သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပံတောင်းကိစ္စ လူထုနဲ့ဒေါ်စု သဘောမကွဲသင့်


လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းရေးကိုသာ တောင်းဆိုနေကြသော ဒေသခံ ပြည်သူများ။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းရေးကိုသာ တောင်းဆိုနေကြသော ဒေသခံ ပြည်သူများ။
လက်ပံတောင်းစုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့အစီရင်ခံစာ ထက်ပေါ်လာပြီးတဲ့နောက်ပိုင်း ကော်မရှင်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ကို လက်ပံတောင်းတောင် ဒေသခံ ပြည်သူတွေက မကျေနပ်မှု၊ ဆန္ဒပြမှုတွေ ဖြစ်ခဲ့တဲ့အပေါ် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က စိုးရိမ်ပူပန်မိတယ်လို့ ပြောပါတယ်။ လက်ပံတောင်းအရေးဟာ တိုင်းပြည်အတွက် အရေးကြီးတာ ကြောင့် ပါဝင်ဆောင်ရွက်သူတွေ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ဖို့ လိုတယ်လို့လည်း ကိုမင်းကိုနိုင်က ပြောပါတယ်။ ဒေသခံပြည်သူတွေကတော့ စီမံကိန်း လုံး၀ ရပ်ဆိုင်းပေးရေးအတွက်
သပိတ်စခန်းတွေဖွင့်ပြီး ဆန္ဒပြတောင်းဆိုမှုတွေက ဒီနေ့အထိ ရှိနေတာပါ။
ဆက်သွယ် မေးမြန်းထားတဲ့ ဗီအိုအေ
သတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြပေးမှာဖြစ်ပါတယ်။

လက်ပံတောင်းစီမံကိန်း ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သင့်တယ်လို့ စုံစမ်းရေး ကော်မရှင်က အစီရင်ခံစာ ထွက်လာပြီးနောက်မှာ လက်ပံတောင်းတောင် ဒေသခံတွေက စီမံကိန်းရပ်ဆိုင်းပေးရေးကို အဆက်မပြတ်တောင်းဆိုလာကြတာပါ။ အခုလို တောင်းဆိုမှုတွေနဲ့ ပတ်သက်ပြီး ပြည်တွင်းကအဖွဲ့အစည်း အသီးသီးမှာ ရှုမြင်သုံးသပ်ချက်တွေ အမျိုးမျိုးရှိနေကြပါတယ်။

နှစ်ပေါင်းများစွာ အာဏာရှင်အစိုးရအုပ်ချုပ်မှုအောက်မှာ ဒုက္ခရောက်ခဲ့ရတဲ့ ပြည်သူတွေနဲ့
ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အကြား အခုလို ထိပ်တိုက်တွေ့မှုတွေ
ဖြစ်နေတာကို စိုးရိမ်မိတယ်လို့ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့က
ကိုမင်းကိုနိုင်က ဗွီအိုအေနဲ့ သီးခြားမေးမြန်းမှုမှာ အခုလို ပြောပါတယ်။

“ကျနော်တို့က နားလည်မှုအခြေခံနဲ့ ဘာမဆို စဉ်းစားပါတယ်ဗျာ။ အဲဒီတော့ ညှပ်ပူးညှပ်ပိတ် ဖြစ်မသွားအောင် ရတောင့်ရခဲ နှစ်ပေါင်းများစွာ ခရီးကြမ်းကြီးမှာ ဖြတ်သန်းခဲ့ရတဲ့ ခေါင်းဆောင်၊ သူတို့နဲ့အတူ ယုံကြည်လက်တွဲခဲ့တဲ့ ပြည်သူတွေ- ဒီဆက်ဆံရေးကို ဘယ်လိုနည်းနဲ့မှ မထိခိုက်စေချင်ဘူးဗျာ။ ကျနော့်စိတ်ထဲမှာ တော်တော့်ကို စိုးရိမ်ကြောင့်ကျမှုတွေ ရှိတယ်ဗျ။ သဘောထားဆိုတာ နေရာတိုင်းမှာ တူရမယ်လို့ ဘယ်ရှိပါ့မလဲ၊ မတူတဲ့ကိစ္စတွေ ပေါ်လာပါစေ၊ ငြိမ်းချမ်းစွာ ပြောကြဆိုကြမယ်။ ပြီးရင် ရအောင်ညှိကြမယ်ဆိုတဲ့ စိတ်အခြေခံနဲ့ ကြိုးစားကြစေချင်တယ်ဗျာ။ လူတွေရဲ့ မြတ်နိုးမှုဆိုတာ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေဗျ။ အဲဒါကို ရုပ်ဝတ္ထုတွေနဲ့သွားပြီးတော့ တိုက်ရိုက်လဲမယ်ဆိုပြီး စဉ်းစားလို့တော့ မရဘူး။ အဲဒါမျိုးလည်း သိပ်အရေးကြီးတယ်။ ခုနက ပြောသလိုပေါ့ဗျာ။ ကျနော်တို့ရဲ့ ဒီမိုကရေစီခေါင်းဆောင်ကို ညှပ်ပူးညှပ်ပိတ်မိသွားပြီးတော့ အခက်အခဲ အကျပ်အတည်းကြားထဲမှာ ထိခိုက်သွားတာမျိုး တကယ်တော့ ပြည်သူတွေကလည်း မလိုလားပါဘူး။ ကျနော်တို့ နှစ်ပေါင်းများစွာ ရင်းပြီး ခရီးကြမ်းကြီး အတူလျှောက်ခဲ့ကြတဲ့သူတွေပါ။”

လက်ပံတောင်းတောင် အစီရင်ခံစာထွက်ပြီး (၁) ရက် အကြာမှာ စီမံကိန်း အကောင်အထည်ဖော် နေတဲ့ နေရာတွေကို ကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ကိုယ်တိုင် သွားရောက်ပြီး ဒေသခံ ပြည်သူတွေကို ရှင်းပြခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လက်ပံတောင်းတောင် ဒေသကို သွားရောက်ခဲ့စဉ်တုန်းက ပြည်သူတွေ တောင်းဆိုခဲ့တဲ့ အချက်တစ်ခုဖြစ်တဲ့ သပိတ်စခန်းတွေကို ဖြိုခွင်းစဉ်တုန်းက မီးခိုးဗုံးသုံးပြီး ရဟန်း သံဃာတွေကို ထိခိုက်စေတဲ့ တရားခံံဖော်ထုတ်ပေးဖို့ အချက်ကို ဒေသခံတွေက အဓိကထားပြီး တောင်းဆိုနေကြတာ ဖြစ်ပါတယ်။ အဲဒီလိုဒေသခံတွေရဲ့တောင်းဆိုမှုနဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက် ကျောင်းသား ကိုမင်းကိုနိုင်က အခုလို ပြောပါတယ်။

“မီးခိုးဗုံးလို့ပဲမြင်မြင်၊ မီးလောင်ဗုံးလို့ပဲ ဆိုဆိုဗျာ။ လူတွေရဲ့ အရေပြားတွေကို မီးလောင်စေခဲ့တယ်ဗျာ။ ရိုးရိုးလူတောင် မဟုတ်ဘူး။ ရဟန်း၊ သံဃာတွေ ဖြစ်နေတယ်။ အဲဒီတော့ ကျနော်တို့က ဒီဟာကို ဂလဲစား ချေမယ်ဆိုတဲ့စိတ်နဲ့ တောင်းဆိုနေတာ မဟုတ်ဘူး၊ ပြည်သူတွေ တောင်းဆိုနေတာ မဟုတ်ဘူး။ ဖော်ပြနိုင်စွမ်း တကယ်ရှိဖို့လည်း လိုတယ်။ အဲဒီ အစီရင်ခံစာအပေါ်မှာ သဘောထား ကွဲလွဲကြသည့်တိုင် နောက်နောင်ကို အေးချမ်းစွာ ဆန္ဒပြမယ့်ပြည်သူတွေဟာ ကမ္ဘာတည်သရွေ့ ရှိနေအုံးမှာပဲ။ အကြောင်းအရာတွေ ပေါ်လာတိုင်း အေးချမ်းစွာ ဆန္ဒပြကြအုံးမှာပဲ။ မီးလောင်စေတဲ့ လက်နက်မျိုးနဲ့ မီးခိုးဗုံးခေါ်ပြီးတော့ မီးလောင်စေတဲ့ လက်နက်မျိုးနဲ့ ပစ်လာခဲ့ရင် ကျနော်တို့ ပြည်သူတွေ ဘယ်နှယ်လုပ်မလဲ၊ အဲလိုမဖြစ်အောင် ဘယ်လို ကာကွယ်နိုင်သလဲ၊ အဲဒါက နောက်ထပ် ခေါင်းဆောင်တွေရော- သက်ဆိုင်ရာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေရော စဉ်းစားပေးကြပါ။ ကျနော်တို့ ပြည်သူတွေဟာ သံသယတွေ၊ နောက်ထပ် စိုးရိမ်ပူပန်မှုတွေနဲ့ အရင်းခံပြီးတော့ နှစ်ပေါင်းများစွာလက်တွဲထားတဲ့ တွဲလက်တွေ မပြုတ်စေချင်ဘူး။ ဒါကြောင့်ပါ- ဒီကိစ္စကို ထပ်ပြီးတော့ လေးနက်ပေးစေချင်ပါတယ်။ တာဝန်ယူဖို့ကို ကျနော် ဆိုလိုပါတယ်။ တာဝန်ယူမှု လိုပါတယ်။”

ဒေသခံတွေဘက်ကတော့ စီမံကိန်း လုံး၀ ရပ်ဆိုင်းရေးကိုသာ လိုလားပြီးတော့ ကော်မရှင်ရဲ့ အစီရင်ခံစာကို လက်မခံနိုင်တဲ့ အကြောင်း လက်ပံတောင်း ဒေသခံရွာသူ မဆင့်က အခုလို ပြောပါတယ်။

“ကျမက တုံတောကျောင်းကပါရှင့်။ ကျမနာမည် မဆင့်လို့ ခေါ်ပါတယ်။ ကျမတို့ကတော့ ဒီ လက်ပံတောင်းတောင် စီမံကိန်းကြီးကို ရပ်ဆိုင်းရေး အဓိကတောင်းဆိုတာပါရှင့်။ မြေယာတွေ အဓိကမဟုတ်ဘူးပေါ့။ လက်ပံတောင်းတောင် မဖျက်သိမ်းဖို့ရာပဲ အဓိက တောင်းဆိုကြတာပါ။ သူက မြေယာလျော်ကြေးတွေကို ထပ်ပေးသွားမယ်လို့ သူပြောသွားတာရှင့်။ တောင်သူ လယ်သမားတွေကတော့ လုံးဝ ရပ်ဆိုင်းရေးပဲ တောင်းဆိုကြတာ။”

တစ်ချိန်တည်းမှာပဲ လက်ပံတောင်းတောင် စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာကို အကောင်အထည် ဖော်ဆောင်ရွက်ဖို့ ဖွဲ့စည်းထားတဲ့ ကော်မတီက တာဝန်ရှိသူတွေ လက်ပံတောင်းဒေသကို လာရောက်မယ်ဆိုတာကြောင့် ဒေသခံတွေက တွေ့ဆုံဖို့ စောင့်စားနေတယ်လို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိ လက်ပံတောင်း ကြေးနီစီမံကိန်းဘက်က နောက်ဆုံးအခြေအနေတွေကတော့ တုံရွာနဲ့ အင်ကြင်းတောင်၊ လိပ်ခွံတောင်တွေပေါ်မှာ သပိတ်စခန်းတွေ ဆက်ဖွင့်ထားပြီးတော့ စီမံကိန်းဖျက်သိမ်းရေးကိုပဲ အလေးထား တောင်းဆိုနေတာကို တွေ့ရပါတယ်ခင်ဗျာ။
XS
SM
MD
LG