သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွှတ်တော်အမတ် လစာတိုးရေး သမ္မတ လက်မှတ်မဲ့ အတည်ပြု


ပြည်ထောင်စုလွှတ်တော်။
ပြည်ထောင်စုလွှတ်တော်။

သမ္မတ နဲ့ လွှတ်တော်အကြား သဘောထားကွဲလွဲမှုတွေ ရှိနေတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ လစာတိုးရေးနဲ့ ပတ်သက်ပြီး ဧပြီလ ၁ ရက်နေ့က စပြီး လစာ တိုးမြင့်ခံစားဖို့ ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်ပါတယ်။ တချိန်တည်းမှာပဲ သမ္မတ အကြောင်းပြန်ထားတဲ့ ၆ ပွင့်ဆိုင်တွေ့ဆုံရေးနဲ့ ပတ်သက်ပြီး လွှတ်တော်ဘက်က သမ္မတ နဲ့ ၆ ပွင့်ဆိုင်အရင် တွေ့ဆုံပြီးမှ မူဘောင်တွေ ရေးဆွဲဖို့ ဖြစ်နိုင်မယ်လို့ ဒီကနေ့ သမ္မတ ကို သဝဏ်လွှာ ပြန်ပို့ခဲ့တဲ့ အကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦး ကပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုအောင်ရဲမောင်မောင်က ပြောပြမှာပါ။

လွှတ်တော် ကိုယ်စားလှယ်တွေ ရဲ့ လစာနဲ့ စရိတ်တိုးမြင့်ရေး နဲ့ ပတ်သက်တဲ့ ဥပဒေကြမ်းကို သမ္မတ က လက်မှတ်မထိုးပဲနဲ့ မှတ်ချက်တွေ နဲ့ ပြန်ပို့လာတဲ့ ကိစ္စ ကို ဒီကနေ့ ပြည်ထောင်စု လွှတ်တော်မှာ မဲခွဲ ဆုံးဖြတ်ခဲ့တာပါ။ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ လစာတိုးမြင့်မှု ကို ရှေ့လာမယ့် ဘဏ္ဍာရေးနှစ်က စတင်ပြီး မူလ ရတာထက် တိုးမြင့် ခံစားဖို့သင့်တယ်လို့ ပြည်ထောင်စုလွှတ်တော် မှာ မဲခွဲတဲ့ အခါ မူလတုန်းက တိုးဖို့ တင်ပြထားတဲ့ ဥပဒေကြမ်းကို ထောက်ခံသူ ၃၂၃ ဦး၊ ကန့်ကွက်သူ ၁၇၅ဦးနဲ့ ကြားနေ ၁၅ ဦး ရှိခဲ့ပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို တက်ရောက်တဲ့ ရခိုင်အမျိုးသားပါတီရဲ့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ဗွီအိုအေကို ပြောပါတယ်။

" လွှတ်တော်ကိုယ်စားလှယ် တော်တော်များများကတော့ သမ္မတကြီးရဲ့ သဘောထားကို မထောက်ခံပဲ ပြည်ထောင်စုလွှတ်တော်ရဲ့ သဘောထားအတိုင်းပဲ အတည်ပြုဖို့ ပြောပါတယ်။ ဥပဒေကြမ်းကော်မတီ ကလည်း ပြည်ထောင်စုလွှတ်တော်ရဲ့ အတည်ပြုချက်အတိုင်း မဲခွဲတဲ့အခါမှာတော့ ထောက်ခံမဲ ၃၂၃၊ ကန့်ကွက်မဲ ၁၇၅မဲ၊ ကြားနေမဲ ၁၅မဲနဲ့ ကျနော်တို့ပြန်ပြီးတော့ ပြည်ထောင်စုလွှတ်တော်ရဲ့ ဆုံးဖြတ်ချက်အတိုင်း ပြန်ပြီးတော့ အတည်ပြုလိုက်ပါတယ်။"

