့က ကျနော်တို့ရဲ့ ဥပဒေစနစ်မှာသော်လည်းကောင်း၊ ဖွဲ့စည်းပုံမှာသော်လည်းကောင်း၊ ပြစ်မှုကျူးလွန်တဲ့သူဟာ အလိုအလျောက် ကင်းလွတ်ခွင့်မရနိုင်ပါဘူး။ အဲ့တော့ ကျနော်တို့က အခုကျနော်တို့ ဒီအမေရိကားကို မထွက်လာခင် တရက်၊ နှစ်ရက်လောက်အလိုမှာ ရဲစခန်းကနေပြီးတော့ ကျနော်တို့ တိုင်ချက်ရေးဖွင့်ခဲ့တဲ့ ဦးတိက္ခဉာဏကိုယ်စားပြုပြီး တိုင်ချက်ရေးဖွင့်ခဲ့တဲ့ အမှုကို ကျင့်ထုံးနဲ့ မညီညွတ်တဲ့အတွက် လက်မခံဘူးဆိုတဲ့ စာကို ပြန်ကြားခဲ့တယ် ဆိုတာ ကျနော်တို့ သိရှိရပါတယ်။

ရဲစခန်းမှာ အမှုဖွင့်လို့မရရင် ကျနော်တို့က မြို့နယ် တရားရုံးမှာ တိုက်ရိုက် ဦးတိုက်လျောက်ခွင့် ကျနော်တို့မှာ ရှိပါတယ်။ ကျနော်တို့ တရားရုံးကို ဦးတိုက်သွားလျောက်ဖို့ဆိုတာလည်း ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူးဆိုတာလည်း ကျနော်တို့ တွေ့ရှိရပါတယ်။ အဲ့ဒီ့တော့ ကျနော်တို့ ဒီကနေပြီးတော့ ပြန်သွားတဲ့အခါမှာ အမှုဖွင့်လို့မရတဲ့အမှုကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှာ စာချွန်တော် တင်ဖို့ ကျနော်တို့ ကြိုးစားပါမယ်။

ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က အစိုးရဝန်ကြီးတယောက်ကို တရားစွဲဆိုပိုင်ခွင့်က ပြည်သူလူထုမှာလည်း ရှိတယ်ဆိုတာကို လူထုကို သိစေချင်တယ်။ "

ဒီဆွေးနွေးပွဲကို ဦးစီးကျင်းပတဲ့ Justice Trust အဖွဲ့ဟာ မြန်မာနိုင်ငံမှာ ဝင်ရောက်လုပ်ကိုင်နေတာ နှစ်အနည်းငယ်ပဲရှိပါသေးတယ်။ မြန်မာ အာဏာပိုင်တွေဘက်က ဥပဒေချိုးဖောက်ပြီး ဖိနှိပ်တဲ့လုပ်ရပ်တွေ၊ တရားဥပဒေ စိုးမိုးမှု ကင်းမဲ့နေတာတွေကို စောင့်ကြည့်လေ့ လာနေပြီး နိုင်ငံတကာ အသိုင်းအဝိုင်းကို အစီရင်ခံတင်ပြနေတာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ တကယ် လက်တွေ့ဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ အမေရိကန် အတော်များများက မှန်မှန်ကန်ကန် မသိသေးတာကြောင့် အခုလို ဖိတ်ခေါ်ပြီးတော့ ဆွေးနွေးပွဲကျင်းပခဲ့တာဖြစ်တယ်လို့ အဖွဲ့တည်ထောင်သူ တဦးဖြစ်တဲ့ Roger Normand ကပြောပါတယ်။

"အခုလာတဲ့ သူနှစ်ဦးလုံးဟာ နိုင်ငံတွင်း ဘာတွေဖြစ်နေလဲ ဆိုတာကို သေသေ ချာချာပြောပြနိုင်သူတွေဖြစ်ပါတယ်။ အစိုးရရဲ့ဖိနှိပ်မှုတွေ၊ ကျောင်းသားသပိတ်ကို အကြမ်းဖက်နှိမ်နှင်းဖြိုခွဲတာတွေ၊ စစ်တပ်ပိုင် စီးပွားရေးကုမ္ပဏီက လယ်ယာမြေတွေကို မတရားသိမ်းဆည်းနေတာတွေ ကို ပြင်းပြင်း ထန်ထန်ဝေဖန်ကန့်ကွက်သူတွေလည်းဖြစ်ပါတယ်။ လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းလိုမျိုးကိစ္စကိုတောင် အစိုးရဘက်က တာဝန်ယူဖြေရှင်းနိုင်တာမျိုး မရှိဘူးဆိုရင် နိုင်ငံတဝှမ်း သောင်းနဲ့ချီရှိနေတဲ့ လယ်ယာမြေ သိမ်းဆည်းရေးအမှုတွေကို ဘယ်လို ကိုင်တွယ်မလဲဆိုတာ မေးခွန်းရှိလာပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ အစိုးရအနေနဲ့ တာဝန်ယူဖြေရှင်းပေးဖို့လိုတယ်ဆိုတာကို ဥပဒေကြောင်းအရ ထောက်ပြ ဆောင်ရွက်နေတဲ့ အခုလို မြန်မာရှေ့နေတွေ၊ သံဃာတော်တွေ ရှိနေတယ်ဆိုတာကိုလည်း အမေရိကန်ပြည်သူတွေကိုသိစေချင်ပါတယ်။"

အမေရိကန်ပြည်ထောင်စုကို လာရောက်တဲ့ ခရီးစဉ်အတွင်းမှာ ဆရာတော် ဦးတိက္ခဉာဏနဲ့ ရှေ့နေကြီးဦးအောင်သိန်းတို့ဟာ မကြာခင် ရက်ပိုင်းအတွင်းမှာ နယူးယောက်မြို့ကို ဆက်လက်ထွက်ခွာမှာဖြစ်ပြီးတော့ ကုလသမဂ္ဂဌာနချုပ်မှာ တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံပြီး မြန်မာ့အရေးကို ဆွေးနွေးမှာဖြစ်ပါတယ်။

XS
SM
MD
LG