သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပံတောင်းတင်းမာမှု သတ္ထုတွင်းဝန်ကြီး တွေ့ဆုံဖြေရှင်းလို


လက်ပံတောင်းတောင် ဒေသခံတွေက ကိုယ့်လယ်မြေ ပြန်ရရေး သပိတ်စခန်းဖွင့်ထားတဲ့အတွက် နှစ်ဘက်ပြေလည်မှုတွေရဖို့် အကောင်အထည်ဖော်ရေး ကော်မတီ ဥက္ကဌလည်းဖြစ်တဲ့ သတ္ထုတွင်းဝန်ကြီးနဲ့ ဒေသခံသံဃာဖြစ်တဲ့ ဦးတိက္ခဉာဏ ဦးဆောင်ပြီး ဆွေးနွေးခဲ့ပေမဲ့ ပြေလည်မှု မရခဲ့ပါဘူး။

ဒီအတွက် တောင်သူတွေဘက်ကလည်း သပိတ်စခန်း ဆက်ဖွင့်ထားသလို အာဏာပိုင်တွေဘက်ကလည်း လုံခြုံရေးအင်အားတွေနဲ့ ဆက်လက် နေရာယူထားဆဲဖြစ်တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့အပတ်တုန်းက လူသေဆုံးမှုဖြစ်ရတဲ့အထိ တင်းမာမှုဖြစ်နေရတဲ့ လက်ပံတောင်းတောင်မှာ တောင်သူတွေဘက်ကလည်း သူတို့မြေပြန်ရရေး သပိတ်စခန်းဖွင့်ထားသလို အာဏာပိုင်တွေကလည်း လုံခြုံရေးအင်အားတွေနဲ့ နေရာယူထားတာကြောင့် နှစ်ဘက်တင်းမာမှုတွေကတော့ ပြေလည်မှုတွေ မရသေးဘူးလို့ ဆိုပါတယ်။ ဒေသခံသံဃာဖြစ်တဲ့ ဦးတိက္ခဉာဏနဲ့ အာဏာပိုင်တွေ ညှိနှိုင်းခဲ့ပေမဲ့ ပြေလည်မှု မရခဲ့ဘူးလို့ စန်းမြဝတီကျောင်းတိုက်က ဆရာတော် ဦးစန္ဒာသီရိက မိန့်ပါတယ်။

“သတ္ထုတွင်းဝန်ကြီး ဦးသန်းထိုက်က ဆရာတော် ဦးတက္ခဉာဏနဲ့ ဆွေးနွေးထားတဲ့ဟာကနေပြီးတော့ ဒေသခံတောင်သူလယ်သမားတွေနဲ့ တွေ့ဆုံပြီး ဆွေးနွေးဖြေရှင်းမယ်လို့ ပြောပေမဲ့လည်း ဟုတ်လား ညနေ ၃ နာရီမှာ သူ လာရောက်ခြင်း မရှိခဲ့ဘူးပေါ့။ သူလာရောက်ခြင်းမရှိတဲ့အတွက် ဖုန်းဆက်ပြီး အကြောင်းကြားတဲ့အခါကျတော့ သတ္ထုတွင်းဝန်ကြီး ဦးသန်းထိုက်ကိုယ်တိုင်က သူ ဒီကိစ္စတွေကို ပြေလည်အောင် ဖြေရှင်းမပေးနိုင်ပါဘူးဆိုပြီး ဖုန်းဆက်တဲ့အတွက် နောက် သူကိုယ်တိုင်လည်း မလာရောက်နိုင်ကြောင်း ပြောတဲ့အတွက် သူတို့က ဒေသခံတွေနဲ့ ညှိနှိုင်းမယ်လို့ ပြောပေမဲ့ ညှိနှိုင်းဖို့ အဆင်မပြေလိုက်ဘူး သူကလေ။”

ပြီးခဲ့တဲ့အပတ်က ပဋိပက္ခဖြစ်ပွားခဲ့ရတဲ့ အရေးအခင်းအတွင်းမှာ တောင်သူတွေဘက်က ဒေသခံတဦး သေဆုံးမှုကို သေမှုသေခင်း ဖွင့်ခဲ့တာပါ။ ဒီရက်ပိုင်းအတွင်း ခြံစည်းရိုးတွေကို ချိုးဖျက်ပြီး သူတို့လယ်တွေပြန်ရရေး ကြိုးစားကြတဲ့ ဒေသခံတောင်သူတွေကို အာဏာပိုင်တွေက အမှုဖွင့်ထားတယ်လို့ သတင်းတွေထွက်ပေါ်နေတာကြောင့် အာဏာပိုင်တွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

“တရားရုံးက ကျနော်တို့ဆီကို အကြောင်းမကြားသေးဘူး။ တကယ်စွဲထားသလား၊ မစွဲထားသလားဆိုတာ ကျနော်တို့လည်း သေချာမသိသေးဘူးပေါ့နော်။”

မေး။ ။ ဒါဆို မြန်မာဝမ်ပေါင်ကုမ္ပဏီက မသိသေးဘူးဆိုတော့ မြန်မာဝမ်ပေါင်ကုမ္ပဏီက စွဲတာ မဟုတ်သေးဘူးပေါ့။

ဖြေ။ ။ “စွဲမယ်ဆိုရင်တော့ ဦးပိုင်က စွဲမလားမသိဘူး။ ဝမ်ပေါင်စွဲမလား၊ ဦးပိုင်စွဲမလားဆိုတာ အခုက ဆွေးနွေးနေတုန်းပဲ။ နောက်ဆုံးဟိုဟာ မဖြစ်သေးဘူး။ သူတို့ကလည်း မိမိတို့ဝန်ထမ်းကို ဝိုင်းပြီးတော့ လာချတဲ့အခါကျတော့ ကျနော်တို့က ဒီဘက်မှာ တော်တော်များများ ဒဏ်ရာရတာလေ။”

တောင်သူတွေကတော့ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာကို အပြုသဘောလက်ခံကြောင်းနဲ့ ဒီအစီရင်ခံစာကို လိုက်နာဆောင်ရွက်မှု မရှိတဲ့အတွက် သူတို့လယ်မြေပြန်ရရေးအတွက် သပိတ်စခန်း ဖွင့်ထားရတာဖြစ်ကြောင်းကို ဒီကနေ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ကော်မရှင်ရဲ့ အစီရင်ခံစာအရ အစားထိုးမြေပြန်ပေးဖို့ ပြောဆိုထားတာပါ။ ဒေသခံတွေကတော့ သူတို့မြေယာတွေကိုသာ ပြန်လိုချင်တယ်လို့ ဆည်တဲရွာသူတဦးက ဆိုပါတယ်။

“ဒေသခံတွေအပေါ်မှာ အစီရင်ခံစာအတိုင်း လုပ်ဆောင်တာတွေ အခုထိ မတွေ့ခဲ့ရသေးဘူးအမ။ အစီရင်ခံစာအတိုင်းဆိုရင်တော့ ညီမတို့ ဒေသခံတွေရဲ့ တောင်းဆိုတဲ့ အချက်အလက်တွေ ပြီးပြည့်စုံအောင် လိုက်နာဆောင်ရွက်ပေးမယ်ဆိုရင် ညီမတို့အနေနဲ့ စဉ်းစားမယ်။ နောက်တချက်က အခု ညီမတို့ကိုပေါ့နော် ဒီ ယာကို ပြန်လည်ရရှိရေးဆိုတဲ့ ကိစ္စမှာလည်း ညီမတို့ ဒေသခံတွေက လျော်ကြေးစကားမပြေဘူး။ ဒီညဆိုရင် ညီမတို့ရဲ့ တောင်သူတွေကပေါ့နော် ၁ ဧကကို နှမ်း ၁၀ ကျော် ၂၀ ထွက်ပါတယ်။ ဒီနှစ်ဆိုရင် တောင်ပိုကြီးတဲ့သူက နှမ်း ၁၅၀ ကျော်ရပါတယ်။ အဲ့ဒီ နှမ်း ၁၅၀ အပေါ်မှာ ညီမတို့ တောင်သူတွေက နှမ်း ၁ တင်းကို ၄ သောင်းနှုန်းရတယ်။ နှမ်း ၁၀၀ ဆိုရင် သိန်း ၄၀၊ နှမ်း ၁၅၀ ဆိုရင် ဒီညတည်းနဲ့ သိန်း ၆၀ ဝင်နေတဲ့အတွက် ဒီတောင်သူလယ်သမားတွေက ကိုယ်လယ်ယာကိုယ်ပဲ ပြန်ရချင်ပါတယ်။ ကိုယ့်လယ်ကိုယ်ပဲ ပြန်လိုချင်တယ်။”

လက်ပံတောင်းမှာ အခုလို လူသေဆုံးမှုအထိ ဖြစ်ရတဲ့အခြေအနေနဲ့ ပတ်သက်လို့ မြန်မာပြည်တဝှမ်း ဆန္ဒပြမှုတွေဖြစ်ခဲ့ရာမှာ မနေကတော့ ကျောက်ပန်းတောင်းမြို့က သံဃာတွေ ငြိမ်းချမ်းစွာ မေတ္တာပို့ ဆန္ဒထုတ်ဖော်မှုတွေ လုပ်ခဲ့ပါတယ်။ ရန်ကုန်မြို့က တရုတ်သံရုံးရှေ့ ဆန္ဒပြဖို့ ကြိုးစားသူတွေကိုတော့ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ အပါအဝင် ပုဒ်မ ၇ ခုနဲ့ ဒဂုံတရားရုံးမှာ တရားစွဲဆိုပြီး အာမခံမပေးဘဲ ဖမ်းဆီးလိုက်ပါတယ်။

လက်ပံတောင် ကြေးနီစီမံကိန်းဟာ မြန်မာဝမ်ပေါင်ကုမ္ပဏီနဲ့ စစ်တပ်ပိုင် မြန်မာစီးပွာရေး ဦးပိုင်ကုမ္ပဏီလီမိတက်တို့ ပူးပေါင်းလုပ်ခဲ့တဲ့ စီမံကိန်းဖြစ်ပါတယ်။ ၂၀၁၂ မှာ သပိတ်စခန်းဖွင့် ကန့်ကွက်သူတွေကို မီးလောင်ဗုံးနဲ့ ဖြိုခွဲမှုဖြစ်အပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ စစ်ဆေးစေခဲ့ပြီးတဲ့နောက်မှာတော့ စာချုပ်အသစ် ပြန်လည်ချုပ်ဆိုခဲ့ပြီး အကျိုးခံစားခွင့်ထဲမှာ မြန်မာအစိုးရပါ ပါဝင်လာတာ ဖြစ်ပါတယ်။

XS
SM
MD
LG