သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပံတောင်းစုံစမ်းရေး အစီရင်ခံစာ ဒေသခံတွေဆန့်ကျင်


လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာက လုပ်ငန်းတွေ ဆက်လက် လုပ်ဆောင်ခွင့်ပြုသင့်တယ်လို့ ဖော်ပြလိုက်တဲ့ အပေါ် ဒေသခံတွေကတော့ ဆန့်ကျင်လိုက်ကြပါတယ်။ တရုတ်နိုင်ငံပိုင် ကုမ္ပဏီနဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ စီမံကိန်းကို ပြန်လည် သုံးသပ်မှုတွေ လုပ်ဆောင်ပြီး ဆက်လက် ဆောင် ရွက်နိုင်ကြောင်း ကော်မရှင်ရဲ့ ထောက်ခံချက်ကို ဒေသခံတွေက အစီရင်ခံစာ ထုတ်ပြန်လိုက်တဲ့ ဒီကနေ့မှာပဲ လူထုအစည်းအဝေးပွဲတခုနဲ့ ကန့်ကွက်ခဲ့ကြတာပါ။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

လက်ပံတောာင်းတောင် ကြေးနီးစီမံကိန်းကြောင့် ဒေသခံတွေရဲ့ လယ်မြေတွေ နစ်နာမှု၊ ကျန်းမာရေးနဲ့ သဘာ၀ ပတ်ဝန်းကျင် ပျက်စီးနစ်နာမှုတွေ ရှိနေတယ်ဆိုပြီး ဒေသခံတွေက စီမံကိန်း ရပ်တန့်ဖို့အတွက် အကြိမ်ကြိမ် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

၈ ကြိမ်ထက်မနည်း ခွင့်ပြုမိန့်များ တောင်းခဲ့ပေမဲ့ ခွင့်ပြုမိန့််မရဘဲ ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီး ဒေသ ခံတွေကို ဖမ်းဆီးမှုတွေ ခြိမ်းခြောက်မှုတွေ ရှိခဲ့တယ်ဆိုပြီး ပြောဆိုခဲ့တာပါ။

လက်ပံတောင်းမှာ အကြမ်းဖက် ဖြိုခွဲတာခံရပြီးတဲ့နောက်မှာတော့ စုံစမ်းစစ်ဆေးနိုင်ဖို့ အတွက် NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကော်မရှင်ကို အစိုးရက ဖွဲ့စည်းပေးခဲ့ပါတယ်။ ဒီကော်မရှင်ရဲ့ အစီရင်ခံစာ ထွက်ပေါ်လာချိန်မှာတော့ ဒေသခံတွေ ဘက်က ကျေနပ်မှု မရှိတဲ့အတွက် မတ် ၁၂ ရက်နေ့မှာ လူထုအစည်းအဝေး လုပ်ပြီး ကန့်ကွက်ခဲ့ကြပါတယ်။ လက်ပံတောင်းတောင် ပြည်သူ့အကျိုးစီးပွား ကာကွယ်ရေးကော်မတီ ရဲ့ ပြောရေးဆိုခွင့်ရှိသူ မစန္ဒာကတော့ သူတ့ို သဘောထားကို အခုလို ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီးတော့ ဖွဲ့ထားတဲ့ ကော်မရှင်ဟာ ကျမတို့ ဒေသခံတွေအ တွက် လုံးဝကို ကောင်းကျိုးမပြုတဲ့ ကော်မရှင်ဖြစ်တယ်။ ပြီးတော့ တခါ ဒီကြေးနီစီမံကိန်းဟာ လည်း ဒေသခံတွေအတွက် ဒုက္ခရောက်မယ့် စီမံကိန်းဖြစ်တဲ့အတွက် ကျမတို့က ဒီကော်မရှင်ကို လုံးဝကို လက်သင့်မခံပါဘူး။ အခု ကျမတို့ ဒေသခံတွေကို ပုဒ်မ ၁၄၄ ထုတ်တယ်။ ကြေးနီစီမံကိန်း လုပ်ခွင့်ပြုတယ်ဆိုတာ ကျမတို့ ဒေသခံတွေအတွက် အများကြီး ထိခိုက်နစ်နာမှု ရှိတယ်။ သူတို့ အစီရင်ခံစာကိုလည်း လက်သင့်မခံဘူး။ နောက်ထပ် ထပ်ဖွဲ့တဲ့ ကော်မတီအဖွဲ့ကိုလည်း ကျမတို့ ဒေသခံတွေအနေနဲ့ လုံး၀ အသိအမှတ် မပြုဘူးအမ။”

လက်ပံတောင်းတောင်က ဒေသခံ လယ်သမားတွေကို အကူအညီပေးနေတဲ့ ကျောင်းသား
ခေါင်းဆောင် ကိုဟန်ဝင်းအောင် ကတော့ အစီရင်ခံစာအပေါ်မှာ ဒေသခံတွေအနေနဲ့ လက်မခံနိုင်ကြောင်းနဲ့ ဒေသခံလူထုရဲ့ ဆန္ဒကို အလေးထားကြဖို့ ပြောဆိုလိုက်ပါတယ်။

