သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံ ပြင်ဆင်ရေး အဆို အောက်လွှတ်တော် အတည်ပြု


ပြည်သူ့လွှတ်တော် တက်ရောက်လာကြသော စစ်တပ်ကိုယ်စားပြု ညီလာခံကိုယ်စားလှယ်များ။
ပြည်သူ့လွှတ်တော် တက်ရောက်လာကြသော စစ်တပ်ကိုယ်စားပြု ညီလာခံကိုယ်စားလှယ်များ။
မြန်မာ့နိုင်ငံမှာ ၂၀၀၈ ခုနှစ်တုန်းက ရေးဆွဲထားတဲ့ အခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့ လွှတ်တော်တွင်း တင်သွင်းလိုက်တဲ့ အဆိုတရပ်ကို ဒီကနေ့ပဲ အတည်ပြုလိုက်ပါတယ်။ မြန်မာ့နိုင်ငံရေး လောကမှာ မကြာခနဆိုသလို ပြောစရာဖြစ်နေရတဲ့ အခြေခံဥပဒေမှာ အပြောင်းအလဲတွေ ပေါ်ပေါက်လာနိုင်မယ့် လမ်းစတခုဖြစ်ပေမဲ့လည်း ဒီမိုကရေစီ အခြေခံတွေကို အာမခံနိုင်တဲ့ ပြင်ဆင်မှုတွေ ဖြစ်ဖို့လိုမယ်လို့ အဓိက နိုင်ငံရေးပါတီတခုဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကပြောပါတယ်။ အခြေခံဥပဒေ ပြင်ဆင်ရေး လွှတ်တော်မှာ ဆွေးနွေးဆုံးဖြတ်ခဲ့တဲ့ အခြေအနေ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦး ကပြောပြပေးမှာ ဖြစ်ပါတယ်။

အချေအတင်ဖြစ်စရာ အခြေအနေတွေမှာ ရေးဆွဲအတည်ပြုထားတဲ့ အခြေခံဥပဒေကို ခေတ်နဲ့ အညီ ပြန်လည်ပြင်ဆင်ဖို့ နေပြည်တော်မှာ ကျင်းပနေတဲ့ ပြည်သူ့လွှတ်တော်မှာ အရေးပေါ် အဆိုတရပ်ကို တင်သွင်းအတည်ပြုလိုက်တာ ဖြစ်ပါတယ်။ အာဏာရ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီရဲ့ ကိုယ်စားလှယ်ဖြစ်တဲ့ သူရဦးအေးမြင့် တင်သွင်းခဲ့တဲ့ အဆိုကို စစ်တပ် ကိုယ်စားလှယ်တွေ အပါအဝင် အများစုက ထောက်ခံခဲ့ကြပြီးတဲ့နောက် လွှတ်တော်က လက်ခံအတည်ပြုပေးခဲ့တာပါ။ ဒီအတွက် အခြေခံဥပဒေ ပြင်ဆင်ရေး ဆောင်ရွက်နိုင်မယ့် အစီအစဉ်တွေကို စတင်ဖို့ လွှတ်တော် ဥက္ကဋ္ဌက ဆုံးဖြတ်ခဲ့တဲ့အကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဦးအုန်းကြိုင်က ပြောပါတယ်။

“အခုအချိန်မှာ ကျင့်သုံးတာ ၂ နှစ်ကျော်ပြီ ဖြစ်တဲ့အတွက်ကြောင့် ပြောင်းလဲလာတဲ့ အခြေအနေတွေ အရ လိုအပ်ရင် ပြင်ဆင်ဖို့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ လေ့လာဆန်းစစ်ဖို့ ပညာရှင်များပါဝင်တဲ့ ကော်မတီတရပ် ဖွဲ့စည်းဖို့ အဆိုတင်ပါတယ်- လို့ သူက အဆိုတင်ပါတယ် ခင်ဗျ။ အဲဒီမှာ ထောက်ခံတဲ့ ပုဂ္ဂိုလ်က ဦးသိန်းဇော်ပါခင်ဗျ။ ဥိးသိန်းဇော်ကလည်း ကြံ့ခိုင်ဖွံ့ဖြိုးရေးက ဒုတိယ ဥက္ကဋ္ဌပါပဲ။ ဦးသိန်းဇော်က ဟုတ်ပါတယ်-ဆိုပြီးတော့ ထောက်ခံပါတယ်။ ထောက်ခံတော့ လွှတ်တော်ကနေ အတည်ပြုကြောင်း ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ခေတ်နဲ့လျော်ညီစွာ ပြုပြင်နိုင်ရေးအတွက်၊ လိုအပ်တဲ့လေ့လာမှုတွေ ပြုလုပ်နိုင်ရေး အတွက် ကော်မီတီတစ်ရပ် ဖွဲ့သင့်ကြောင်း လွှတ်တော် ဥက္ကဋ္ဌက ဆုံးဖြတ်တယ်။ ဆုံးဖြတ်ပြီးတော့ လွှတ်တော်က သဘောတူညီချက်ယူတယ်။ အဲဒီကော်မီတီကို ဖွဲ့စည်းကြောင်း ပြည်ထောင်စု လွှတ်တော်ကို တင်မယ်လို့ ပြောတယ်ခင်ဗျ။ ဆုံးဖြတ်ချက်က အဲဒါပါပဲ။”

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဆိုရင်တော့ NLD ပါတီရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ဟာလည်း နိုင်ငံခြားသားနဲ့ ဆွေမျိုးတော်စပ်သူ တဦးအဖြစ် အစိုးရထိပ်တန်း ရာထူးတွေဖြစ်တဲ့ သမ္မတတာဝန်တွေကို ထမ်းဆောင်ခွင့် ကန့်သတ်ထားတာ ဖြစ်ပါတယ်။ ဒီလို ဒီမိုကရေစီအခြေခံတွေ ကင်းမဲ့နေတယ်ဆိုပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ၂၀၁၀ ပြည့်နှစ်မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကိုလည်း NLD ပါတီက ဝင်မပြိုင်ဘဲ သပိတ်မှောက်ခဲ့တာပါ။

ဒါပေမဲ့လည်း နိုင်ငံရေး အပြောင်းအလဲတွေနဲ့အတူ ပြီးခဲ့တဲ့နှစ်ထဲ လွှတ်တော် ကြားဖြတ် ရွေးကောက်ပွဲတွေ ကျင်းပချိန်မှာတော့ အခြေခံဥပဒေကို လွှတ်တော်က တဆင့် ပြင်ဆင်နိုင်ဖို့ ကြိုးပမ်းမယ်ဆိုပြီး NLD က ပါဝင်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီအတွက်လည်း လွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲမှာ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ကိုယ်စားလှယ် နေရာအများစုကို အနိုင်ရခဲ့တဲ့ NLD ကတော့ အခုနောက်ဆုံး အခြေခံ ဥပဒေကို ပြင်ဆင်နိုင်မယ့် အလားအလာတွေ ထွက်ပေါ်လာတဲ့ အပေါ် ကြိုဆိုခဲ့တာပါ။

ဒါပေမဲ့လည်း ပြင်ဆင်မှုတွေဟာ ဘယ်လောက်အထိ ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်မလဲ ဆိုတဲ့ အပေါ်မှာတော့ သတိထား စောင့်ကြည့်ရလိမ့်မယ်လို့ NLD ပါတီရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင် ကပြောပါတယ်။

“ကျနော်တို့က ၂၀၀၈ ဖွဲ့စည်းပုံကို ပြုပြင်ရမယ်လို့ ၂၀၀၈ ကတည်းက ကျနော်တို့က ကြေညာထားတာ။ ဘယ်လို ပြုပြင်သင့်တယ်ဆိုတဲ့ ပြုပြင်မယ့် အချက်တွေလည်း ကျနော်တို့က ထုတ်ပြန်ကြေညာပြီးသား။ ကျနော်တို့ ရွေးကောက်ပွဲ အကြိုမှာလည်း ဒါဟာ ရွေးကောက်ပွဲ ပြုပြင်ဖို့ဆိုပြီး ကျနော်တို့ ပြောခဲ့တယ်။ အဲဒီတော့ကာ ကျနော် ပြောချင်တာကတော့ အခုလို ပြုပြင်ဖို့ ဆိုပြီးတော့ သဘောတူလာတယ် ဆိုတာဟာ သတိထားပြီး ကြိုဆိုပါတယ်လို့ ကျနော် ပြောချင်ပါတယ်။ ဘယ်လို ပြုပြင်ရမှာလဲ၊ ဘယ်လို အချက်တွေလဲဆိုတာ မပါသေးတဲ့အခါကျတော့ ကျနော်တို့ ပြုပြင်ချင်တယ် ဆိုတာနဲ့ သူတို့ ပြုပြင်ချင်တယ် ဆိုတာနဲ့ တူ မတူက မပြောတတ်သေးတော့ အကုန်လုံးကတော့ ဘာမှ မဝေဖန်ချင်သေးပါဘူး။ ဒါပေမဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုတာဟာ ပြုပြင်ရမယ်ဆိုတဲ့ အခြေခံ သဘောတရားကတော့ ကျနော်တို့နဲ့ တူတယ်လို့ ပြောရမှာပါ။”

၂၀၀၈ ခုနှစ် အခြေခံဥပဒေရဲ့ အားနည်းချက်တွေကြောင့် တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး စတဲ့ ကဏ္ဍတွေမှာ အပြောင်းအလဲတွေ လုပ်ဆောင်ဖို့ ကြိုးပမ်းတဲ့နေရာတွေမှာ အခက်အခဲတွေ ကြုံနေရတာကို အခုအခါ အာဏာရပါတီနဲ့ စစ်တပ်က ကိုယ်စားလှယ်တွေ ကိုယ်တိုင် လက်တွေ့ သဘောပေါက် လာနေကြပြီလို့လည်း NLD ပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင် ကပြောပါတယ်။

အထူးသဖြင့် မကြာသေးခင် ကာလတွေအတွင်း အခြေခံဥပဒေကြောင့် အငြင်းပွားစရာတွေ ကြုံနေရတဲ့အတွက် အခုလို အရေးတကြီး အဆိုတင်လာရတဲ့ အထိ ဖြစ်လာရတာလို့လည်း ပြော ပါတယ်။ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို အတည်ပြုနိုင်ဖို့ လူထုဆန္ဒခံယူပွဲ ကျင်းပချိန်ဟာ ဆိုရင်လည်း မြန်မာနိုင်ငံမှာ နာဂစ်ဆိုင်ကလုန်း မုန်တိုင်းဒဏ် အပြင်းအထန်ခံခဲ့ရအပြီး လူတွေ အတိဒုက္ခ ရောက်နေကြတဲ့အချိန် ဖြစ်ခဲ့တာမို့ ဝေဖန်သံတွေလည်း အကြီးအကျယ် ထွက်ပေါ်ခဲ့ပါတယ်။ ဒီလိုပဲ အခြခံဥပဒေက လွှတ်တော်မှာ စစ်တပ်ရဲ့ ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို နေရာပေးထားတဲ့ အတွက်လည်း ဒီမိုကရေစီ မဆန်ဘူးလို့ အများက ပြောနေကြတာဖြစ်ပါတယ်။
XS
SM
MD
LG