သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပံတောင်းအရေး သမ္မတအပေါ် တရားစွဲဆိုမှုပယ်ချခံရ


ဒီဇင်ဘာ ၂၀၁၂ က ရန်ကုန် တရုတ်သံရုံးရှေ့ ချီတက်ဆန္ဒပြနေစဉ်
ဒီဇင်ဘာ ၂၀၁၂ က ရန်ကုန် တရုတ်သံရုံးရှေ့ ချီတက်ဆန္ဒပြနေစဉ်
သွေးထွက်သံယို နှိမ်နင်းမှုတွေနဲ့ ကြုံခဲ့ရတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်လို့ ဒေသခံတွေက သမ္မတအပေါ် တရားစွဲဆိုထားတာကို တရားရုံးက ပယ်ချလိုက်ပါတယ်။ မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် တရားရုံးက အမှုကို ပယ်ချလိုက်တဲ့ အပေါ်မှာတော့ တရားလိုဖြစ်တဲ့ ဒေသခံတွေက အယူခံဝင်ဖို့ ပြန်လည် ပြင်ဆင်နေကြ တာပါ။ ဒေသခံတွေက သမ္မတအပေါ် ဘာအတွက် တရားစွဲဖို့ ကြိုးပမ်းနေကြတာလဲ ဆိုတာကိုတော့ ဗွီအိုအေရဲ့ ရန်ကုန်အခြေစိုက် သတင်းထောက် ကိုအောင်ရဲမောင်မောင် က သတင်းပေးပို့ထားပါတယ်။

လက်ပံတောင်း ဒေသခံတချို့ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၂၉ ရက်နေ့က လက်ပံတောင်း တောင် ကြေးနီစီမံကိန်း သပိတ်စခန်းတွေကို အာဏာပိုင်တွေက အင်အားသုံး ဖြိုခွဲခဲ့တာနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေကို ဖော်ထုတ်အရေးယူပေးဖို့ ပျက်ကွက်တဲ့အတွက် မတ်လ ၄ ရက်နေ့က သမ္မတ ဦးသိန်းစိန်ကို တရားစွဲဖို့ ဆားလင်းကြီးမြို့နယ် တရားရုံးမှာ ဦးတိုက် လျှောက်ထားခဲ့ကြတာပါ။

အဲ့ဒီလို လျှောက်ထားခဲ့တဲ့ အမှုကို တရားရုံးက အမှုဆွဲဆိုဖို့ မခိုင်လုံဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဒီကနေ့ မတ်လ ၁၁ ရက်နေ့မှာ တရားရုံးက ပလပ်လိုက်တယ်လို့ လက်ပံတောင်းဒေသခံ ဝိဇ္ဇာ သိပ္ပံအသင်းက ကိုသောင်းထိုက် က ပြောပါတယ်။

“ဒီကနေ့ ရုံးချိန်းကို သူတို့ပေးတဲ့ ၁၁ ရက်နေ့ကို ကျနော်တို့ ပြန်သွားတဲ့အချိန်မှာ သူတို့က မြို့နယ်တရားသူကြီး ဒေါ်ခင်မူဆွေကနေပြီးတော့ ဥပဒေနဲ့အညီ အမှုဖွင့်လှစ်ရန် အကြောင်းမပေါ်ပေါက်၍ အမှုမဖွင့်လှစ်ပါဆိုပြီးတော့ ဒီအမှုကို ပယ်ချတာ ခံလိုက်ရပါတယ်။”

အခုလို တရားရုံးက အမှုကို ပယ်ဖျက်လိုက်ပေမဲ့ အဆင့်မြင့် တရားရုံးတခုမှာ အမှု ဆက်ဖွင့်နိုင်ဖို့ ကြိုးစားသွားမှာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ပံတောင်း ဒေသခံတွေရဲ့ ဥပဒေ အကြံပေးဖြစ်တဲ့ ဦးစောကျော်ကျော်မင်း က မြို့နယ်တရားရုံးက အမှုကို ပယ်ချလိုက်ပေမဲ့ ခရိုင်တရားရုံးမှာ အမှု ဆက်ဖွင့်ဖို့ ကြိုးစားရမှာဖြစ်ပြီးတော့ အခုအမှုကို လက်မခံတဲ့အတွက်
မြန်မာနိုင်ငံက အမြင့်ဆုံး တရားရုံးအထိ တက်ဖို့ရှိတယ်လို့ အခုလို ပြောပါတယ်။

“မြို့နယ်တရားသူကြီး ဒေါ်ခင်မူဆွေကနေပြီး ဥပဒေနဲ့အညီ အမှုဖွင့်လှစ်ရန် အကြောင်း မပေါ်ပေါက်၍ အမှုဖွင့်လှစ်ပါ ဆိုပြီးတော့ ဦးတိုက်လျှောက်လွှာကို ပယ်လိုက်ပါတယ်။ ပယ်လိုက်တဲ့အတွက် ကျနော်တို့က ဒီလိုမျိုး အကြောင်း မပေါ်ပေါက်တဲ့ကိစ္စဟာ ဘယ်လို အကြောင်းကိစ္စမျိုးလဲ ဆိုတာကို သိနိုင်ဖို့အတွက် အမြင့်ဆုံး တရားရုံးကို လျှောက်ထားမေးမြန်း သွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အမြင့်ဆုံး တရားရုံးကို။ ဒါက တချက်ပါ။ နောက်တချက်ကတော့ ဒီလိုမျိုး ပယ်လိုက်တဲ့အတွက် ခရိုင်တရားရုံးမှာလည်း အယူခံ ပြင်ဆင်လျှောက်ခွင့်ရှိပါတယ် ဆိုတဲ့အတွက် ခရိုင်တရားရုံးမှာလည်း အယူခံ ပြင်ဆင် လျှောက်ထားဖို့အတွက်ကို ကျနော်တို့ ဒီ ဦးတိုက် လျှောက်ထား တရားစွဲဆိုတဲ့ ဒေသခံပြည်သူတွေကို အကြံပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျ။”

