သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်း လွှတ်တော်ဆွေးနွေး


အမျိုးသားလွှတ်တော်
အမျိုးသားလွှတ်တော်

ပြည်တွင်းနဲ့ နိုင်ငံတကာက ဝေဖန်မှုတွေ ရှိနေတဲ့ ကြားက လွှတ်တော် ထဲကို ရောက်ရှိလာတဲ့ မျိုးစောင့် ဥပဒေတွေထဲက ၂ မျိုးကို အမျိုးသားလွှတ်တော် မှာ ကန့်ကွက်သူတွေ နဲ့ ထောက်ခံသူတွေ အကြား ဒီရက်ပိုင်းတွေ အတွင်း အကြေအလည် ဆွေးနွေးနေခဲ့ကြပါတယ်။ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ နဲ့ လူဦးရေ ထိန်းညှိခြင်းဆိုင်ရာ ဥပဒေတွေ ကို ဆွေးနွေးခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ နဲ့ ဥပဒေကြမ်း ကော်မတီတို့ တွေ့ဆုံပြီး ပြင်ဆင်ဖြည့်စွက် တာတွေ ဒီရက်ပိုင်းအတွင်း လုပ်ဆောင်မှာ ဖြစ်တယ်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်း ထားတဲ့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုအောင်ရဲမောင်မောင် ကပြောပြမှာပါ။

ဒီမိုကရေစံနှုန်းတွေ ပြီးတော့ လူ့အခွင့်အရေး ရပိုင်ခွင့်တွေ နဲ့ မကိုက်ညီဘူးလို့ အများဝေဖန်နေတဲ့ မျိုးစောင့် ဥပဒေတွေ ထဲက ၂ မျိုးဖြစ်တဲ့ ဘာသာ ကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေ ကြမ်း နဲ့ လူဦးရေ ထိန်းညှိခြင်းဆိုင်ရာ ဥပဒေကြမ်းတွေကို ဒီနေ့နဲ့ မနေ့တုန်းက အမျိုးသားလွှတ်တော် မှာ အခြေအတင် ဆွေးနွေးခဲ့ကြ တာပါ။ ဆွေးနွေးမှုတွေ ပြီးတဲ့နောက်မှာတော့ အမျိုးသားလွှတ်တော်မှာ ဆွေးနွေးခဲ့တဲ့ ကိုယ်စားလှယ်တွေ နဲ့ အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီက တာဝန်ရှိသူတွေ တွေ့ဆုံပြီး ဒီဥပဒေကြမ်း ၂ ခု ကို ပြင်ဆင်ဖြည့်စွက်တာတွေ ဒီရက်ပိုင်းတွေ အတွင်း လုပ်ဖို့ ရှိတယ်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် က VOA ကို ပြောပါတယ်။

" ဘာသာကူးပြောင်းခြင်းက ကျနော်တို့ ဆွေးနွေးပြီးပြီ။ ဥပဒေကြမ်းကော်မတီနဲ့ ကျနော်တို့ဆွေးနွေးတဲ့ ၁၂ယောက်နဲ့ပြန်ဆွေးနွေးရမှာပေါ့နော်။ နောက်တခုက ဒီနေ့ဆွေးနွေးတာကတော့ အများစုက ခရစ်ယာန်တွေကတော့ ဆန့်ကျင်တယ်ပေါ့ဗျာ။ ဗုဒ္ဓဘာသာထဲမှာတော့ NLD က ဦးအောင်ကြည်ညွန့်တို့လည်း ဆန့်တော့ မဆန့်ကျင်ဘူး။ အားနည်းတဲ့အချက်တွေ ထောက်ပြတာပေါ့။ အခုဒီနေ့ လူဦးရေထိန်းသိမ်းရေးဥပဒေမှာတော့ NLD က ဒေါက်တာမြင့်နိုင်က ကန့်ကွက်တယ်ခင်ဗျ။ ပြီးတော့ ခရစ်ယာန်နှစ်ယောက်ကလည်း ကန့်ကွက်ပါတယ်။ ကျန်တဲ့သူက ထောက်ခံပါတယ်။"

မျိုးစောင့် ဥပဒေတွေ ထဲမှာ ပါဝင်တဲ့ ဒီဥပဒေ ၂ မျိုးကို လွှတ်တော် မှာ ဆွေးနွေးပြီး အတည်ပြဌာန်းဖို့ ပြင်ဆင်တာဟာ လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ ကိုက်ညီ မှုမရှိဘူး ရှု့မြင်တဲ့ အကြောင်း စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီ ပါတီ (ကချင်ပြည်နယ်) ရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန် က ပြောပါတယ်။

