သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ADB ဘဏ် အဝေးပြေးလမ်း ဖောက်လုပ်မှု ကရင်ဒေသခံတွေ ဝေဖန်


အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ချေးငွေစီမံချက်အရ အာရှ လမ်းမဖောက်လုပ်ရေးစီမံကိန်းမှာ ကရင်ပြည်နယ်က မြို့နယ် (၂) မြို့နယ်အတွင်း ကျေးရွာ (၁၇) ရွာက ဒေသခံတွေရဲ့ လူနေအိမ်၊ လယ်ယာခြံမြေတွေ ထိခိုက်မှုရှိခဲ့တဲ့အပေါ် စိုးရိမ်မှုတွေရှိနေတယ်လို့ KHRG ခေါ် ကရင်လူ့အခွင့်အရေးအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ အခုလိုအာရှလမ်းမဖောက်လုပ်ရေးလုပ်ငန်းမှာ သက်ဆိုင် ရာမြန်မာအာဏာပိုင်တွေကနေ ပွင့်လင်းမြင်သာမှုမရှိသလို စီမံကိန်းဧရိယာ အတွင်း ထိမိနေတဲ့ဒေသခံတွေအနေနဲ့လည်း အိမ်ယာခြံမြေအသိမ်းဆည်းခံရမှာစိုးရိမ်နေတဲ့အခြေအနေကိုတော့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ်အတွင်းမှာ အစိုးရကနေ အရှဖွံ့ဖြိုးရေးဘဏ် ချေးငွေစီမံကိန်းအရ အဝေးပြေးလမ်းမဖောက်လုပ်တဲ့ အစီအစဉ်မှာ ဒေသခံတွေရဲ့အသံကို နားစွင့်ခြင်းမရှိဘူး-ဆိုတဲ့ အစီရင်ခံစာကို ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG အဖွဲ့ကနေ ထုတ်ပြန်ခဲ့တာပါ။ အထူးသဖြင့် အာရှလမ်းမဖောက်လုပ်ရေး အစီအစဉ်မှာ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်နဲ့ဖားအံမြို့နယ်က ဒေသခံတွေရဲ့ လူနေအိမ် လယ်ယာခြံမြေတွေကို ထိခိုက်မှုရှိခဲ့တယ်လို့ KHRG အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ စောဝေလေးက အခုလိုပြောပါတယ်။

“သူတို့လာချထားတဲ့တိုင်တွေရယ်၊ သူတို့လာချထားတဲ့ဆိုင်းဘုတ်တွေကြောင့် ရွာသားတွေ ဘာတွေ စိုးရိမ်လဲဆိုတော့ သူတို့ရဲ့ပိုင်ဆိုင်နေတဲ့အိမ်၊ သူတို့ရဲ့ ဆိုင်တွေ၊ သူတို့ခြံတွေ၊ သူတို့လယ်တွေ ပျက်စီးမှာကို သူတို့ စိုးရိမ်တယ်။ ကျနော်တို့ အခုသိရသလောက်ကတော့ ရွာ (၁၇) ရွာနဲ့ မြို့တမြို့ပေါ့။ အဲဒီ လမ်းကြောင်းတလျှောက်မှာ အထူးသဖြင့် သူတို့အိမ်၊ သူတို့ခြံ၊ နောက်ပြီးတော့သူတို့ ဈေးဆိုင်တွေ၊ နောက်ပြီးတော့ သူတို့လယ်ကွင်းတွေ…သူတို့ ပိုင်ဆိုင်တဲ့စည်းစိမ်ဥစ္စာတွေ ပျက်စီးသွားလို့ရှိရင် သူတို့ရဲအသက်မွေးဝမ်းကျောင်းတွေ ထိခိုက်နိုင်တယ်၊ ရွာသားတွေကို ခြိမ်းခြောက်မှု တစုံတရာ ဖြစ်ပေါ်စေမယ်၊ အဲလိုမျိုး ခြိမ်းခြောက်မှု တစုံတရာဖြစ်တဲ့အတွက်ကြောင့် ရွာသားတွေရဲ့ အခွင့်အရေးကို လေးစားလိုက်နာမှုမရှိဘူးလို့ ကျနော်တို့ ဆိုလိုချင်တာဖြစ်တယ်။”

အစိုးရရဲ့လမ်းဖောက်လုပ်ရေးအဖွဲ့ တိုင်းတာချက်နဲ့ လမ်းဧရိယာတိုင်စိုက်ထူတဲ့နေရာမှာ ဖားအံမြို့နယ်အိန္ဒုနဲ့ ကော့ကရိတ်မြို့နယ်တွင်း ရွာပေါင်း (၁၇) ရွာက ဒေသခံတွေရဲ့ အိမ်ခြံလယ်ယာမြေတွေ ဧရိယာအတွင်းပါဝင်နေတာကြောင့် ဒေသခံတွေစိုးရိမ်နေကြတယ်လို့ စောဝေလေးကပြောပါတယ်။ အခုလိုအာရှလမ်းမဖောက်လုပ်ရေးလုပ်ငန်းလုပ်ဆောင်နေရာမှာ အစိုးရအနေနဲ့ ပွင့်လင်းမြင်သာမှုမရှိဘူးလို့လည်း စော ဝေလေးက အခုလိုပြောပါတယ်။

“ဒီလမ်းဆောက်တာ အပိုင်းနှစ်ပိုင်းရှိတယ်။ … က အစိုးရအကောင်အထည်ဖော်ရမယ်၊ အာရှဘဏ်က သူတို့ကို ငွေကြေးပံ့ပိုးပေးမယ်ဆိုတော့ ကျနော်တို့က သူတို့ကို လာတွေ့ ….. ရွာသူရွာသားတွေ သူတို့ စိုးရိမ်- ရွာသူရွာသားတွေ လိုအပ်တာတွေ အကောင်းဆုံးလုပ်ဆောင်ပေးမယ်လို့ သူတို့ ပြောထားတာပဲ၊ ဒါပေမယ့် လက်တွေ့မှာတော့ ကျနော်တို့ စောင့်ကြည့်ရမှာပေါ့။ ဘယ်လောက်အတိုင်းအတာအထိ လုပ်ဆောင်ပေးမလဲဆိုတာ ကျနော်တို့ စောင့်ကြည့်ရမယ်။ ဒါပေမယ့် အစိုးရဘက်ခြမ်းမှာကျတော့ အခု လောလောဆယ်အထိ ဘယ်လို လုပ်ဆောင်ပေးမလဲဆိုတာ ကောင်းကောင်းမွန်မွန် အဲလို ပြောထားတာ မရှိသေးဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ အဖွဲ့တဖွဲ့က လာတယ်။ တိုင်းတယ်။ တိုင်တွေလာစိုက်တယ်။ ရွာသားတွေမေးတော့ သူတို့ပြောတယ်။ အထက်ကအမိန့် သူတို့ လုပ်နေရတယ်-တဲ့။ အထက်ကအမိန့်ဆိုတာ အထက်ကအမိန့်ခိုင်းတဲ့အတိုင်း သူတို့ လုပ်တယ်။ ရွာသူရွာသားတွေ အတွက် ခြိမ်းခြောက်မှု တစုံတရာ ရှိတယ်လေ။”

အာရှလမ်းမဖောက်လုပ်ဖို့ လမ်းဧရိယာအတွင်းပါဝင်နေတဲ့ အိမ်ယာ ဆိုင်တွေ ပြောင်းရွှေ့ရမဲ့အနေအထားရှိနေပေမယ့် ဒီကနေ့အထိတော့ အစိုးရ အာဏာပိုင်အဖွဲ့အစည်းတွေက လာရောက် အသိပေးအကြောင်းကြားတာမရှိသေးဘူးလို့ ကျုံဒိုးမြို့ဒေသခံကျောင်းဆရာတဦးက ပြောပါတယ်။

“ဆောက်မယ့်လမ်း အဲဒီနေရာ သူတို့ သတ်မှတ်ထားတဲ့ …တွေတော့ ချထားပြီးပြီပေါ့နော်။ လမ်းဘေးက ဆိုင်တွေ၊ အိမ်တွေကျတော့ ပြောင်းရမှာပေါ့နော်။ ပြောင်းရမှာ သေချာတယ်။ ဒါပေမယ့် အစိုးရဘက်က လာပြီးတော့ အသိပေးတာတို့၊ အကြောင်းကြားတာတို့ ဘာမှ မရှိသေးဘူး။ အစိုးရက လာဆောက်မယ်လို့ သူတို့ သိတယ်။ သူတို့မြေတွေ၊ သူတို့လယ်တွေ၊ သူတို့အိမ်တွေကတော့ ပြန်ပေးမယ်။ ပြန်ပေးတဲ့ဟာက ဘာမှ မကြားသိရသေးဘူးပေါ့။ အစိုးရဘက်က ၊ သို့မဟုတ် ADB ဘဏ်ကရော - သူတို့ကို ပေးမလား၊ မပေးဘူးလား။”

အလားတူကရင်ပြည်နယ်ကြာအင်းဆိပ်ကြီးမြို့နယ်မှာ လောင်းကိုင်နဲ့ထီဟူးသန်အထိ ဖောက်လုပ်နေတဲ့ လမ်းတလျှောက် မှာ ဒေသခံတွေရဲ့အိမ် ခြံ လယ်ယာမြေတွေကိုလျှော်ကြေးမပေးဘဲ ဖျက်ဆီးဖောက်လုပ်နေဆဲလို့လဲ ကရင်လူ့အခွင့် အရေးအဖွဲ့ KHRGအဖွဲ့ကနေ မတ်လ (၂၂) ရက်စွဲနဲ့ အစီရင်ခံစာထုတ်ပြန်ခဲ့တာပါ။

ကရင်ပြည်နယ်မှာ လယ်ယာမြေသိမ်းဆည်းမှုပြဿနာတွေနဲ့ပက်သက်ပြီး ပြီးခဲ့တဲ့စနေနေ့တုန်းက ၈၈ ကရင်မျိုးဆက် ကျောင်းသားအစည်းအရုံးအပါအဝင် ကရင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းက လယ်သမားအကျိုးဆောင်ကွန်ယက်က တာဝန်ရှိသူတွေဦးဆောင်ပြီး လယ်သမား၊ သံဃာနဲ့ဒေသခံတွေကနေ ဖားအံမြို့မှာချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ဒီဆန္ဒပြပွဲမှာပါဝင်တဲ့ သံဃာတော်နှစ်ပါးနဲ့ လူ (၁၁) ဦးကို အာဏာပိုင်တွေကနေ ဖမ်းဆီးထားပြီးပုဒ်မ (၁၈) နဲ့ တရားစွဲဆိုထားပါတယ်။

XS
SM
MD
LG