သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်နက်နဲ့ မူးယစ်ဆေးဝါး အမြောက်အများ တမူးမှာ ဖမ်းမိ


အိန္ဒိယ-မြန်မာ နယ်စပ်ဒေသ
အိန္ဒိယ-မြန်မာ နယ်စပ်ဒေသ
စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့က လူနေရပ်ကွက်တခုထဲမှာ လက်နက်ခဲယမ်းမီးကျောက် အမြောက်အများကို ဖမ်းဆီးရမိခဲ့တာပါ။ လွန်ခဲ့တဲ့နှစ်တွေအတွင်းက လက်နက်ခဲယမ်းတွေ မှောင်ခို သိုလှောင်ထားတဲ့ အိမ်တလုံး မီးလောင်ခဲ့ချိန်မှာ ခဲယမ်းတွေပေါက်ကွဲလို့ လူတချို့ ထိခိုက်ခဲ့တာကြောင့် စိုးရိမ်ကြောက်ရွံ့နေကြတာ ဖြစ်ပြီး အခုလို လက်နက်ခဲယမ်းတွေ မှောင်ခိုသိုလှောင်ထားတာကို ထိထိရောက်ရောက် အရေးယူပေးဖို့ လိုလားနေကြတာလည်းဖြစ်ပါတယ်။ ဒီသတင်းအပြည့်အစုံ ကိုတော့ ဗွီအိုအေ(မြန်မာပိုင်း)အစီအစဉ် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အိန္ဒိယနိုင်ငံနဲ့ နယ်မြေချင်းထိစပ်နေတဲ့ တမူးမြို့ က စန္ဒကူးရပ်ကွက် (၃) အတွင်းကနေ လက်နက်ငယ်မျိုးစုံ (၉၆) လက်၊ ဗုံးသီးမျိုးစုံ အလုံး (၆၀)၊ နင်းမိုင်း(၂၃) လုံး၊ ကျည်မျိုးစုံ (၇၉၀၀) ကျော်၊ ယမ်းတောင့် (၂၅၀)၊ ယမ်းကြိုးခွေ (၄) ခွေအပါအဝင် ကျည်အိမ်မျိုးစုံ (၂၀၀) လောက်နဲ့ မူးယစ်ဆေး ချက်လုပ်ရာမှာ အသုံးပြုတဲ့ ဆူဒိုအက်ဖ်ဒရင်း ဆေးပြား အလေးချိန် ကီလို (၁၀၀၀) ကျော်ကို ဖမ်းဆီးရမိကြောင်း အစိုးရပိုင်သတင်းစာတွေမှာ ဒီကနေ့ ဖော်ပြပါတယ်။

ဖမ်းဆီးရမိတဲ့ လက်နက်ခဲယမ်းတွေဟာ တဘက်နိုင်ငံမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတခုကနေ အပ်နှံ သိမ်းဆည်းခိုင်းထားတဲ့ ပစ္စည်းတွေဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

လူနေရပ်ကွက်အတွင်းမှာ ဒီလို မှောင်ခိုလက်နက်ခဲယမ်းတွေ သိုလှောင်ထားတဲ့အပေါ်မှာတော့ ဒေသ ခံပြည်သူတွေက စိုးရိမ်ကြောက်ရွံ့နေကြောင်း ပြောပါတယ်။

“အဲ့တော့ အခုမိတဲ့အိမ်က အရင်ကလည်း မိခဲ့ပြီးပြီပေါ့ နော။ ဒါဟာ မဏိပူကနေ သူတို့လူမျိုးတွေ ပိုင်ဆိုင်တဲ့အိမ်ပေါ့ နော။ ကသည်းသူပုန်အဖွဲ့ကပေါ့။ အဲ့ဒီအိမ်မှာ လက်နက်တွေ အများကြီးမိဘူးတယ် အရင်တုန်းက။ အဲ့လိုပဲ ရပ်ကွက်ထဲမှာနေကြတယ်ဆိုတော့ မီးတွေ ဘာတွေ လောင်ရင် ဗုံးတွေပေါက်လို့ ကျနော်တို့ မြို့မှာ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေရှိတယ်ဗျ။ လူတွေမှန်တာတို့ အိမ်နားနီးချင်းတွေ မီးလောင်တာတို့ ဖြစ်ခဲ့တယ်လေ။ အဲ့ဒီအတွက်တော့ ကျနော်တို့ အင်မတန် စိုးရိမ်ပါတယ်။ ကျနော်တို့ အိမ်တွေနဲ့လည်း နီးတယ် ဆိုတော့လေ။”

၂၀၀၉ ခုနှစ်က တမူးမြို့ မြို့သစ်ရပ်ကွက်က ကသည်းလူမျိုးတဦးရဲ့ နေအိမ်မှာ မီးလောင်ပြီး လက်နက်ခဲယမ်းတွေ ပေါက်ကွဲခဲ့တာကြောင့် အိမ်အတွင်းမှာရှိနေသူ ကသည်း လူမျိုး နှစ်ယောက်သေဆုံးခဲ့ရသလို အနီးအနားက ဖြတ်သွားသူ မြန်မာပြည်သားတဦး လက်တဖက် ပြတ်သွားခဲ့ဖူးပါတယ်။ ဒီမီးလောင်မှုမှာ အိမ်နီးနားချင်း အိမ် နှစ်အိမ်လည်း ပျက်ဆီးဆုံးရှုံးခဲ့တာဖြစ်ပါတယ်။

အခုလို လက်နက်ခဲယမ်းတွေ လူနေရပ်ကွက်အတွင်း မှောင်ခိုထားရှိနေတာဟာလည်း အာဏာပိုင်တွေနဲ့ ဆက်နွယ် ပတ်သက်နေတယ်လို့ ဒေသခံတွေက ယူဆနေတာဖြစ်ပါတယ်။
တခြားဒေသခံတယောက်ကတော့ တမူးမြို့မှာ ဒီလို ဖြစ်ပျက်နေတာတွေကို ထိထိရောက်ရောက် အရေးယူပေးဖို့ လိုလားကြောင်း ပြောပါတယ်။

“ဒီအထဲမှာ သေနတ်တွေ၊ ပေါက်ကွဲတတ်တဲ့ ပစ္စည်းတွေ ရှိနေတယ်ဆိုတော့ ကျမတို့က စိုးရိမ်တာပေါ့။ တားဖို့ရာကျတော့လည်း ကျမတို့မှာ အခွင့်အာဏာက မရှိဘူး။ အခွင့်အာဏာရှိတဲ့သူတွေ ကိုယ်တိုင်တောင်မှ သူတို့ ဒီအထဲထဲကို ဝင်နေ ထွက်နေ တယ်ဆိုတော့ ကျမတို့က တားဖို့ရာ အခွင့်အရေးကို လုံး၀ မရှိတော့ဘူး။ အရင်တခါတုန်းကလည်း လက်နက်တွေ ဖမ်းဆီးမိတယ်။သိမ်းဆည်းမိတယ်။"

"တရားမဝင် လုပ်ကိုင်တာကို သိသော်လည်းပဲ ဆက်ပြီးတော့ ဒီလူတွေကို ထားတယ်ဆိုတာ ဘယ်သူတွေကနေ အားပေးအားမြှောက် ထားနေကြသလဲဆိုတာ ကျမတို့က စဉ်းစားစရာ ဖြစ်နေ တယ်။ ဒီလိုဟာတွေကို ဒီလိုကာကွယ်ပေးနေရင် ကျမတို့ ဒီတမူးမြို့ပေါ်မှာရှိတဲ့လူတွေ အားလုံးက ပြောင်းပြေးရတော့မှာ။ ဒီတော့ ကျမတို့ ဖြစ်စေချင်တာက ဒီလို အားပေး နေတာကို အပေါ်ကပဲ မသိတာလား။ အောက်ခြေတင်ပဲ ဖြစ်နေတာလား။ အောက်ခြေတင်ပဲ ဖြစ်နေရင် လည်း ပြည်သူ့မျက်နှာကြည့်ပြီးတော့မှ ဒီလိုတွေ မဖြစ်သင့်တော့ဘူးဆိုတာကို သမ္မတကြီး သိအောင် ပြောချင်တယ်။”

မနေ့မနက်ခင်းက တမူးမြို့မှာ ဖမ်းဆီးရမိတဲ့ လက်နက်ခဲယမ်းတွေနဲ့ မူးယစ်ဆေးဝါးဟာ ကသည်းလက်နက်ကိုင် အဖွဲ့ဖြစ်တဲ့ ပြည်ထောင်စုအမျိုးသားလွတ်မြောက်ရေးတပ်ဦး (United National Libration Fron) နဲ့ အဆက်သွယ်ရှိသူ ဦးစိုးမြင့်ဝင်းနဲ့ ဇနီးဖြစ်သူ ဒေါ်ဖြူဖြူဝင်းတို့ထံ မှဖြစ်ကြောင်း အစိုးရပိုင် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

ဒေသခံတွေကတော့ ဒေါ်ဖြူဖြူဝင်းဟာ တရားရုံးစာရေးဝန်ထမ်းဖြစ်တယ်လို့လည်း ပြောကြ ပါတယ်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ လူမှုကွန်ယက် facebook မှာတော့ သူတို့ နှစ်ဦးကို မူးယစ်ဆေးဝါးမှုနဲ့ အမှုဖွင့် အရေးယူထားကြောင်းသာ ဖော်ပြ ထားပါတယ်။ လက်နက်မှုနဲ့ပတ်သက်ပြီး ဘယ်လိုဆောင်ရွက်နေသလဲ ဆိုတာကို သိနိုင်ဖို့ တမူးရဲစခန်းကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

အိန္ဒိယ-မြန်မာနယ်စပ် တမူးဒေသဘက်မှာ မြန်မာအစိုးရနဲ့ အိန္ဒိယအစိုးရကို ဆန့်ကျင်တော်လှန်နေတဲ့ နာဂ၊ ကသည်းနဲ့ ကူကီး စတဲ့ လူမျိုးစု လက်နက်ကိုင်အဖွဲ့တွေ အခြေစိုက် လှုပ်ရှားနေတာဖြစ်ပါတယ်။
XS
SM
MD
LG