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းပေးရေး ဆက်လက် တောင်းဆိုနေကြတဲ့ ဒေသ ခံ ၁၀၀၀ နီးပါးလောက်ဟာ လိပ်ခွံတောင်နဲ့ အင်ကြင်းတောင်တွေပေါ်မှာ မတ်လ ၇ ရက်နေ့က စီမံကိန်းပြုလုပ်ဖို့ရှိနေတဲ့ တောင်တွေကို ပြန်လည် ရယူခဲ့ကြပါတယ်။ အဲ့ဒီလို ပြန်လည်ရယူ ခဲ့တဲ့ တောင်တွေ ပေါ်က ဒေသခံတွေကို ရဲနဲ့အာဏာပိုင်တွေက ဖယ်ရှားပေးဖို့ ခြိမ်းခြောက်မှုတွေလည်း ဆက်တိုက် ပြုလုပ်နေတယ်လို့ ကိုသောင်းထိုက် က ပြောပါတယ်။

“ဦးပိုင် ဝမ်ဘောင်ဆိုဒ် အရှေ့တည့်တည့်မှာ လိပ်ခွံတောင်ဆိုတဲ့ တောင်ရယ်၊ အင်ကြင်းတောင် ဆိုတဲ့ တောင်ရယ် ရှိတယ်။ အဲ့ဒီနှစ်ခုကိုတော့ သိမ်းထားပြီးသွားပြီ။ ဒေသခံတွေ ပြန်သိမ်းထား တယ်ပေါ့။ သိမ်းထားတဲ့ လိပ်ခွံတောင်ကို အာဏာပိုင်တွေဘက်က အင်အား ၅၀၀ လောက်နဲ့ ညပိုင်းဆိုရင် ခြိမ်းခြောက်ဟန့်တားမှုတွေ လုပ်တယ်။ အဲ့ဒီထဲကနေ ဒိုင်းတွေ တီးကြတယ်။ စစ်သွေးကြွပုံစံမျိုးတဲ့ အော်ဟစ်တဲ့အသံတွေ လုပ်ပြတယ်။ မီးမောင်းတွေ ထိုးပြီးတော့ ကျနော်တို့ရှိနေတဲ့ သပိတ်စခန်းတွေကို ခြိမ်းခြောက်ဟန့်တားမှုတွေ လုပ်တယ်။ အဲ့လိုမျိုးနဲ့ ဖြိုခွဲဖို့ကို ကြံစည်နေတာပေါ့ ပြောရရင်တော့ ကျနော်တို့ အင်အားကို စောင့်ကြည့်နေတဲ့ ပုံစံမျိုးမှာ ရှိတယ်။”

လက်ပံတောင်းတောင်ဒေသ တောင်ပေါင်း ၃၃ လုံးထဲမှာ အပါအဝင်ဖြစ်တဲ့ လိပ်ခွံတောင်နဲ့ အင်ကြင်းတောင်တွေပေါ်မှာ အစောင့်အနေနဲ့ ဒေသခံ ၁၀၀ ကျော်လောက်က ညအိပ် စောင့်ကြည့်နေတာလည်း ဖြစ်ပါတယ်။ အခုလို လက်ပံတောင်းတောင် ဒေသခံတွေရဲ့ လှုပ်ရှားမှုတွေ ဆက်တိုက် ပြုလုပ်နေချိန်မှာပဲ အစိုးရဘက်က ဆားလင်းကြီးဒေသကို ပုဒ်မ ၁၄၄၊ ၂ လ ထပ်ပြီး သက်တမ်းတိုးခဲ့ပါ သေးတယ်။

လက်ပံတောင်းတောင် ကာကွယ်ရေးကော်မတီ ဥက္ကဌ ဖြစ်တဲ့ ဦးချစ်ခင်ကတော့ ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်တဲ့ လက်ပံတောင်တောင်အရေး စုံစမ်းရေးကော်မရှင် ဟာ အပြီးသတ် အစီရင် ခံစာကို စောင့်ကြည်နေတယ်လို့ ပြောပါတယ်။

လက်ပံတောင်းတောင် မပျောက်ကွယ်ရေး တက်ကြွလှုပ်ရှားသူတွေကလည်း စီမံကိန်းဆောင် ရွက်နေတဲ့ ဝမ်ဘောင်ကုမ္ပဏီ လက်ထဲက တောင်တွေကို ဆက်လက် သိမ်းယူဖို့ ကြိုးစားသွားမယ်လို့ ပြောကြပါတယ်။ လက်ပံတောင်း စုံစမ်းရေးကော်မရှင်ရဲ့ ကြားဖြတ် အစီရင်ခံစာဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းလောက်မှာ ထွက်မယ်လို့ ပြေထားပေမဲ့ အခု မတ်လအထိ ပြည်သူတွေသိနိုင်တဲ့ အစီအရင်ခံစာ တစ်စောင် ထွက်မလာသေးပါဘူး။

ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းကတော့ လက်ပံတောင်းအရေးနဲ့ပတ်သက်တဲ့ ကြားဖြတ် အစီရင်ခံစာ တစ်စောင်ကို နိုင်ငံတော်သမ္မတထံ တင်ပြပြီးပြီလို့ ကော်မရှင်မှာ ပါဝင်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် က ပြောပါတယ်။
XS
SM
MD
LG