သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလက်နက်ကိုင်တပ်ဖွဲ့တွေ မြေမြှုပ်မိုင်းမသုံးရန် LCM တိုက်တွန်း


အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်နေချိန်မှာ နှစ်ဘက်စလုံးက မြေမြှုပ်မိုင်းတွေ မသုံးကြဖို့ LCM (Landmine And Cluster Munition Monitor) လို့ခေါ်တဲ့ မြေမြှုပ်မိုင်းနဲ့ ထပ်ဆင့်ပေါက်ကွဲစေတဲ့ ဗုံးလက်နက်ပစ္စည်းများ စောင့်ကြည့်ရေး အဖွဲ့က တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ မြေမြှုပ်မိုင်းဒဏ်ကြောင့် သေဆုံး၊ ထိခိုက်မှု တတိယအများဆုံး ဖြစ်ပွားနေတဲ့ နိုင်ငံဖြစ်နေပေမဲ့ အခုထိ နိုင်ငံတွင်း မြေမြှုပ်မိုင်း ရှင်းလင်းရေးအတွက် မလုပ်သေးဘူးလို့ ဆိုပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းအန္တရာယ် ကြီးမားနေတာကို အများသတိပြုမိလာကြစေဖို့နဲ့ မြေမြှုပ်မိုင်း တားဆီးမှုဆိုင်ရာ လက်မှတ်ရေးထိုးမထားသေးတဲ့ မြန်မာနိုင်ငံရဲ့ လုပ်ဆောင်မှုတွေကို အများ ပွင့်ပွင့်လင်းလင်း မြင်လာစေဖို့ ရည်ရွယ်ပြီး မြေမြှုပ်မိုင်းနဲ့ ထပ်ဆင့် ပေါက်ကွဲစေတဲ့ပစ္စည်းများ စောင့်ကြည့်ရေးအဖွဲ့က အင်္ဂါနေ့မှာ ရန်ကုန်တော်ဝင်နှင်းဆီးခြံမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာပါ။

အဖွဲ့တာဝန်ခံ Yeshua Moser Puangsuwan က မြေမြှုပ်မိုင်းအန္တရာယ်ကို လူထုကြား ကျယ်ကျယ်ပြန့်ပြန့် သိဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။

“မြန်မာနိုင်ငံမှာ မြေမြှုုပ်မိုင်းကြောင့် သေဆုံးထိခိုက်ရသူ အများအပြားရှိနေပြီး တခြားနိုင်ငံတွေနဲ့ယှဉ်ရင် ကမ္ဘာမှာ ထိခိုက်သေဆုံးမှု တတိယအများဆုံး လိုက်နေတဲ့ နိုင်ငံ ဖြစ်ပါတယ်။ နိုင်ငံတွင်း နေရာအတော်များများမှာ မိုင်းရှင်းလင်းရေးလုပ်ဖို့ လိုနေပေမဲ့ အခုထိ တနေရာမှာမှ မလုပ်ရသေးပါဘူး။”

ဒါ့အပြင် မြေမြှုပ်မိုင်းတွေ နောက်အသစ် ထပ်ပြီးချမှာကို ချက်ချင်းဆိုင်းငံ့ထားဖို့ မြန်မာအာဏာပိုင်တွေကိုပါ တိုက်တွန်းလိုက်ပါတယ်။ မြေမြှုပ်မိုင်း မသုံးဖို့အတွက် ယာယီတားမြစ်မှုတွေ လုပ်နိုင်သလို အမြဲတမ်း တားမြစ်မယ်ဆိုရင် အခု မြန်မာအစိုးရ ကြိုးပမ်းနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာ ပိုပြီး အောင်မြင်နိုင်မယ်လို့ အကြံပေးသလို နှစ်ဘက်စလုံးက မြေမြှုပ်မိုင်းတွေ မသုံးကြဖို့ပါ တောင်းဆိုလိုက်ပါတယ်။

“အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်နေချိန်မှာ နှစ်ဘက်စလုံးက မြေမြှုပ်မိုင်း မသုံးဘူးဆိုတာ လူထုသိအောင် ကြေညာပေးဖို့ ကျနော်တို့ တိုက်တွန်းပါတယ်။ ငြိမ်းချမ်းဖို့ ဆွေးနွေးနေကြတာမို့ မြေမြှုပ်မိုင်းကို သုံးစရာအကြောင်း မရှိပါဘူး။”

အခု နှစ်ဘက်စလုံးက မြေမြှုပ်မိုင်းတွေ သုံးနေကြဆဲဖြစ်ပြီး ကရင်ပြည်နယ်နဲ့ ကယားပြည်နယ်တွေမှာတော့ အဆိုးရွားဆုံးလို့ ဆိုပါတယ်။

“မြန်မာနိုင်ငံထဲမှာ မြေမြှုပ်မိုင်းအများဆုံး ရှိနေတဲ့ဒေသအဖြစ် စာရင်းသွင်းထားတဲ့ မြို့နယ်က ၅၀ လောက် ရှိနေပါတယ်။ ဒီအထဲမှာ ကရင်ပြည်နယ်နဲ့ ကယားပြည်နယ်တွေက မြို့နယ်တိုင်းမှာရှိနေပြီး ကချင်၊ ချင်း၊ မွန်၊ ရခိုင်နဲ့ ရှမ်းပြည်နယ်တွေထဲမှာလည်း တွေ့ရပါတယ်။”

ဒီအဖွဲ့ရဲ့ ၁၉၉၉ ကစပြီး စောင့်ကြည့်လေ့လာမှုတွေအရ ၂၀၁၂ ခုနှစ်ကုန်အထိ မြေမြှုပ်မိုင်းဒဏ်ကြောင့် သေဆုံး ထိခိုက်ဒဏ်ရာရသူပေါင်း ၃၃၀၀ ကျော် ရှိခဲ့တယ်လို့ ဆိုပါတယ်။ အခုလို အန္တရာယ်ကြီးမားပေမဲ့ မြန်မာအစိုးရက ဒီအန္တရာယ်ကြီးတဲ့ စစ်လက်နက်ကို ထုတ်လုပ်နေဆဲဖြစ်သလို မြေမြှုပ်မိုင်း မသုံးစွဲရေး နိုင်ငံတကာ သဘောတူစာချုပ်ကို အခုထိ လက်မှတ် မရေးထိုးသေးပါဘူး။

“မြန်မာအစိုးရအနေနဲ့ မြေမြှုပ်မိုင်းသုံးစွဲမှု တားမြစ်ရေး သဘောတူညီချက်ကို အမြန်ဆုံး လက်မှတ်ရေးထိုးမယ်လို့ ကျနော်တို့က မျှော်လင့်ထားပါတယ်။ အဲဒီလို လက်မှတ်ရေးထိုးရင် နိုင်ငံတကာအကူအညီတွေ အများအပြား ရလာမှာဖြစ်သလို နိုင်ငံသားတွေအတွက်လည်း သိပ်ကို ဆိုးရွားတဲ့ မြေမြှုပ်မိုင်းအန္တရာယ် လျော့ပါးသွားမှာပါ။”

ဒီနှစ်ဆန်းမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်ကလည်း မြေမြှုပ်မိုင်း သုံးစွဲမှုတွေ ရပ်ဆိုင်းဖို့ ထပ်မံတောင်းဆိုခဲ့သလို မိုင်းတွေ မြှုပ်ထားတဲ့ နေရာတွေကို အတိအကျ ဖော်ပြပေးပြီး စနစ်တကျ ပြန်လည်တူးဖော် ဖယ်ရှားပေးဖို့ တိုက်တွန်းခဲ့ပါတယ်။
XS
SM
MD
LG