သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိုင်ဇာထိပ်သီးအစည်းအဝေးပြီးဆုံး


ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း
ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း

တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၆ ဖွဲ့က ထိပ်သီးခေါင်းဆောင်တွေရဲ့ လိုင်ဇာမြို့က အစည်းအဝေးဟာ ဒီကနေ့ ပြီးဆုံးသွားပြီး အပစ်အခတ် ရပ်စဲရေးအတွက် ဆွေးနွေးနေချိန်မှာပဲ နိုင်ငံရေးဆွေးနွေးပွဲအတွက် မူဘောင်ချမှတ်တာတွေကို တပြိုင်တည်း ဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒီလိုဆောင်ရွက်ဖို့အတွက် အခြေခံမ ူ၁၀ ချက် ချမှတ်ထားတယ်လို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT ခေါင်းဆောင်က ပြောပါတယ်။ ဒီသတင်းကို ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ်ကို ရောက်ရှိနေတဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

၂၅ ရက်နေ့ကနေ စတင်ခဲ့တဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ထိပ်သီးခေါင်းဆောင်ပိုင်း ဆွေးနွေးပွဲဟာ ဒီကနေ့ ညနေမှာ ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာ အပစ်အခတ် ရပ်စဲရေးအတွက် ဆွေးနွေးနေချိန်မှာပဲ နိုင်ငံရေးဆွေးနွေးပွဲအတွက် မူဘောင်ချမှတ်တာတွေကို တပြိုင်တည်း ဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ NCCT ရဲ့ ဒုတိယအဖွဲ့ ခေါင်းဆောင် ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

“ညှိနှိုင်းရခက်မယ့်အနေအထားကတော့ ကျနော်တို့ ဒီအစည်းအဝေးကနေ ချလာတဲ့မူအပေါ် တော်တော်များများကတော့ ကျနော်တို့ ကျော်လွှားသွားနိုင်ပါတယ်။ တပြည်လုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမယ်။ တချိန်တည်းမှာပဲ political dialogue framework ဆိုတဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု မူဘောင်ကို ကျနော်တို့ ဘယ်လိုပြင်ဆင်မလဲ ဆိုတဲ့ကိစ္စပါ။ ပြင်ဆင်မှုဆိုတာကတော့ အကုန်လုံး လုပ်ရမှာပဲဒါ။”

တဆက်တည်းမှာပဲ ဒီဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ဖို့အတွက် အခြေခံ မူ ၁၀ ချက်ကိုလည်း ချမှတ်ခဲ့ပါတယ်။

“ဆုံးဖြတ်ချက်ချနိုင်မယ့် အခြေခံမူလို့ တချို့ကိစ္စမှာ NCCT ကို လွှဲပြီး တာဝန်ပေးတာတို့၊ ရေးသားတဲ့နေရာမှာ တကယ်ပြင်ရမယ့် စာအရေးအသားတို့၊ technically ပေ့ါလေ။ ဒါကို NCCT ကို တာဝန်ပေးလိုက်တာ၊ အာဏာပေးလိုက်တဲ့ သဘောပေါ့။ နောက်ပြီးတော့ တချို့တိုင်းရင်းသားတွေ တကယ် လက်မှတ်ထိုးမယ်လည်းဆိုရင် ပါဝင်ရမယ့် အဖွဲ့အစည်းတွေ ဘယ်လိုလဲဆိုတာ သတ်မှတ်တာတွေပေါ့နော်။”

လက်မှတ်ထိုးရာမှာ ပါဝင်ရမယ့် အဖွဲ့အစည်းနဲ့ ပတ်သက်ပြီး စံသတ်မှတ်ချက်တွေကို အခုလို ဆက်ပြောပါတယ်။

“သူက အဖွဲ့အရေအတွက်နဲ့တော့ သတ်မှတ်မှုမရှိဘူး။ ဒါပေမဲ့ အခြေခံရမယ့် လက်မှတ်ထိုးသင့်တဲ့ အဖွဲ့အစည်းက ဘယ်လိုအဖွဲ့အစည်းမျိုးလဲ သူ့စံနှုန်းတော့ ထားထားတာပေါ့နော်။ စံ ဆိုတာကတော့ တကယ့်ဟိုဥစ္စာပေါ့ ကျနော်တို့ အစိုးရနဲ့ လက်မှတ်ရေးထိုးထားပြီးသား အဖွဲ့အစည်းဖြစ်ရမယ်။ နောက်ပြီးတော့ တကယ့် တိုင်းရင်းသား ဟိုဥစ္စာပေါ့ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ အစိုးရကို နိုင်ငံရေးအရ တိုက်ပွဲဝင်တဲ့ အဖွဲ့အစည်း ဖြစ်ရမယ်။ နိုင်ငံခြားတွေကို တိုက်ပွဲဝင်တဲ့ အဖွဲ့အစည်း မဖြစ်ရဘူး။ တချို့အဖွဲ့အစည်းတွေက ကျနော်တို့ ဗမာပြည်မှာ အခြေချတယ်၊ တခြားနိုင်ငံနဲ့ နိုင်ငံရေးအရ တိုက်ပွဲဝင်နေတဲ့ အပေါ်မှာ ဒါတွေကျတော့ ကျနော်တို့အနေနဲ့ လက်မှတ်ထိုးတဲ့အထဲမှာတော့ မပါသင့်ဘူးပေါ့။”

မနက်ဖြန်မှာတော့ NCCT မှာ မပါဝင်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF တို့နဲ့ တွေ့ဆုံပြီး တပြည်လုံး အပစ်အခတ် ရပ်စဲရေးမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အားလုံး ပါဝင်ရေးအတွက် ဆွေးနွေးဖို့ ရှိနေပါတယ်။ UWSA ခေါ် ဝပြည်သွေးစည်းညီညွတ်ရေးပါတီနဲ့ မုန်းလားအဖွဲ့တွေကတော့ တက်ရောက်နိုင်ခြင်း မရှိပါဘူး။ ဒီဆွေးနွေးပွဲ ပြီးတဲ့နောက်မှာတော့ မြန်မာငြိမ်းချမ်းရေးစင်တာနဲ့ NCCT ကိုယ်စားလှယ်တွေဟာ မြစ်ကြီးနားမြို့မှာ ထပ်မံ တွေ့ဆုံပြီး အစိုးရကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးဖို့အတွက် ညှိနှိုင်းကြမှာ ဖြစ်ပါတယ်။

XS
SM
MD
LG