သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လန်ဒန်အိုလံပစ် နောက်ဆုံး ပြင်ဆင်မှု


အိုလံပစ်ပြိုင်ပွဲဝင် အီတလီအားကစားသမားတွေ လန်ဒန်မြေအောက်ရထားစီးစဉ် အိုလံပစ်ကစားပွဲ အလုပ်သမားက အစောင့်လိုက်ပါစဉ်။ (၀၇၊ ၂၆၊ ၁၂။)
အိုလံပစ်ပြိုင်ပွဲဝင် အီတလီအားကစားသမားတွေ လန်ဒန်မြေအောက်ရထားစီးစဉ် အိုလံပစ်ကစားပွဲ အလုပ်သမားက အစောင့်လိုက်ပါစဉ်။ (၀၇၊ ၂၆၊ ၁၂။)
လန်ဒန် Olympic အားကစားပြိုင်ပွဲဖွင့်ပွဲ ကျင်းပဖို့နီးကပ်လာနေတာနဲ့အမျှ ပြိုင်ပွဲစီစဉ်သူတွေ အားကစားသမားတွေနဲ့ ပွဲကြည့်ပရိသတ်တွေ စိတ်လှုပ်ရှား တက်ကြွနေကြပါတယ်။ Olympic ပွဲတွေ အဆင်ပြေပြေဖြစ်ကြဖို့ ဘက်ပေါင်းစုံကနေ ပြင်ဆင်နေကြတာနဲ့အတူ လုံခြုံရေးလေည်း အထူး တင်းကြပ်ထားတယ်လို့ လန်ဒန်ရောက် မြန်မာတွေက ပြောပြကြပါတယ်။ မနက်ဖြန်ကနေစပြီး သြဂုတ်လ ၁၂ ရက် နေ့အထိ လန်ဒန်မှာ ကျင်းပမယ့် Olympics ပြိုင်ပွဲကာလအတွင်း လန်ဒန်ကို လာကြမယ့် ဧည့်သည်တွေအတွက် ပြင်ဆင် စီစဉ်ထားပုံကို ပါဝင်ပတ်သက်နေတဲ့ မြန်မာလူမျိုးတွေကို ဆက်သွယ်မေးထားတဲ့ မစုမြတ်မွန်က ဆက်ပြောပါမယ်။

Olympics ပြိုင်ပွဲတွေ အဓိကကျင်းပမယ့် လန်ဒန်မြို့အရှေ့ပိုင်း Olympic ဇုန်မှာ အပြီးသတ် ပြင်ဆင် မှုတွေ လုပ်နေကြတဲ့ထဲမှာ ဗုဒ္ဓဟူးနေ့ ညကတော့ အားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားအတွက် ကြိုတင် အစမ်းလေ့ကျင့်ပွဲကို လုပ်ခဲ့ပါတယ်၊ နာမည်ကြီး အကယ်ဒမီ ဒါရိုက်တာ Danny Bolye စီစဉ်တဲ့ ဖွင့်ပွဲအခမ်းအနား တင်ဆက်မှုတွေကို ပွဲမစသေးတဲ့အတွက် အစမ်းပွဲကြည့်ခဲ့ရသူတွေက - ပြောလို့ မရပါဘူး။ ဒါပေမဲ့ အင်မတန်ကြည့်လို့ကောင်းတဲ့ အခမ်းအနားဖြစ်ပါလိမ့်မယ် လို့တော့ ပြောကြပါတယ်။

ဒီ့ထက်ပိုပြီး မပြောနိုင်ဘူးလို့ ဆိုကြပေမဲ့ ဖျော်ဖြေ တင်ဆက်မှုအားလုံးက သိပ်ကို ကောင်းတာပါပဲ- လို့ ပြောသွားကြတာပါ၊ ဗြိတိန်နိုင်ငံရဲ့ ပုံရိပ်ကို ထင်ဟပ်နေတာပါပဲ-တဲ့။ ဘာပြီးရင် ဘာလာမယ် ဆိုတာကို စိတ်ကူးပုံဖော်ကြည့်ရတာကိုက အံ့မခန်းပဲလို့ ပြာကြပါတယ်၊ တကယ့်ဖွင့်ပွဲကြီး မတိုင်ခင်မှာ ဖျော်ဖြေတင်ဆက်မှုတွေကို အထူး လျှို့ဝှက်ထားကြပေမဲ့ အင်မတန်မြူးကြွတဲ့ မြင်ကွင်းတွေကို မြင်ရမှာပါလို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။

