သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စင်္ကာပူဝန်ကြီးချုပ်ဟောင်း လီကွမ်ယုကွယ်လွန်


စင်ကာပူနိုင်ငံ တည်ထောင်သူ လီကွမ်ယု
စင်ကာပူနိုင်ငံ တည်ထောင်သူ လီကွမ်ယု

ခေတ်မီစင်္ကာပူနိုင်ငံကို တည်ထောင်ခဲ့သူ ဝန်ကြီးချုပ်ဟောင်း Lee Kwan Yew လီကွမ်ယုဟာ ဒီကနေ့ တနင်္လာနေ့မနက်ပိုင်းမှာ ကွယ်လွန်သွားပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၉၁ နှစ်ရှိပါပြီ။ လီကွမ်ယုဟာ သာမန်ခြောက်ကပ်ကပ် ပင်လယ်ဆိပ်ကမ်းတည်ရှိရာ စင်္ကာပူကျွန်းနိုင်ငံလေးကို ကမ္ဘာပေါ်မှာ အချမ်းသာဆုံးနိုင်ငံတနိုင်ငံဖြစ်အောင် ကြိုးပမ်းအားထုတ်ခဲ့သူ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်ဟောင်း လီကွမ်ယုဟာ စင်္ကာပူကို အာရှမှာ စီးပွားရေးအင်အားကြီးဖြစ်အောင် ဦးဆောင်ခဲ့ရုံမက နိုင်ငံရဲ့အခြေခံအဆောက်အဦးတွေ ခိုင်မာ ခေတ်မီအောင်နဲ့ ပညာရေးစနစ်ကို ကမ္ဘာမှာရင်ဘောင်တန်းနိုင်တဲ့အဆင့်ဖြစ်အောင် ဆောင်ရွက်ခဲ့ဖြစ်ပါတယ်။ ဒါပေမဲ့ ၁၉၅၉ကနေ ၁၉၉၀ အထိ နှစ်ပေါင်း ၃၀ ကျော် အုပ်ချုပ်ခဲ့စဉ်အတွင်း နိုင်ငံရေးအတိုက်အခံတွေအပေါ် ဖိနှိပ်တဲ့လုပ်ရပ်တွေကြောင့် အာဏာရှင်ဆန်တယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ခံခဲ့ရပါတယ်။

ဒီဝေဖန်မှုတွေအပေါ် မစ္စတာ Lee Kuan Yew ကတော့ ခုလိုတုံ့ပြန်ခဲ့ဖူးပါတယ်။

စင်္ကာပူနိုင်ငံကို အုပ်ချုပ်တဲ့သူတိုင်းဆီမှာ သံမဏိစိတ်ဓာတ် ရှိကို ရှိရပါမယ်၊ မရှိဘူးဆိုရင် ခေါင်းဆောင် မလုပ်သင့်ပါဘူး၊ ဝှက်ဖဲကစားနေကြတာ
မဟုတ်ပါဘူး။ ခင်ဗျားတို့ဘဝ ကျနော့်ဘဝနဲ့ဆိုင်နေတဲ့ ကိစ္စဖြစ်ပါတယ်။ ဒီနိုင်ငံဒီလိုဖြစ်လာဖို့ ကျနော့တသက်လုံးကြိုးစားခဲ့တာမို့ ကျနော် ခေါင်းဆောင်ဖြစ်နေသမျှတော့ ယိုင်လဲသွားအောင် ဘယ်သူမှလုပ်လို့ရမှာမဟုတ်ပါဘူးလို့ စင်္ကာပူ ဝန်ကြီးချုပ်ဟောင်းလီကွမ်ယုက
ပြောကြားခဲ့တာ ဖြစ်ပါတယ်၊ အခုအချိန်အထိလည်း စင်္ကာပူဟာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုကို ထိန်းချုပ်ထားတဲ့နိုင်ငံအဖြစ်ရှိနေဆဲဖြစ်ပါတယ်။ လီကွမ်ယုတည်ထောင်ခဲ့တဲ့ PAP ပါတီဟာလဲ ခုချိန်ထိ လွှတ်တော်မှာ အများစုလွှမ်းမိုးနေဆဲဖြစ်ပါတယ်။

၂၀၀၉ ခုနှစ် အမေရိကန်သမ္မတ အိမ်ဖြူတော်တွေ့ဆုံပွဲအပြီး စင်္ကာပူဝန်ကြီးချုပ်ဟောင်း Lee Kwan Yew ကို ၂၀ ရာစု နဲ့ ၂၁ ရာစုအတွင်း အာရှတိုက် သမိုင်းမှာ အစဉ်လာကြီးမားတဲ့ အထင်ကရ ခေါင်းဆောင်ကြီးတွေထဲက တဦးဖြစ်ပါတယ်လို့ သမ္မတ Barack Obama က ပြောဆိုခဲ့ပါတယ်။

၁၉၂၃ ခုနှစ် စက်တင်ဘာလ ၂၃ ရက် နေ့မှာ မွေးဖွားခဲ့တဲ့ မစ္စတာလီကွမ်ယုဟာ ဗြိတိသျှကိုလိုနီအုပ်ချုပ်ရေး အစိတ်အပိုင်းတခုဖြစ်ပြီး အင်္ဂလိပ်ဘာသာ စကားပြောတဲ့ စင်္ကာပူမှာ ကြီးပြင်းခဲ့ပါတယ်။ Raffles College မှာ ကျောင်းပြီးခဲ့ပြီးနောက် England ကို ဆက်လက် သွားရောက်ပြီး Cambridge တက္ကသိုလ်မှာ ဥပဒေပညာကို ဆက်လက် သင်ယုခဲ့ပါတယ်။

Lee Kwan Yew မှာ သား နှစ်ယောက် သမီးတယောက်ရှိပြီး သားထဲက တယောက်ဖြစ်တဲ့ Lee Hsien Loong ဟာ ယ္ခုလက်ရှိ စင်္ကာပူနိုင်ငံရဲ့ဝန်ကြီးချုပ် တာဝန်ယုထားသူဖြစ်ပါတယ်။ Lee Kwan Yew ဇနီးဖြစ်သူကတော့ ၂၀၁၀ ခုနှစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

Lee Kwan Yew ရဲ့ ဈာပန အခမ်းနားကျင်းပမယ့်ရက်နဲ့ ပြည်သူတွေအတွက် နောက်ဆုံးဂါရဝပြုနိုင်ဖို့ အစီအစဉ်တွေကို နောက်ပိုင်းမှာ ကြေညာမယ်လို့ စင်္ကာပူဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG