သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒဏ်ရာရသံဃာတွေ ဆေးကုသရာမှာ အခက်အခဲကြုံ


နိုဝင်ဘာလ ၂၉ ရက်နေ့က ကြေးနီစီမံကိန်း ရပ်တန့်ရေး ဆန္ဒပြမှုအား အကြမ်းဖက် ဖြိုခွဲစဉ် မီးလောင်ဒဏ်ရာဖြင့် မုံရွာဆေးရုံမှ သံဃာတော်တပါး။
နိုဝင်ဘာလ ၂၉ ရက်နေ့က ကြေးနီစီမံကိန်း ရပ်တန့်ရေး ဆန္ဒပြမှုအား အကြမ်းဖက် ဖြိုခွဲစဉ် မီးလောင်ဒဏ်ရာဖြင့် မုံရွာဆေးရုံမှ သံဃာတော်တပါး။
လက်ပံတောင်း သပိတ်စခန်းဖြိုခွဲခံရလို့ ဒဏ်ရာရခဲ့တဲ့ သံဃာတွေနဲ့လူပုဂ္ဂိုလ်တွေကို မန္တလေး ဆေးရုံကြီးဆီ ပြောင်းရွှေ့ ကုသပေးနေတဲ့ နေရာမှာ နေရာထိုင်ခင်း အခက်အခဲတချို့ ရှိနေ ပါတယ်။ သံင်္ဃာတချို့ကို သံင်္ဃာဆောင်ရှေ့က ဓမ္မာရုံမှာထားပြီး တချို့ကို ကုသ ပေးနေရပါ တယ်။ ဆေးရုံတာဝန်ရှိသူကတော့ ဒါဟာ ယာယီသာဖြစ်တယ်လို့ ပြောပါတယ်။ သံင်္ဃာတွေရဲ့ ဆေး ကုသစရိတ်ကိုတော့ စေတနာရှင်တွေ လာရောက်လှူဒါန်းကြတဲ့ အတွက် ပြည့် စုံတယ်လို့ လက်ပံတောင်း သံဃာ့ကျန်းမာရေး စောင့်ရှောက်မှုကော်မတီက ဆရာတော် ဦးဝီရသူကမိန့်ပါတယ်။ ခုလို မန္တလေးဆေးရုံမှာ သံဃာတွေ ဆေးကုသနေတဲ့အခြေအနေကို ဆက်သွယ်စုံစမ်းထားတဲ့ ဘန်ကောက်ရုံးက မစုမြတ်မွန်က တင်ပြပါမယ်။

မုံရွာဆေးရုံကနေ ဒဏ်ရာရ သံဃာတွေနဲ့ လူပုဂ္ဂိုလ်တွေအားလုံးကို မနေ့ တနင်္လာနေ့တုန်းက မန္တလေးဆေးရုံကြီးကို ပြောင်းရွှေ့ကုသ လိုက်တဲ့အတွက် မန္တလေးဆေးရုံမှာ နေရာထိုင်းခင်း အခက်အခဲဖြစ်သွားခဲ့ပါတယ်။ သံဃာတွေကို ဦးစားပေးလိုက်တဲ့အတွက် ဆေးရုံ လာတက်ကြတဲ့ သာမန်လူနာတွေ ပိုပြီးအခက်တွေ့သွားခဲ့တဲ့အကြောင်း လက်ပံတောင်း သံဃာတွေအတွက်ဖွဲ့ထားတဲ့ ကျန်းမာရေး စောင့်ရှောက်မှု ကော်မတီက ဆရာတော် ဦးဝီရသူက VOA မြန်မာပိုင်းကို ခုလို မိန့်ပါတယ်။

“ဆေးရုံနဲ့လူနာတွေကတော့ မမျှဘူး။ မမျှတဲ့အတွက် သံဃာဆောင်ရှေ့က ဓမ္မာရုံလေးကို လူနာဆောင် အဖြစ် သတ်မှတ်ပြီးတော့ ကုနေတယ်ပေါ့။ အဲဒီ ဓမ္မာရုံလေးမှာ ညက ဦးဇင်းသွားတော့ သံဃာ ၁၁ ပါးရှိတယ်ဗျ။ ဆေးရုံက တခြားလူနာဆောင်က ကုတင်တွေကို ပေးတယ်။ ဦးဇင်းတို့ က မွေ့ယာတို့၊ ဘာတို့ပေါ့-အကုန်လုံးပေါ့၊ ဓမ္မဓူတ အရှင်ဆေကိန္ဒရဲ့ကောင်းမှုနဲ့ ဝိုင်းဝန်းပြီးတော့ ပံ့ပိုးပေးတယ်။ ပြင်ဆင်ပေးတယ်ပေါ့။ တချို့လူနာဆောင်ထဲက ကုတင်တွေကို သံဃာတော်တွေ အတွက် ဓမ္မာရုံထဲကို ပို့လိုက်တဲ့အခါကျတော့ တခြား လူနာတွေက ကုတင်မဲ့ကုန်တာပေါ့နော်။ အင်္ဂတေပေါ်မှာ သူတို့ပါတဲ့အဝတ်ကလေးတွေခင်း၊ အိပ်ယာခင်းလေးတွေခင်းပြီး နေကြရတာတွေ ရှိတယ်ဗျ။”

မေး။ ။ အဲဒီတော့ တခြားဆေးရုံတွေကိုရော မျှပြီးတော့ ကုဖို့ အစီအစဉ်ရှိပါလား ဘုရား။

“သံဃာတော်တွေကျတော့ ဒီကိစ္စကျ တခြားဆေးရုံပြောင်းလို့လည်း မဖြစ်ဘူးလေ။ လူနာတွေ ကျတော့လည်း သူတို့ခမျာ မတတ်နိုင်လို့ ဆေးရုံလာကုတာဆိုတော့ ဒီလိုပဲပေါ့နော-အဆင်းရဲခံပြီးတော့ ကုနေကြတာပါပဲ။”

မန္တလေးဆေးရုံကြီး တာဝန်ရှိသူကတော့ ခုလိုဖြစ်နေတဲ့ အခြေအနေဟာ ယာယီသာဖြစ်ပါတယ်လို့ VOA ကို ပြောပါတယ်။

“ဓမ္မာရုံမှာ ခေတ္တထားတာပါရှင့်။ အကုန်လုံးအဆင်ပြေပါတယ်ရှင့်။ ဆရာဝန်လည်းလုံလောက်ပါတယ်။ ဆရာမလည်း လုံလောက်ပါတယ်။ အနီးကပ်လည်း စောင့်ရှောက်ပေးနေပါတယ်ရှင်။”

မေး။ ။ ဟုတ်ကဲ့။ ဆေးဝါးကိစ္စရော-

“အကုန်လုံးအဆင်ပြေပါတယ်ရှင်။ ဝန်ကြီးဌာနကလည်း လှူဒါန်းထားပါတယ်ရှင့်။”

မေး။ ။ ဝန်ကြီးဌာနဆိုတာက ကျန်းမာရေးဝန်ကြီးဌာနလား။

“ဟုတ်ကဲ့ရှင့်။ ဟုတ်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနကလည်း လှူဒါန်းထားပါတယ်။ ဒု-ဝန်ကြီးကိုယ်တိုင် လှူထားပါတယ်ရှင်။”

မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်ထဲက သပိတ်စခန်းတွေအပေါ် နိုဝင်ဘာလ ၂၉ ရက် နေ့၊ မနက် လင်းအားကြီးအချိန်မှာ အင်အားသုံး ဖြိုခွင်း ခံခဲ့ရပြီးနောက် မုံရွာဆေးရုံမှာ သံဃာအများအပြား တက်ရောက် ကုသခံခဲ့ပေမဲ့ မသက်သာတဲ့အတွက် မန္တလေးဆေးရုံကို ပြောင်းရွှေ့ ကုသတာဖြစ်ပါတယ်။

“ဆေးရုံတက်နေတာက သံဃာ ၈၉ ပါး၊ လူ ၁၅ ယောက်ပေါ့။ အဲဒီအထဲမှာ ဒဏ်ရာပြင်းထန်တာက သံဃာအပါးနှစ်ဆယ်နဲ့ လူနှစ်ယောက်၊ ပျက်ပြီး ဆိုးသွားတာရော၊ မျက်စိနဲ့မမြင်ရဘဲနဲ့ အတွင်းမှာ လှိုက်စားနေတာတွေရောပေါ့။ နှစ်မျိုးလုံးရှိတယ် တကာမကြီး။ အဲဒါက လူနာတိုင်းမှာ ဖြစ်နေတာ။ တကယ် ကြီးကြီးမားမားဖြစ်လို့ မန္တလေးဆေးရုံကို အရင်ဦးဆုံးရောက်လာတဲ့ နှစ်ပါးက မန္တလေး ဆရာဝန်တွေရဲ့ ကုသမှုကြောင့်တော့ တော်တော်လေးကို သက်သာလာပြီးတော့ အဲဒီလောက် မဆိုးလို့ဆိုပြီးတော့ မန္တလေးကို မပို့ဘဲနဲ့ မုံရွာမှာကုသထားတဲ့ သံဃာတွေက အဲဒီထက် ပိုဆိုးလာတယ်။ အဲဒါကြောင့်မို့လို့ မန္တလေးကို ရောက်လာတာပေါ့။

မန္တလေးရောက်တဲ့အခါကျတော့ ဦးဇင်းတို့ သွားကြည့်တော့ လူနာစောင့်တွေကို မေးကြည့်လိုက်တဲ့ အခါ မုံရွာမှာ ဒီလိုမကုဘူး-တဲ့။ ဆရာဝန် ဆရာမတွေက ကုရမှာကိုကြောက်ပြီး ဒီအတိုင်း ပစ်ထားတာ-တဲ့။ တချို့သံဃာတွေဆိုလို့ရှိရင် အောက်ပိုင်းတပိုင်းလုံး အသိမရှိတော့ဘူးပေါ့ဗျာ။ အဲဒါ ပုရွက်ဆိတ်တွေတက်နေတာ အုံနဲ့ကျင်းနဲ့ပေါ့။ ဆရာ ဆရာမတွေ ဘာမှ လုပ်မပေးဘူး-တဲ့။ အဲဒါ လူနာစောင့်က တကောင်ချင်း ဖယ်ပေးနေရတယ်-တဲ့။ အဲဒီလောက်အထိကို မုံရွာမှာ အခြေအနေ ဆိုးခဲ့တယ်ဗျ။ အမှန်က မန္တလေးမှာတော့ မနေ့ကရောက်တယ်ဆိုလို့ရှိရင် ဒီနေ့ ဆေးထည့်လို့ သက်သာတာမျိုးတွေ ရှိပါတယ်။”

ဆေးကုသခံနေသူတွေအတွက် ဆေးကုသစရိတ်အတွက်တော့ အလှူရှင်တွေ လာရောက်လှူကြတဲ့ အတွက် လောလောဆယ် လုံလောက်တယ်လို့လည်း ဆရာတော် ဦးဝီရသူက မိန့်ပါတယ်။

“ဆေးဝါးကတော့ ဆေးရုံကရေးပေးတဲ့ဟာကိုပဲ ဆေးရုံကြီးက ဆိုင်တွေကို သွားဝယ်ရတယ်လေ။ အဓိက-ကတော့ နဝကမ္မဝတ္ထုငွေပေါ့။ အဲဒါပဲ လှူကြတာ များပါတယ်။ အဲဒီဝတ္ထုငွေနဲ့ပဲ သံဃာတွေ၊ လူနာတွေကို ပြန်ပြီးတော့ လှူဒါန်းတာပေါ့။ တော်တော်လှူကြပါတယ်။ တဦးတယောက်စီဆိုလို့ရှိရင် အနည်းဆုံး တသိန်းကနေပြီးတော့ ဆယ်သိန်းအထိ လှူကြတဲ့သူ များတယ်။”

လက်ပံတောင်းစီမံကိန်းနဲ့ ပတ်သက်လို့ အစောပိုင်းက ဖွဲ့စည်းလိုက်တဲ့ စုံစမ်းရေးကော်မရှင်ထဲမှာ ဆန္ဒပြမှုတွေ ထိန်းသိမ်းတဲ့အပေါ် အခြေအနေမှန် ဖော်ထုတ်နိုင်ဖို့အချက် ပါဝင်ပေမဲ့ တနင်္လာနေ့ က ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ ကော်မရှင်သစ်ရဲ့ တာဝန်မှာတော့ ဒီအချက်ကို ဖယ်လိုက်တာ တွေ့ ရပါတယ်။ လက်ပံတောင်းတောင် ကြေးနီမိုင်းလုပ်ငန်း ဆက်ပြီး လုပ်သင့် မသင့်ကိုပဲ စုံစမ်းစစ်ဆေး ရမဲ့ ကော်မရှင်အဖွဲ့ဝင် တချို့ ဒီကနေ့ နေပြည်တော်မှာ အစည်းအဝေး လုပ်ခဲ့ပါတယ်။ ကော်မရှင်ရဲ့ စုံစမ်းမှုတွေကို အမြန်ဆုံး စတင်တော့မှာဖြစ်တယ်လို့ စုံစမ်းရေး ကော်မရှင် အဖွဲ့ဝင် တယောက်ဖြစ်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။

“အဖွဲ့ဝင် ၁၆ ဦးရှိတဲ့အထဲမှာတော့ အကုန်လုံးက ကိုယ့်တာဝန်နဲ့ကိုယ် ကိုယ်လုပ်ရမဲ့အပိုင်းလေးတွေ၊ ကိုယ့်ဖာသာကိုယ် ထမ်းဆောင်ကြရမယ့် တာဝန်အနေအထား ရှိပါတယ်။ ဘယ်သူ ဘာ၊ ဘယ်သူ ဘာရယ်လို့တော့ ခွဲဝေမထားပါဘူး။ အကုန်လုံးကတော့ လုပ်ဆောင်ကြရမှာပါပဲ။ အကုန်လုံးပေါင်းပြီးတော့လေ။ အဖွဲ့တွေအလိုက်၊ အဖွဲ့တွေအလိုက်နဲ့လည်း ဒီလိုလည်း မဟုတ်ဘူး။ ၁၆ ဦးစလုံးကတော့ ကျရာနေရာလေးတွေကနေ တွဲတွဲပြီး အလုပ်လုပ်ကြမယ့် သဘောမှာပါ။”

မေး။ ။ အဲဒီတော့ ဘယ်တော့လောက်စပြီးတော့ အဲဒီစုံစမ်းမှုတွေ လုပ်နိုင်မယ်လို့ ထင်ပါသလဲရှင့်။

“အမြန်ဆုံးလုပ်မယ်ပြောပါတယ်။ အမြန်ဆုံးဆိုတော့လည်း ဒီနေ့လည်း ဖြစ်နိုင်သလို မနက်ဖြန်လည်း ဖြစ်နိုင်တာပေါ့။ ကျမတို့ကိုတော့ ဘယ်တော့စမယ်ဆိုပြီး အတိအကျ မပြောသေးပါဘူး။”

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူတဲ့ စုံစမ်းရေးကော်မရှင်အနေနဲ့ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး သမ္မတဆီကို လက်ပံတောင်းစီမံကိန်းနဲ့ ပတ်သက်ပြီးတော့ အစီရင်ခံစာတင်ရမှာ ဖြစ်ပါတယ်ရှင်။
XS
SM
MD
LG