သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစ်ဗျားဟိုတယ်တိုက်ခိုက်မှု နိုင်ငံခြားသားတွေ အပါအဝင် လူ ၈ ဦးသေ


လစ်ဗျားနိုင်ငံ Tripoli မြို့က ဟိုတယ်တခုကို လက်နက်ကိုင်တစုက အင်္ဂါနေ့မှာ ဝင်ရောက် တိုက်ခိုက်ခဲ့ရာမှာ လုံခြုံရေးအစောင့် ၃ ယောက်နဲ့ နိုင်ငံခြားသား ၅ ဦး သေဆုံးသွားကြောင်း လစ်ဗျားအာဏာပိုင်တွေက ပြောပါတယ်။ အဲဒီဟိုတယ်ဟာ နိုင်ငံရေးသမားတွေနဲ့ နိုင်ငံတကာက ရောက်ရှိလာတဲ့ အမှုထမ်းတွေ တည်းခိုလေ့ရှိတဲ့ ဟိုတယ် ဖြစ်ပါတယ်။

တိုက်ခိုက်သူသေနတ်သမားတွေဟာ သူတို့စီးနင်းလာတဲ့ မော်တော်ကားကို ဖောက်ခွဲလိုက်ကာ ဝန်ထမ်းတွေကို ပစ်ခတ်ခဲ့ပြီးနောက် ဟိုတယ်ကို ဝင်စီးခဲ့တာဖြစ်တယ်လို့ Corinthia ဟိုတယ် လုံခြုံရေး တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီတိုက်ခိုက်မှုကို ဘယ်အဖွဲ့အစည်းက စီစဉ်ဆောင်ရွက်ခဲ့တယ် ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဒါပေမဲ့ အင်တာနက်အွန်လိုင်းကနေ ထုတ်ပြန်တဲ့ ကြေညာချက်တခုမှာတော့ IS အစ္စလာမ်မစ် စစ်သွေးကြွတွေရဲ့ Tripoli ခရိုင်အဖွဲ့ ဆိုတဲ့အဖွဲ့က သူတို့ရဲ့လက်ချက် ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

လူမှုကွန်ယက်မီဒီယာပေါ်မှာ ဖော်ပြထားချက်အရ အမေရိကန်တပ်ဖွဲ့တွေက ၂၀၁၃ ခုနှစ်အတွင်း အဘူ Abu Anas al-Libi (ခေါ်) Nazih Abdul-Hamed al-Ruqai ကို ဖမ်းဆီးသွားခဲ့တဲ့အပေါ် လက်တုံ့ပြန် တိုက်ခိုက်တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

al-Libi ဟာ ၁၉၈၉ ခုနှစ် ကင်ညာနဲ့ တန်ဇန်းနီးယား နိုင်ငံတွေမှာရှိတဲ့ အမေရိကန်သံရုံးတွေကို al-Qaida တွေရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ဆက်စပ်နေသူဖြစ်ပြီး၊ အမေရိကန် ပြည်ထောင်စုမှာ သူ့ရဲ့အမှုကို စစ်ဆေးနေစဉ် ဇန်နဝါရီလဆန်းက ကွယ်လွန်သွားခဲ့သူ ဖြစ်ပါတယ်။

XS
SM
MD
LG