ဖွင့်ပွဲအခမ်းအနားကို တရားဝင် မလုပ်ရသေးလို့ အားကစားကွင်းတွေ အားကစားရွာတွေတည်ရှိရာ Olympic Park Olympic ရပ်ဝန်းထဲမှာ ဓာတ်ပုံတောင် မရိုက်ရဘူးလို့ ပွဲဖြစ်မြောက်ရေး ထောက်ပံ့ပေးနေတဲ့ Company တခုမှာ အလုပ်လုပ်နေတဲ့ ကိုသီဟစိုးက ပြောပြပါတယ်။

“လုံခြုံရေးကတော့ အရမ်းကို တင်းကြပ်တယ်ခင်ဗျ။ အိုလံပစ်ကွင်းထဲမှာတော့ ဓာတ်ပုံရိုက်လို့ မရဘူးခင်ဗျ။ ဖွင့်ပွဲမတိုင်ခင်အထိ ဓာတ်ပုံရိုက်လို့ မရဘူး။ အိုလံပစ်ကွင်းကြီးကို ဖွင့်မှပဲ ဓာတ်ပုံရိုက်လို့ရတယ်။ လေဆိပ်မှာဆိုရင်လည်း လုံခြုံရေးတွေက အရမ်းကိုပဲ တင်းကြပ်ပြီးတော့ ထားတယ်။ ဗော်လံတီယာ လုပ်နေတဲ့သူတွေလည်း ရှိတယ်။ ဗော်လံတီယာ လုပ်နေတဲ့သူတွေက အိုလံပစ်ပွဲကို လာကြည့်မယ့်သူတွေနဲ့ ပတ်သက်ပြီးတော့ သူတို့ကို အကူအညီပေးနေတာတွေ ရှိတယ်။ ပြီးတော့ လန်ဒန်ကို ပထမဦးဆုံးရောက်လာတဲ့ သူတွေအတွက ်အကူအညီပေးနေတာတွေ ရှိတယ်။ အကုန်လုံးကို စနစ်တကျ လုပ်ထားတယ်။”

ဗြိတိန်နိုင်ငံမှာ ထူးထူးခြားခြား Olympic အားကစားပွဲတွေ ကျင်းပမှာဖြစ်တဲ့အတွက် လုံခြုံရေးလည်း နေရာအနှံ့မှာ အထူး တင်းကြပ် ထားတာမှာ အားကစားပြိုင်ပွဲတွေအတွက် လာကြတဲ့ ဧည့်သည်တွေ တည်းကြမဲ့ ပုဂ္ဂလိက Hotel ကြီးတွေမှာ ဘယ်လို စီစဉ်ထားလဲဆိုတာကို ဟိုတယ်လုပ်ငန်းမှာ လုပ်နေတဲ့ မချုျိနွယ်က ပြောပြပါတယ်။

“လုံးဝ အရမ်းတင်းကြပ်တယ်၊ အခါတိုင်း ဟိုတယ်လ်မှာ ဆိုလို့ရှိရင် Open 24 hour 7 လုပ်ထားတယ်။ အခုဆိုရင် resident ပဲ ဝင်လို့ရအောင် check လုပ်တယ်။ Interance မှာဆိုလို့ရှိရင်လည်း resident ဟုတ်လား၊ မဟုတ်လားသိအောင် ID နဲ့ check လုပ်တယ်။ key card တွေနဲ့ check လုပ်တယ်။--- မှာ ဆိုလို့ရှိရင် resident ကိုပဲ ပေးဝင်တယ်။ အပြင်လူကိုတောင် ပေးမဝင်တဲ့ရက်တွေ ရှိတယ်။ ဟိုတယ်လ်ကို လိုက်လို့ပါပဲ။ Hilton မှာဆိုလို့ရှိရင် လုံးဝ ပိတ်လိုက်တယ်။ လုံးဝ အပြင်လူ အဝင်မခံဘူး။ လုံးဝ specific ဧည့်သည်အတွက်ပဲ။ အရေးကြီးတဲ့ International Olympic ကော်မတီက ယူလိုက်တာဆိုတော့ ဟိုတယ်လ် တခုလုံးကို။ Privaite center အနေနဲ့ ပြင်ဆင်မှုတွေ ကတော့ အရမ်းကောင်းပါတယ်။”