မေး - ဆိုတော့ ဆရာတို့က ဘယ်တော့လောက်ကစပြီး အခုတိုးမြင့် လိုက်တဲ့ လစာကို ခံစားရမှာလဲ။

"ဟုတ်ကဲ့။ အဲ့တာကျတော့ ကျနော်တို့ အဆိုတင်ကတည်းက ၂၀၁၅/၂၀၁၆ ဘဏ္ဍာနှစ်မှာ အကောင်အထည်ဖော်ဖို့ အစိုးရကို တိုက်တွန်းတဲ့ အဆိုပါ။ အဲ့တာကြောင့် ဒီနေ့လွှတ်တော်မှာလည်း ထပ်မံပြီးတော့ နာယကကြီးက ပြန်ပြီးတော့ အတည်ပြုပါတယ်။ ၂၀၁၆ခု ဧပြီလ ၁ရက်နေ့ကနေစပြီးတော့ ဒါဟာ အကျိုးခံစားခွင့်ဖြစ်ပါတယ်။ နောက် ဆယ်လတာ ကြာတဲ့ လွှတ်တော်သက်တမ်းမှာ အကျိုးခံစားခွင့်ရှိမှာဖြစ်ပြီးတော့ နောင်လာမယ့် လွှတ်တော်ကိုယ်စားလှယ်တွေအတွက်လည်း ဒါ တစပ်တဆက်တည်း အကျိုးခံစားခွင့်ရှိမှာပါလို့ နာယကကြီးက ပြန်လည် ရှင်းပြပါတယ်။

သမ္မတဦးသိန်းစိန်က လွှတ်တော်ကိုယ်စားလှယ်တွေ ချီးမြှင့်ငွေ တိုးမြှင့်ခြင်းဆောင်ရွက်တဲ့ နေရာမှာ ဥပဒေပြု အဖွဲ့အစည်း ဖြစ်တဲ့ လွှတ်တော်က ဆောင်ရွက်ခြင်းထက် အုပ်ချုပ်ရေးအဖွဲ့အစည်းတွေက အခြေခံဥပဒေနှင့် အညီ ဘဏ္ဍာရေး ဆိုင်ရာ လုပ်ငန်းစဉ်တွေ အတိုင်း ကြိုတင် တွက်ချက်ပြီးမှသာ ထိုက်သင့်တဲ့ ပမာဏ တိုးမြင့်ရေး ဆောင် ရွက်သင့်တယ်လို့ သဘောထား မှတ်ချက်ပေးပြီးတော့ တင်ပြလာတဲ့ ပဒေကြမ်းကို လက်မှတ်မထိုးပဲ ပြည်ထောင်စုလွှတ်တော်ကို ပြန်ပို့ခဲ့တာပါ။

အခုအခါမှာတော့ ပြည်ထောင်စုလွှတ်တော်က တိုးသင့်တယ်လို့ မှတ်ချက်ပေး လိုက်တဲ့ အတွက် ဒီဥပဒေကို သမ္မတ လက်မှတ်မထိုးလည်း ရက်ပေါင်း ၁၄ ရက်အတွင်း အတည်ဖြစ်လာတော့မှာပါ။

လွှတ်တော် ကိုယ်စားလှယ်တွေ လစာ တိုးမြင့်ရေးနဲ့ ပတ်သက်ပြီး ပြည်ခိုင်ဖြိုးပါတီ ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက တော့