“ဒေသခံပြည်သူလူထုတွေနဲ့ ဒီမှာ ဝိုင်းကူနေကြတဲ့သူတွေက စီမံကိန်း လုံး၀ ဖျက်သိမ်းရေးကိုသာ အလိုရှိတယ်ပေါ့နော်။ အဲ့တော့ ပြည်သူလူထု တရပ်လုံးနဲ့ ဆိုင်နေတဲ့ စီမံကိန်းတရပ်ကို အကောင်အထည် ဖော်တဲ့အခါမှာ ကော်မတီတရပ်က အစီရင်ခံစာတရပ် ဟို လုပ်ငန်းကော်မတီ တရပ်က ဖော်ဆောင်တဲ့ အဖွဲ့လေးနဲ့တင် မလုံလောက်ဘဲနဲ့ ဒီဒေသခံပြည်သူတရပ်လုံးရဲ့ ပူးပေါင်းပါဝင်မှုတွေ၊ ဒေသခံ ပြည်သူတရပ်လုံးရဲ့ ခံစားချက်တွေ၊ ဆန္ဒတွေကိုပါ အသိအမှတ် ပြုပြီးတော့ ထည့်သွင်း စဉ်းစားဖို့ လိုအပ်တယ်။”

၂၀၁၁ ခုနှစ်တုန်းက မြေယာ လျော်ကြေးပေးတာကို လက်မခံတဲ့အတွက် ဖမ်းဆီးခံခဲ့ရ တဲ့ ဒေသခံလယ်သမားကြီး ဦးသိန်းကတော့ သူတို့လက်မခံနိုင်တာက လယ်ယာမြေ လျော်ကြေး နည်းလို့မဟုတ်ကြောင်း စီမံကိန်း ဖျက်သိမ်းရေးသာ လိုလားတယ်လို့ ဆိုပါတယ်။

“အခုက ကျနော်တို့ လျော်ကြေး နည်းနေလို့ ပြောနေတာလဲ မဟုတ်ဘူး။ ပြည်သူလူထု တရပ်လုံး ထိခိုက်နေလို့သာ ကျနော်တို့က လုံး၀ လက်မခံနိုင်တာပါ။ ကျနော်တို့က လက်ပံတောင်း စီမံကိန်း ကြီးကို လုံး၀ ဖျက်သိမ်းတာပဲ လိုချင်တာပါ ကျနော်တို့ အနေနဲ့က”

ကော်မရှင်ရဲ့ အစီရင်ခံစာကို အနှစ်ချုပ်ကြည့်တဲ့အခါမှာတော့ လူမှုရေး၊ စီးပွားရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ နိုင်ငံတကာ ဆက်ဆံရေးရှုဒေါင့်ကနေကြည့်ပြီး ဒီစီမံကိန်းကို ဆက်လုပ်စေသင့် ကြောင်းကို အကြံပြုထားတာပါ။

လက်ပံတောင်း ဒေသခံတွေကတော့ ကော်မရှင်ရဲ့ အစီရင်ခံစာ ထုတ်ပြန်ချက်အပေါ်မှာ ကျေနပ်မှု မရှိတဲ့အတွက် စီမံကိန်းဖျက်သိမ်းရေး တောင်းဆိုချက်တွေကို ဆက်လုပ်သွားမယ်လို့ ဆိုထားပါ တယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို စစ်တပ်ပိုင် မြန်မာစီးပွာရေး ဦပိုင်ကုမ္ပဏီ လီမိတက်နဲ့ တရုတ်ပိုင် မြန်မာဝမ်ဘောင် ကုမ္ပဏီတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ဒေသခံတွေရဲ့ လယ်မြေဧကပေါင်း ၇၈၀၀ ကို သိမ်းယူခဲ့ကြောင်း ဒေသခံတွေက ပြောဆိုခဲ့ပါတယ်။

ဦးပိုင်ကုမ္ပဏီကတော့ နစ်နာကြေး ပေးတယ်လို့ဆိုပေမဲ့ ဒေသခံတွေကတော့ စီမံကိန်းကာလ အတွင်း သီနှံတွေပျက်စီးတဲ့အတွက် ၃ နှစ်စာ သီးနှံလျော်ကြေးကိုသာ ပေးခဲ့ကြောင်း ဒီအတွက် မြေတွေကို သိမ်းယူတာမျိုးတွေ ခွင့်မပြုနိုင်ဘူးလို့ ဆိုခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ဒေသခံတွေက နစ်နာကြေးကိုလည်း မလိုချင်ကြောင်း ဒေသခံတွေအတွက် ကျန်းမာရေးနဲ့ သဘာ၀ ပတ်ဝန်းကျင် ထိခိုက်မှုတွေရှိတဲ့အတွက် စီမံကိန်း ဖျက်သိမ်းပေးဖို့သာ တောင်းဆိုခဲ့ကြပါတယ်။
XS
SM
MD
LG