အခုကတည်းက နိုင်ငံစုံက ဧည့်သည်တွေနဲ့ ပြည့်နေတဲ့ London မြို့ကြီးမှာ စိတ်လှုပ်ရှား တက်ကြွနေကြစရာဖြစ်ပေမယ့် တဘက်မှာလည်း အခက်အခဲတွေရှိနေတယ်လို့ ဆိုပါတယ်။
“မြင်ကွင်းကတော့ ပျော်တော့ ပျော်စရာတော့ ကောင်းတယ်။ တဘက်မှာတော့ သိတယ်မို့လား။ လူတွေက အများကြီးပဲဆိုတော့၊ တသက်မှာ တခါ ကြုံရတဲ့ပွဲဆိုတော့- လူတွေက အရမ်းကို များတာပဲ။ သိသိသာသာ များလာတယ်။ ပြီးတော့ ခရီးသွားရတာ နည်းနည်းပါးပါး ခက်လာတယ်။ အကုန်လုံးကတော့ စိတ်လှုပ်ရှားနေတဲ့ပုံပဲ။ ပိုပြီး တိုးရစ်စ်များလာတာပေါ့လေ။

ဒီပွဲနဲ့ ပတ်သက်ပြီးတော့ လာကြတာဆိုတော့လည်း အိုလံပစ်တောင် မစသေးဘူး၊ ပြီးခဲ့တဲ့ တပတ်ကနေ စပြီးတော့ train delay တို့၊ traffic တွေတို့ တအားဖြစ်နေတာလေ။ အိုလံပစ် မိန်းတွေမှာလည်း သွားလို့ မရဘူး။ ပုံမှန်ထက် တနာရီလောက်ကို ကြိုပြီးတော့ ကျတော့ အိမ်ကနေ ထွက်သလို ဖြစ်နေတာ။ အခု အိုလံပစ်ကျရင် လူတွေက စိုးရိမ်တာပေါ့။ အိုလံပစ်တောင် မရောက်သေးဘူး၊ ဒီလို ဖြစ်နေတယ်ဆိုရင် အိုလံပစ်ကျရင်ရော ဘယ်လို လုပ်ကြမလဲပေါ့။ အဲဒီကျလို့ရှိရင် လူက ဗီဇာပိုများမယ်။ အဲဒီတခုတော့ အခက်အခဲရှိတာပေါ့နော်။ သွားရလာရတာတော့”

London Olympic ပြိုင်ပွဲ ဖြစ်မြောက်ရေး ကော်မတီကတော့ အထစ်အငေါ့ မရှိအောင်ကြိုးစားပါမယ် လို့ ပြောထားပါတယ်။ ဒါပေမဲ့ မနေ့ကတော့ Olympic ကော်မတီအတွက် မျက်နှာပျက်စရာ ဖြစ်ခဲ့ရပါတယ်။ ဗုဒ္ဓဟူးနေ့မှာ စတင်တဲ့ Olympic အမျိုးသမီးဘောလုံး ဗိုလ်လုပွဲ အုပ်စု G ပွဲစဉ်မှာ မြောက်ကိုရီးယား အမျိုးသမီးအသင်းနဲ့ Colombia အသင်း မကန်ခင် တောင်ကိုရီးယားအလံ လွှင့်မိလို့ Olympic ကော်မတီက တရားဝင် ပြန်တောင်းပန်ခဲ့ရတာပါ။

ပွဲဖြစ်မြောက်ရေးအတွက် ပါဝင်ကူညီနေကြသူတွေကတော့ အခုလို ကြီးကျယ်တဲ့ အားကစား ပြိုင်ပွဲကြီးမှာ နောက်ထပ် မရည်ရွယ်တဲ့ လွဲချော်မှုတွေ ရှိနိုင်ပါတယ်လို့ ပြောပါတယ်။ August လ ၁၂ ရက်နေ့အထိ သီတင်း ၃ ပတ်ကြာမယ့် အားကစားပြိုင်ပွဲတွေမှာ ပါဝင် ယှဉ်ပြိုင်ကြဖို့ နိုင်ငံပေါင်းစုံက အားကစားသမားတွေ လန်ဒန်ဆီ ရောက်နေကြတာမှာ မြန်မာနိုင်ငံကလည်း အားကစား အမျိုးအစား ၅ မျိုးမှာ ပါဝင်ယှဉ်ပြိုင်ကြဖို့ အားကစားသမား ၆ ယောက်နဲ့ အဖွဲ့ ရောက်ရှိနေကြပါတယ်၊ သူတို့ ဝင်ပြိုင်ကြမယ့် ပွဲတွေကတော့ ပြေးခုန်ပစ်၊ ဂျုဒို၊၊ မြှားပစ်၊ သေနတ်ပစ်နဲ့ အနောက်တိုင်း လှေလှော်ပြိုင်ပွဲတွေ ဖြစ်ကြပါတယ်ရှင်။
XS
SM
MD
LG