သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု ရခိုင်ခရီးစဉ်အပေါ် ဒေသခံပါတီများအမြင်


ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးခရီးစဉ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မကြာခင်မှာ ရခိုင်ပြည်နယ်ကို သွားရောက်ဖို့ရှိနေတဲ့အပေါ် ဒေသခံနိုင်ငံရေးအသိုင်းအဝိုင်းက မလိုလားတဲ့သဘောထားတွေ ပြောဆိုနေကြပါတယ်။ ဒေသခံ တိုင်းရင်းသားပါတီတွေ နိုင်ငံရေးအရအခွင့်အလမ်း ဆုံးရှုံးနိုင်တယ်ဆိုပြီး ခရီးစဉ်ကို ပြန်သုံးသပ်ဖို့ တိုက်တွန်းမှုတွေလည်း ရှိနေတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မေခ က သတင်းပေးပို့ထားပါတယ်။

ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ မဲဆွယ်စည်းရုံးရေး လုပ်ငန်းတွေ အရှိန်မြှင့်လုပ်ဆောင်လာနေတဲ့ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီသီတင်းပတ်ထဲမှာပဲ ရခိုင်ပြည်နယ်ကို သွားရောက်မှာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်တွင်းက မြို့တော်တော်များများကို သွားရောက်ပြီး လူထုနဲ့ တွေ့ဆုံစကားပြောဖို့လည်း စီစဉ်ထားတယ်လို့ NLD ပါတီ ဗဟိုလုပ်မှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်က ပြောပါတယ်။

“၁၆ ရက်နေ့ လေယာဉ်ပျံနဲ့သွားမယ်၊ ရန်ကုန်ကနေ သံတွဲကို။ နေ့လည် ၁၁ နာရီမှာ။ သံတွဲရောက်လို့ရှိရင် သံတွဲမှာ မနားဘူး။ တောင်ကုတ် ကိုသွားမယ်။ တောင်ကုတ်မှာ ဟောပြောပွဲလုပ်မယ်။ မြို့မိမြို့ဖ တွေနဲ့တွေ့မယ်။ ပြီးရင် သံတွဲမှာ ပြန်လာ ညအိပ်မယ်။ နောက်တနေ့မနက်မှာ သံတွဲမှာ ဟောပြောပွဲလုပ်မယ်။ အဲဒီကနေ ကျိန်တလီရောက်မယ်။ ကျိန်တလီ ပြီးရင် ဂွ ရောက်မယ်။ ဂွ မှာ ညအိပ်မယ်။ ဂွ မှာပြောစရာရှိတာ ပြောပြီးလို့ရှိရင် ငသိုင်းချောင်းသွားမယ်၊ ငသိုင်းချောင်း။ ငသိုင်းချောင်းမှာပြောပြီးရင် ပြန်မယ်။”

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တိုင်းရင်းသားနယ်မြေတွေအပါအဝင် ရွေးကောက်ပွဲအတွက် စည်းရုံးရေးခရီးထွက်နေတဲ့ အပေါ်မှာတော့ ဒေသခံ နိုင်ငံရေးသမားတွေကြား ဘဝင်မကျတဲ့သဘောထားတွေလည်း ရှိနေကြပါတယ်။ ရခိုင်အမျိုးသားပါတီက ဒေါက်တာအေးမောင်ကတော့ပြည်ထောင်စုထူထောင်ဖို့ တိုင်းရင်းသားတွေပါပါဝင်ဖို့လိုကြောင်း၊ တပါတီအာဏာအတွက် စည်းရုံးမှု အပေါ်တိုင်းရင်းသားတွေဘက်က ယုံကြည်မှုအားနည်းလာနေပြီဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆွယ်စည်းရုံးမှုအပေါ် ခုလိုပြောပါတယ်။

“အခုချဉ်းကပ်မှုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တစ်ပါတီ ဆိုတဲ့ …..ထောက်ထားပြီးမှ ချဉ်းကပ်တဲ့အခါမှာ တိုင်းရင်းသားတွေနဲ့ မဟာမိတ်၊ လိုအပ်တဲ့ မဟာမိတ်ပြုမှုဆိုတဲ့ကဏ္ဍ၊ နောက်ချန်သွားပါတယ်။ အဲဒါကြောင့် ….သူတို့စည်းရုံးမှုသည် တစုံတခုဖြစ်လာခဲ့လို့ရှိရင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအနေနဲ့ ကျနော်တို့ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးဆိုတဲ့လမ်းကြောင်း ဝေဝါးသွားပြီးမှ အတိုက်အခံပါတီကြီးတစ်ခုအဖြစ် လာမယ့်ပြည်ထောင်စုလွှတ်တော်မှာ ဆက်နေသွားရမှာကို ကျနော်တို့စိုးရိမ်ပါတယ်။ ကျနော်တို့က …အစိုးရကို တိုင်းရင်းသားမဟာမိတ်တွေနဲ့ NLD ဦးဆောင်တဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု …။ စစ်မှန်တဲ့ …ဆိုတဲ့ပုဂ္ဂိုလ်တွေနဲ့ ညီညီညွတ်ညွတ်လက်တွဲပြီးမှ မဟာမိတ်ဖွဲ့ပြီးမှ ဖွဲ့စည်းတည်ထောင်ချင်တယ်။ ပြန်သုံးသပ်သင့်တဲ့အတိုင်းအတာ ရှိတယ်လို့ NLD ကို message ပေးလိုပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ကတော့ လက်ရှိနိုင်ငံရေး အခြေအနေအရ NLD အနေနဲ့ တခဲနက်အနိုင်ရဖို့ လိုအပ်တဲ့အတွက် အင်တိုက်အားတိုက် စည်းရုံးရေးလုပ်နေရတာဖြစ်တဲ့အကြောင်း ပြောဆိုထားပါတယ်။ ရခိုင်မျိုးချစ်ပါတီ ဥက္ကဋ္ဌဦးမောင်မောင်စော ကတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တိုင်းရင်းသားတွေရဲ့ ထောက်ခံမှုတော့ရနိုင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

“သူ့ပါတီရဲ့ …campaign ဆင်းတာနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ပါတီအနေနဲ့ ထွေထွေထူးထူး ဘာမှ ပြောစရာမရှိပါဘူး။ သူ့ကိုထောက်ခံနေတာက သူ့ရဲ့ပါတီဝင်တွေကလွဲပြီးတော့ ပြည်သူတွေ မရှိဘူးခင်ဗျ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရပ်တည်မှုဟာ ဒီမိုကရေစီပေါ်မှာ အဓိက အခြေခံတယ်။ တိုင်းရင်းသားပြည်သူတွေအပေါ်မှာ အဓိက အခြေမခံဘူး။ …..၂၀၁၂ ခုနှစ်က ရခိုင်နဲ့ကုလားပြဿနာဖြစ်တဲ့အခါ သူက ရခိုင်ဘက်က ရပ်တည်မပြောဘဲ ကုလားဘက်က ရပ်တည်ပြောတယ်။ ကချင်ဘက်က ပြည်တွင်းစစ်တွေနဲ့ပတ်သက်ပြီးတော့လည်း ပြည်သူ့ခေါင်းဆောင်တစ်ယောက်အနေနဲ့ တစ်ခါမှ ဝင်မပြောဖူးဘူး။ ပြည်သူရဲ့စိတ်ဝင်စားမှုဟာ ဒီမိုကရေစီထက် တိုင်းရင်းသားတန်းတူရေးကိုပဲ အဓိကစိတ်ဝင်စားတယ်လို့ ပြောချင်တာ။”

ရခိုင်ပြည်နယ်ခရီးစဉ် တစိတ်တပိုင်းအဖြစ် ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်မယ့် ဂွမြို့က NLD ပါတီ တိုင်းလွှတ်တော် ကိုယ်စားလှယ်လောင်းဦးညီပုကတော့ လူထုအနေနဲ့ ခရီးစဉ်အတွက် စိတ်အားထက်သန်နေကြတယ်လို့ ဆိုပါတယ်။

“ဒီခရီးစဉ်နဲ့ပတ်သက်လို့ အခြေအနေစိုးရိမ်ရမှု ဘာညာ ဆိုတဲ့ဟာကတော့ အခုချိန်အထိတော့ သိပ်ပြီးတော့ မတွေ့ရသေးပါဘူး၊ နည်းနည်းပါးပါး အသံလေးတွေ၊ ဘာလေးတွေတော့ ထွက်တာတော့ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ကတော့ တတ်နိုင်သမျှ ကြိုဆိုရေးကိစ္စတွေ၊ လုံခြုံရေးကိစ္စတွေ မြို့နယ်အလိုက်ရော၊ နောက်ဆုံး ရွာတွေအထိပါ ဒါတွေလုပ်ဖို့ကို ညွှန်ကြားထားပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရခိုင်ခရီးစဉ်မှာ ၃ရက်ကြာမြင့်မှာဖြစ်ပြီး ရခိုင်ကနေတဆင့် ဧရာဝတီတိုင်းကိုပါ ကားနဲ့ ဆက်လက် ခရီး ဆက်မှာပါ။ ဒီရခိုင်ခရီးစဉ်ဟာ ၂ဝဝ၂ ခုနှစ်နေအိမ်အကျယ်ချုပ်မှလွတ်အပြီး ၁၃နှစ်အတွင်း ပထမအကြိမ်သွားရောက်တဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။ ဒီခရီးစဉ်အပြီး အောက်တိုဘာ ၂ဝ၊ ၂၁မှာ ရှမ်းပြည်နယ်ကျိုင်းတုံမြို့ကို ဒေါ်အောင်ဆန်းစုကြည်ဟာ မဲဆွယ်ရေးခရီးစဉ်ဆက် လက်ထွက်မှာဖြစ်ပါတယ်ရှင်။

XS
SM
MD
LG