သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြ ကျောင်းသား စစ်ကြောင်း မကွေးတိုင်းဝင်ရောက်


မကွေးတိုင်း၊ ကြံတိုင်ရွာရောက် သပိတ်မှောက်ကျောင်းသားများ။ (ဇန်နဝါရီ ၃၁၊ ၂၀၁၅။ ဓာတ်ပုံ-သိန်းေအောင်မြင့်)
မကွေးတိုင်း၊ ကြံတိုင်ရွာရောက် သပိတ်မှောက်ကျောင်းသားများ။ (ဇန်နဝါရီ ၃၁၊ ၂၀၁၅။ ဓာတ်ပုံ-သိန်းေအောင်မြင့်)

အမျိုးသားပညာရေးဥပဒေ ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ရန်ကုန်အထိ ချီတက်လမ်းလျှောက်ဆန္ဒပြနေကြတဲ့ သပိတ်မှောက်ကျောင်းသား ပင်မစစ်ကြောင်း အခုဆိုရင် မန္တလေးတိုင်းကနေ မကွေးတိုင်းထဲ ဝင်ရောက်ချီတက်သွားကြပြီဖြစ်ပါတယ်။ မကွေးမြို့အာဏာပိုင်တွေဘက်က ပုဒ်မ ၁၈ နဲ့ ဖိအားပေး တားမြစ်တာမျိုးလုပ်ပေမယ့် ကျောင်းသားသပိတ်ချီတက်ပွဲ ရှေ့ဆက်ခဲ့ကြတယ်လို့ သပိတ်ခေါင်းဆောင် ကျောင်းသား တွေက ဆိုပါတယ်။ မြန်မာနိုင်ငံအဝှမ်း ခရိုင်အသီးသီးက ကျောင်းသားတွေက ရခိုင်လမ်းကြောင်း၊ ဧရာဝတီလမ်းကြောင်းတွေ ကနေ ရန်ကုန်အထိ ချီတက်လာနေကြပါတယ်။ ပညာရေးဆန့်ကျင် သပိတ်မှောက် ချီတက်လမ်းလျှောက်နေကြတဲ့ ကျောင်းသားသပိတ်အခြေအနေ အသေးစိတ် မဆုမွန်က တင်ပြပေးထားပါတယ်။

သပိတ်မှောက်ကျောင်းသားတွေဟာ ကျောက်ပန်းတောင်းမြို့မှာ ၃၀ ရက်နေ့ တစ်ရက်တာ သပိတ်နားပြီးနောက်မှာတော့ အခု ဇန်နဝါရီလ ၃၁ ရက်နေ့ စနေနေ့ မနက်ပိုင်းကစတင်လို့ သပိတ်မှောက်ကျောင်းသားတွေ ကျောင်းသားအလံတွေ ကိုင်ဆောင်ပြီး ဆက်ပြီးတော့ ချီတက်လာ ခဲ့ကြတာ အခုဆို မန္တလေးတိုင်းကို ကျော်လွန်လို့ မကွေးတိုင်းထဲ ဝင်ရောက်သွားပြီဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ လေးပွင့်ဆိုင် ဆွေးနွေးပွဲ ကျင်းပနေချိန် တစ်ရက်ကိုတော့ သပိတ် ခေတ္တရပ်နားထားမှာဖြစ်ပြီး အစည်းအဝေးရလာဒ်ပေါ် မူတည်ပြီး ကျောင်းသားသပိတ်ကို ဆက်လက် ဆောင်ရွက်လှုပ်ရှားကြမှာဖြစ်တယ်လို့ သပိတ်ဦးဆောင်လမ်းလျှောက်နေတဲ့ ဗကသများ အဖွဲ့ချုပ်က ကိုမင်းသွေးသစ်က ပြောပါတယ်။

“ကျောက်ပန်းတောင်းကနေပြီး မနက် ၉ နာရီ ထွက်လာတယ်ဗျ။ လမ်းမှာကျနော်တို့နားတယ်၊ ဂွေးချိုရွာမှာနားပြီး ထမင်းစားတယ်။ ပြီးတော့ ဂွေးပင်ရွာကိုဆက်သွားတယ်။ အခု ဆားတောင်ရွာဆိုတဲ့ လမ်းခွဲကိုရောက်နေကြတယ်။”

မန္တလေးတိုင်းထဲကအထွက် မကွေးတိုင်းအဝင်မှာ မကွေးတိုင်းအာဏာပိုင်တွေဘက်က သပိတ်မှောက်ကျောင်းသားတွေကို ဟန့်တားပြီး ပုဒ်မ ၁၈ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ အရ ခွင့်ပြုမိန့်ယူပါ-ဆိုပြီး ဖိအားပေးတာတွေကြုံခဲ့ရပေမဲ့ သပိတ်မှောက်ကျောင်းသားတွေဘက်က ခရီးဆက်ခဲ့ကြပါတယ်လို့ ဗကသများအဖွဲ့ချုပ်ကပြောပါတယ်။

“မန္တလေးတိုင်းကနေပြီး မကွေးတိုင်းဝင်လာတယ်။ အဲဒီ နယ်နိမိတ်ဆိုင်းဘုတ်အကျော်လေးနားမှာပဲ မကွေးတိုင်းဘက်က အဖွဲ့လိုက် လာစောင့်နေတယ်။ ပြီးတော့ ကျနော်တို့ကို ပုဒ်မ ၁၈ နဲ့တင်ဖို့ စာလာဖတ်ပြတယ်။ ကျနော်တို့ကလည်း သူတို့ဖတ်ပြတာ နားမထောင်ဘဲ ကျော်တက်လာခဲ့တယ်။ ကျနော်တို့နေ့ခင်း ထမင်းစားပြီး ပြန်ထွက်လာတဲ့အချိန်မှာလည်း ဘုန်းကြီးကျောင်းရှေ့က လာတားတယ်။ မြို့နယ်တိုင်းပေါ့၊ တိုင်းတခုနဲ့တခု ကျော်တဲ့နေရာမှာ အခက်အခဲပေါ့လေ။”

အခုဆိုရင်တော့ မကွေးတိုင်း ချောက်မြို့နယ်ထဲက အာသောကဓမ္မဗိမာန်ကျောင်း မှာ နားနေကြတယ်လို့သိရပါတယ်။ တပြိုင်နက်တည်းမှာ ဧရာဝတီတိုင်းဘက်က တက္ကသိုလ်ကျောင်းပေါင်းစုံက ကျောင်းသားတွေကလည်း ချီတက်ဆန္ဒပြကြနေကြပါတယ်။ ရန်ကုန်အထိ ချီတက်ဖို့ကို ဖေဖော်ဝါရီ ၁ ရက် အစည်းအဝေးရလာဒ်ပေါ်မူတည်ပြီး ကျောင်းသားတွေ ဆုံးဖြတ်ကြမှာဖြစ်တယ်လို့ ဧရာဝတီတိုင်း သပိတ်မှောက် ကျောင်းသားခေါင်းဆောင် ကိုအောင်ခန့်ဇော်ကပြောပါတယ်။

“၃၀ ရက်နေ့စထွက်တဲ့ ဧရာဝတီသပိတ်စစ်ကြောင်းမှာ မအူပင်ကျောင်းသားတွေလည်းပါပါတယ်။ ဟင်္သာတကျောင်းသားတွေလည်း ပါပါ တယ်။ ဒဂုံတက္ကသိုလ်က ကျောင်းသားတွေလည်း ပါတယ်။ နည်းပညာတက္ကသိုလ်ကကျောင်းသားတွေလည်းပါတယ်။ ၁ ရက်နေ့ ဆုံးဖြတ်ချက်ကနေ၊ နောက်ပိုင်းဆွေးနွေးပွဲတွေကတော့ ၁ ရက်နေ့ဆိုတာက တစ်ရက်တည်းနဲ့တော့ ပြီးမှာမဟုတ်ဘူးလေ၊ နောက်ပိုင်း အကောင်းဘက်ကိုဆောင်ပြီးတော့ တကယ် ကောင်းမွန်တဲ့ ဒီမိုကရေစီပညာရေးတစ်ခု ရလဒ်မျိုး ဖြစ်စေချင်ပါတယ်။ အဲလိုမျိုးဖြစ်ဖို့လည်း ကျနော်တို့ အကောင်းဘက်ကနေ ဆွေးနွေးတယ်ဆိုရင် ကျနော်တို့လည်း အမြဲတမ်းအားပေးနေမှာပါ။ တကယ်လို့ အဲလိုမျိုးနဲ့ သွေဖြည်တဲ့ ကိစ္စမျိုးဆိုရင်တော့ ကျနော်တို့က ဧရာဝတီစစ်ကြောင်းအနေနဲ့ရော၊ ကျနော်တို့ကျောင်းသားတွေအနေနဲ့ပါ ဒါကို ဆက်လက် တိုက်ပွဲဝင် သွားမှာ ဖြစ်ပါတယ်။”

ရခိုင်ပြည်နယ်ဘက်က တက္ကသိုလ်ကျောင်းသားတွေလည်း ရန်ကုန်အထိ ချီတက်လမ်းလျှောက်ဆန္ဒပြနေကြပါတယ်။ အမျိုးသားပညာရေး ဥပဒေကို ဆန့်ကျင်ကန့်ကွက် သပိတ်မှောက်ဆန္ဒပြတဲ့အနေနဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ တက္ကသိုလ်ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်တို့က ကျောင်းသားတွေဦးဆောင်ပြီး မန္တလေးကနေ ရန်ကုန်အထိ လမ်းလျှောက်ချီတက် ဆန္ဒပြနေကြတာဖြစ်ပါတယ်။ လမ်းခရီးတလျှောက် ဒေသခံပြည်သူတွေက တခဲနက် ထောက်ခံအားပေးကြပြီး နယ်ခံကျောင်းသားလူငယ်တွေကလည်း အင်အားဖြည့် ပူးပေါင်းဆန္ဒပြခဲ့ကြပါတယ်။ ရန်ကုန်မြို့မှာ သပိတ်စခန်းဖွင့်လှစ်ပြီး အမျိုးသားပညာရေးဥပဒေကို ပြန်လည်ပြန်ဆင်ပေးရေး တောင်းဆိုတိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ သပိတ်မှောက်ကျောင်းသားတွေကပြောပါတယ်။

XS
SM
MD
LG