သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပံတောင်းတောင် ဒေသခံတွေ သပိတ်စခန်းဖွင့်


လက်ပံတောင်း ဆည်တဲရွာအနီး သပိတ်စခန်းဖွင့်ရာအနား ရဲလုံခြုံရေးများကို တွေ့ရစဉ်။ (ဒီဇင်ဘာ ၂၉၊ ၂၀၁၄)
လက်ပံတောင်း ဆည်တဲရွာအနီး သပိတ်စခန်းဖွင့်ရာအနား ရဲလုံခြုံရေးများကို တွေ့ရစဉ်။ (ဒီဇင်ဘာ ၂၉၊ ၂၀၁၄)

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ မြန်မာ-ဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးခတ်ထားတဲ့ သံဆူးကြိုးတွေကို ဖယ်ရှားပြီး ဒေသခံတွေက လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဖျက်သိမ်းရေးနဲ့ သိမ်းဆည်းခံလယ်မြေတွေ ပြန်ရဖို့ ဆည်တဲရွာနားမှာ သပိတ်စခန်းဖွင့်လိုက်ပါတယ်။ တနင်္လာနေ့ညမှာတော့ လုံခြုံရေးအင်အားတိုးချဲ့ချထားကြောင်း ဒေသခံတွေက ဆိုပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်ထဲမှာ အကောင်အထည်ဖော်နေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ မြေယာလျော်ကြေး ယူမထားတဲ့ နေရာတွေကို မြန်မာ-ဝမ်ပေါင်ကုမ္ပဏီက ပြီးခဲ့တဲ့အပတ်က ရဲအင်အားသုံးပြီး အတင်းအကြပ် ခြံစည်းရိုးခတ်တဲ့အတွက် ဆန္ဒပြကြရာမှာ ပစ်ခတ်မှုအတွင်း ဒေသခံတဦး သေဆုံးခဲ့တဲ့အထိ အခြေအနေ တင်းမာခဲ့ပါတယ်။ တနင်္လာနေ့မှာတော့ ခြံစည်းရိုးတွေကိုချိုးဖျက်ပြီး လယ်မြေပြန်ရရေး သပိတ်စခန်းကိုဖွင့်ခဲ့ကြောင်း စန်းမြဝတီကျောင်းတိုက်ဆရာတော် ဦးအာလောက-က မိန့်ပါတယ်။

“နောက်ဆုံးအခြေအနေကတော့ ဒီရွာသူရွာသားတွေ၊ ဒီဒေသတဝိုက်ကလူတွေကတော့ သပိတ်စခန်းဖွင့်လိုက်တယ်ပေါ့နော်။ သပိတ်စခန်း ဖွင့်လိုက်တယ်ဆိုတာက အဓိကကတော့ ကိုယ့်လယ်ယာမြေကိုယ် ပြန်လည်ရရှိရေး၊ ဆည်တဲကျေးရွာရဲ့အရှေ့မြောက်ဘက်က မကျည်းပင်ကြီးနားမှာ သံဆူးကြိုးတွေက အဲဒီနေရာမှာ ဖျက်ထားတယ်။ အဲဒီဖျက်ထားတဲ့နေရာမှာပဲ သပိတ်စခန်းဖွင့်လိုက်တယ်ပေါ့နော်၊ ဦးပိုင်-ဝမ်ပေါင်ဘက်ကနေ တစုံတရာ အဖြေမရရှိသရွေ့ --- ဒီနေရာကနေပြီးတော့ ဆက်လက်တောင်းဆိုသွားမယ်ပေါ့….”

တနင်္လာနေ့ နေ့လည်ပိုင်းတုန်းကတော့ ခြံစည်းရိုးတွေဖျက်ချိန်မှာ အာဏာပိုင်တွေက သေနတ်ပစ်ဖောက်မှုတွေရှိခဲ့ပေမယ့် နောက်ထပ် ပစ်ခတ်မှု မရှိတော့ဘဲ ဖျက်ထားတဲ့ ခြံစည်းရိုးရှေ့မှာ ဖွင့်ထားတဲ့ သပိတ်စခန်းအနီးတဝိုက်ကို လုံခြုံရေးတိုးမြှင့်ချထားလိုက်ကြောင်း ဆရာတော်က ဆက်မိန့်ပါတယ်။

“တကယ့်တကယ် အသင့်အနေအထားကတော့ ရှိနေတယ်။ ထပ်ထပ်ပြီးတော့ တိုးရောက်လာတယ်။ နောက်တခုက ရဲကင်းတွေပေါ့နော်-အဲဒါတွေကို စနစ်တကျလာပြီးတော့ ထပ်ချထားတယ်။ မြေတွေညှိမယ်၊ မြေစာပုံကို ရှေ့ကနေ ကာလိုက်တယ်။ နောက်ကနေပြီး ကတုတ်ကျင်းပုံစံမျိုးလုပ်ထားတယ်။ တချို့ မြေစာပုံပေါ်မှာ တက်နေရာယူတယ်။ တချို့က ကတုတ်ကျင်းထဲမှာ ဝပ်နေတယ်။ အဲဒါမျိုးတွေ၊ ရဲတွေကတော့ သပိတ်စခန်းဖွင့်တဲ့နေရာနားမှာတော့ တော်တော်များတယ်ပေါ့။”

မိုးကြိုးပြင်၊ တုံရွာ၊ ဆည်တဲ-စတဲ့ ကျေးရွာတွေက တောင်သူတွေဟာ မြေယာလျော်ကြေးမယူထားတဲ့အတွက် သူတို့လယ်မြေတွေ ပြန်ရရေး တောင်းဆို နေတာပါ။ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်တုန်းကလည်း သပိတ်စခန်းဖွင့် ဆန္ဒပြခဲ့ကြတဲ့ သံဃာအများစုပါတဲ့ အင်အား ၁၀၀ ကျော်ကို အာဏာပိုင်တွေက မီးလောင်ဗုံးသုံးပြီး ဖြိုခွဲခဲ့တာကြောင့် ပြင်းထန်တဲ့ဒဏ်ရာတွေ ရခဲ့ကြပါတယ်။ နှစ်နှစ်ကြာပြီးနောက် လက်ပံတောင်းတောင်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၂ ရက်နေ့က တောင်သူတစ်ဦး ပစ်သတ်ခံရပြီးနောက် လက်ပံတောင်းတောင်အရေး ဆန္ဒပြမှုတွေ တကြော့ပြန်ဖြစ်လာခဲ့ပါတယ်။ တနင်္လာနေ့မှာပဲ ရန်ကုန်မြို့က တက်ကြွလှုပ်ရှားသူ ရာဂဏန်းလောက်ဟာ မြို့တော်ခန်းမရှေ့ကနေ တရုတ်သံရုံးရှေ့ကို သွားရောက်ဆန္ဒပြဖို့ ကြိုးစားခဲ့ရာမှာ တရုတ်သံရုံးသံရုံးသွားရာလမ်းကို အာဏာပိုင်တွေက ပိတ်ဆို့ထားတဲ့အတွက် ညပိုင်းအထိ ရဲတွေနဲ့အခြေအနေတင်းမာခဲ့ရပုံကိုလည်း ဗိုလ်ကြီးဟောင်း နေမျိုးဇင်က ပြောပြပါတယ်။

လက်ပံတောင်းကြေးနီစီမံကိန်းရပ်တန့်ရေး တရုတ်သံရုံးရှေ့ ဆန္ဒပြသူများ။ (ဒီဇင်ဘာ ၂၉၊ ၂၀၁၄)
လက်ပံတောင်းကြေးနီစီမံကိန်းရပ်တန့်ရေး တရုတ်သံရုံးရှေ့ ဆန္ဒပြသူများ။ (ဒီဇင်ဘာ ၂၉၊ ၂၀၁၄)

“လုံခြုံရေးအရလိုအပ်လို့ ကာရံတားဆီးထားတဲ့အရာကို ချိုးဖျက်ပြီးဝင်လာတဲ့အတွက်ကြောင့် ကျနော်တို့မှာ အပြစ်ရှိတယ်လို့တော့ ပြောပါတယ်။ ကျနော်လည်း ပြန်မေးပါတယ်။ ဥပဒေအရ လုံခြုံရေးအတွက် ဘယ်သူ့ကိုလာ လုံခြုံရေးယူတာလဲဆိုတော့ - တရုတ်နိုင်ငံ သံရုံးတာဝန်ရှိတဲ့သူတွေအတွက် လုံခြုံရေးယူတာပါ-တဲ့။ အဲဒါဆိုရင်လို့- လူနှစ်ပြန်လောက်မတ်တဲ့ ဆယ့်ငါးပေလောက်မြင့်တဲ့ အုတ်တံတိုင်းကြီး ကာထားပြီးပြီပဲ-လို့၊ ကျနော်တို့ ရှေ့က ဖြတ်သန်းသွားတာ ဘာတွေ ကြီးကြပ်ရအောင် ကျနော်တို့ ဘာတွေပါလို့လဲ၊ တုတ်၊ ဓား၊ လက်နက် - ဘာပါလို့လဲလို့ ဆိုတော့ - ခင်ဗျားတို့က ပါးစပ်ပါတယ်-တဲ့။ ပါးစပ်ကိုကြောက်လို့ပေါ့နော်၊ လုံခြုံရေးယူထားတာပါလို့ ပြောပါတယ်။ တရားဝင် တရုတ်သံရုံးရှေ့ကို ဖြတ်သန်းဝင်ရောက်ခွင့်နဲ့ နှစ်မိနစ်စာ လွမ်းသူ့ပန်းခွေချခွင့်ပဲ တောင်းတာပါ။ အဲဒါ ဘယ်လိုမှမပေးတဲ့အတွက် နောက်ဆုံးတော့ လုံထိန်းတပ်ဖွဲ့တွေရဲ့ဒိုင်းတွေပေါ့- ကာပြီး တန်းစီရပ်နေတဲ့ရှေ့မှာပဲ ကျနော်တို့ လွမ်းသူ့ပန်းခွေချလိုက်ပါတယ်။ ချပြီးတော့ ကျနော်တို့ပြောချင်တဲ့ ဥပဒေစိုးမိုးမှုနဲ့ လူသတ်တရားခံကို အဓိကရုဏ်းနှိမ်နင်းရေးတပ်ဖွဲ့တွေရဲ့ လုပ်ထုံးလုပ်နည်းနဲ့မညီညွတ်ဘဲ လုပ်သွားခဲ့တာကိုလည်း ဖော်ထုတ်ဖြေရှင်းပေးဖို့ တောင်းဆိုပြီးတော့ ပြန်လာပါတယ်ဗျ။”

ကြေးနီစီမံကိန်းကို မြန်မာအစိုးရနဲ့ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီ၊ တရုတ်ကုမ္ပဏီဖြစ်တဲ့ မြန်မာ-ဝမ်ပေါင်ကုမ္ပဏီတို့က ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ဒေသခံတွေရဲ့ကျေးရွာတွေနဲ့ လယ်မြေတွေကို သိမ်းယူခဲ့တာကြောင့် ဒေသခံတွေက ကန့်ကွက်ဆန္ဒပြနေကြတာဖြစ်ပါတယ်ရှင်။

XS
SM
MD
LG