" အယ့် ကျနော်က အဲ့ဒီ့မှာ ကြားနေမဲ ၁၅မဲ ဆိုတဲ့နေရာမှာ ကျနော်ပါပါတယ်ခင်ဗျာ။ ကျနော်က ကြားနေပေါ့။ ဒီကိစ္စဟာ ကျနော်ကတော့ ပြောရမှာ ရှက်ပါတယ်။ ဒါကြောင့်မို့လို့ ကျနော် ဆွေးလည်း မဆွေးနွေးပါဘူး။ ကျနော်တို့က သဒ္ဓါသလောက်ပေါ့ဗျာ။ မသဒ္ဓါရင် မသဒ္ဓါသလိုပေါ့။ မသဒ္ဓါဘူးလို့ ယူဆရင်လည်း မယူရုံ ရှိတာပေါ့။ သဒ္ဓါလို့ ပေးလာရင်တော့ ယူလိုက်မှာပေါ့။ အခုတော့ အစိုးရအဖွဲ့က မသဒ္ဓါဘူးလား ဘာလားတော့ မသိဘူး။ သို့သော် ကျနော်ကတော့ ဝင်မဆွေးနွေးဘူး။ ထောက်လည်း မထောက်ခံဘူး။ ကန့်လည်း မကန့်ကွက်ဘူး။ ကျနော်ကတော့ ကြားနေပဲ။"

တစ်ချိန်ထဲမှာပဲ ဒီကနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွေ အတွင်းမှာ ၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးနဲ့ ပတ်သက်တဲ့ သမ္မတ ရဲ့ သဝဏ်လွှာ ကို လည်း ပြန်လည် ပြန်ကြားခဲ့ပါတယ်။ သမ္မတဘက်က ၆ ပွင့်ဆိုင်တွေ့ဆုံဖို့ မူဘောင်တွေ လွှတ်တော်ဘက်က ပေးပို့ဖို့ လိုတယ်လို့ ဇန်နဝါရီလ ၁၉ ရက်နေ့ လွှတ်တော် စစခြင်းနေ့မှာ အကြောင်းကြားခဲ့တာပါ။

ပြည်ထောင်စုလွှတ်တော်ကတော့ သမ္မတ နဲ့ အရင်တွေ့ဆုံပြီးမှာသာ ဘာတွေ ဆွေးနွေးမယ် ဆိုတာကို မူဘောင်ရေးဆွဲဖို့ ဖြစ်နိုင်မယ်လို့ ပြန်လည်ပြီး အကြောင်းကြားခဲ့တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ရဲ့ သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောပါတယ်။

" သမ္မတက ဒီခြောက်ပွင့်ဆိုင်ကို ကောင်းပါတယ်။ ကြိုဆိုပါတယ်လို့ ပြောထားတယ်။ ပြီးတဲ့အခါကျတော့ လွှတ်တော်အနေနဲ့ ပြည်ထောင်စုလွှတ်တော်အနေနဲ့ ဘယ်လိုဖြစ်စေချင်သလဲ ဘယ်လိုပုံစံနဲ့ဆွေးနွေးချင်သလဲ ဆိုတဲ့ မူဘောင်တွေကို ပေးပါလို့တောင်းလိုက်တဲ့အခါ ဒီဘက်က နေပြီးတော့ အဲ့ဒီ့မူဘောင်တွေ ချဖို့အတွက်ကို သမ္မတနဲ့ အရင်တွေ့ဖို့လိုတယ်လို့ ပထမဆုံးတကြိမ် တွေ့ဖို့ လိုတယ်ပေါ့။ အဲ့ဒီ့မှာ တွေ့ပြီးတော့မှ ဘာတွေ ဆွေးနွေးမယ်ဆိုတာ ညှိနှိုင်းပြီးတော့မှ မူဘောင်ဆွဲမယ်ပေါ့။ ဆွဲပြီးတော့ လွှတ်တော်က ဖြစ်ပေးမယ်ပေါ့။"

၁၂ ကြိမ်မြောက် လွှတ်တော် အစည်းအဝေးတွေကို တနင်္လာနေ့ကစပြီးတော့ ကျင်းပနေတာပါ။ အခု လွှတ်တော် အစည်းအဝေးတွေအတွင်းမှာ အရေးပါတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဥပဒေကြမ်း ကိစ္စ၊ နိုင်ငံတကာ က အာရုံစိုက်နေတဲ့ မျိုးစောင့် ဥပဒေကြမ်းတွေ အပါအဝင် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက် ဥပဒေတွေကို အတည်ပြု မှာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG