လိုင်ဘေးရီးယား လက်ထောက်ကျန်းမာရေးဝန်ကြီးရဲ့ လက်ထောက်တဦး အီဘိုလာ ဗိုင်းရပ်စ်ပိုးနဲ့ သေဆုံးသွားတဲ့အတွက် လက်ထောက်ဝန်ကြီး Bernice Dahn ကိုယ်တိုင်က ရောဂါကူးစက်မှု မရှိအောင် ဟန့်တားတဲ့အနေနဲ့ သီတင်း ၃ ပတ်ကြာ သီးခြားခွဲနေဖို့ ဆုံးဖြတ်လိုက်ပါတယ်။
သူ့မှာ ရောဂါလက္ခဏာမရှိပေမယ့် ရောဂါပိုး ကူးစက်ခြင်းမရှိဘူးဆိုတာ သေချာအောင် အခုလို လုပ်ဆောင်ရခြင်းဖြစ်ကြောင်း လက်ထောက်ဝန်ကြီး Bernice Dahn က သတင်းထောက်တွေကို စနေနေ့မှာ ပြောပါတယ်။ သူမရဲ့ ဝန်ထမ်းတွေအနေနဲ့လည်း ရောဂါပိုး ကူးစက်ခြင်းရှိမရှိ သိနိုင်မယ့် အများဆုံးရက်ဖြစ်တဲ့ ၂၁ ရက်ကြာ အိမ်မှာနေကြဖို့ ပြောကြားထားပါတယ်။
နှစ်ရက်အတွင်း အီဘိုလာရောဂါနဲ့ လိုင်ဘေးရီးယားနိုင်ငံမှာ လူ ၁၅၀ သေဆုံးခဲ့တယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သောကြာနေ့မှာ ပြောပါတယ်။ အီဘိုရောဂါ စတင်ဖြစ်ပွားတဲ့အချိန်ကစလို့ လိုင်ဘေးရီးယားနိုင်ငံအတွင်းမှာ လူပေါင်း ၁,၈၀၀ သေဆုံးခဲ့ပြီးဖြစ်တယ်လို့ WHO က ပြောပါတယ်။ ဒါဟာ အီဘိုလာကြောင့် Guinea, Sierra Leone နဲ့ လိုင်ဘေးရီးယားနိုင်ငံတွေမှာ သေဆုံးသူ စုစုပေါင်း ၃,၀၈၃ ဦးရဲ့ ထက်ဝက်ကျော်လည်း ဖြစ်ပါတယ်။
အသစ်ရရှိတဲ့ အချက်အလက်တွေဟာ အီဘိုလာ ကူးစက်ရောဂါကြောင့် ဖြစ်ပွားမှုနှုန်း အတိုင်းအတာ အစစ်အမှန် ဟုတ်ချင်မှဟုတ်မှာလို့ WHO က ပြောပါတယ်။ အခုချိန်ထိတော့ ရောဂါပိုးကူးစက်သူ ၆,၅၀၀ ရှိသွားပြီလို့ ခန့်မှန်းထားကြတာ ဖြစ်ပါတယ်။ ရောဂါပိုး ကူးစက်သူတွေဟာ ကျန်းမာရေး ဌာနတွေမှာ လာပြကြဖို့ ကြောက်ရွံ့နေတာဖြစ်နိုင်သလို လူတွေ ပြည့်ကျပ်နေတဲ့အတွက် ကျန်းမာရေးဌာနတွေက သူတို့ကို လက်မခံဘဲ ပြန်လွှတ်လိုက်တာမျိုးလည်း ရှိနိုင်တယ်လို့ WHO က ပြောပါတယ်။