" ဒီနေ့ ဒီအချိန်အခါ ဒီမိုကရေစီ ကူးပြောင်းလာတဲ့အချိန်အခါမှာ ပိုပြီးတော့ လွတ်လပ်မှု၊ ပွင့်လင်းမှု ပိုပြီးတော့ ပေးလာတဲ့အချိန်အခါမှာ ဒီဟာကတော့ ဒီအချိန်အခါကတော့ မလိုအပ်သေးဘူးလို့ ထင်တာပဲ။ ဒီအချိန်အခါမှာ တယောက်နဲ့တယောက် ဝိဝါဒ ကွဲပြားစရာလေးတွေ၊ တယောက်နဲ့ တယောက် နားမလည်မှုလေးတွေ၊ ပိုပြီးတော့ ဖြစ်ပေါ်စေနိုင်တဲ့ အနေအထား များ ဖြစ်လာမလား။ အခက်အခဲ သူ့အတိုင်းအတာနဲ့သူ ဖြစ်လာမလား၊ အဲ့လိုသုံးသပ်တယ်ပေါ့လေ။"

၂ဝဝ၇ ရွှေဝါရောင် သံဃာအရေးအခင်း အပြီး မှာ ဖွဲ့စည်းခဲ့တဲ့ ရွှေဝါရောင် သံဃာတော်များ ကွန်ယက်ရဲ့ ဦးဆောင် ဆရာတော် ဘန္တဒ္ဒ ဦးပဏ္ဏဝံသ က တော့ ဘာသာရေး နဲ့ မိမိ ရဲ့ စိတ်နဲ့ သာ သက်ဆိုင်တာကြောင့် ဥပဒေ ပြဌာန်းပြီးတော့ ပြောင်းခိုင်းဖို့ မသင့်တော်ဘူးလို့ သူကမိန့်ပါတယ်။

" ဒီဘာသာကူးပြောင်းရေးနဲ့ပတ်သက်လို့က အရမ်းကို နက်ရှိုင်းတယ်ပေါ့။ ဘာလို့တုန်းဆိုတော့ ကျုပ်တို့တွေက ထေရဝါဒ ဗုဒ္ဓသာသနာ သွားပုံ စနစ်ကို ကြည့်မယ်ဆိုလို့ရှိရင် အိန္ဒိယကို နမူနာ ယူလို့ရတာပေါ့နော်။ သီရိဓမ္မာ အာသောက မင်းကြီးဟာ သူသြဇာ အာဏာညောင်းတဲ့အချိန်မှာ ဗြဟ္မဏတွေကို အမိန့်အာဏာနဲ့ ဗုဒ္ဓဘာသာထဲ ဝင်ဖို့ ဆိုပြီးတော့ သူကပြောတယ်။ မဝင်တဲ့သူ သတ်မယ်ဆိုတော့ အသတ်ဘေးအန္တရာယ်ကို စိုးရွံ့ပြီးတော့ ဗုဒ္ဓဘာသာ ထဲ ဝင်လာကြတယ်။ တကယ်တမ်းကျတော့ ရင်ထဲ နှလုံးထဲမှာ ဗုဒ္ဓဆိုတာ မရှိဘူးလေ။ ပြီးတော့ အိုမင်းပြီး အရွယ်ရင့်လာတော့ သူ့ရဲ့ သြဇာအာဏာ အချိန် ကျတဲ့အခါကျတော့ အဲ့ဒီ့ ဗြဟ္မဏတွေက သူ့ရဲ့သားကို ဘုရင်တင်လိုက်တယ်။ အဲ့ဒီ့အချိန်ကစလို့ ဇီးဖြူသီး တစ်လုံးပဲ သူ့ရဲ့ပိုင်ဆိုင်မှု ရှိတော့တယ်။ အဲ့ဒီ့အချိန်ကစလို့ အိန္ဒိယနိုင်ငံမှာ ထေရဝါဒ ဗုဒ္ဓဘာသာ သာသနာ ကွယ်ပျောက်ခဲ့တာဟာ အဓိက သေသေချာချာပြောမယ် ဆိုရင်တော့ အမိန့်အာဏာနဲ့ အတင်းအဓမ္မ ဘာသာကူးပြောင်းခိုင်း လို့ဖြစ်တယ်ဆိုတာကို အထောက်အထားရှိတယ်လေ။"

လူ့အခွင့်အရေး လှုပ်ရှားသူ တစ်ချို့ကလည်း အခုလွှတ်တော်ထဲ ရောက်နေတဲ့ မျိုးစောင့် ဥပဒေ ကြမ်း ၄ မျိုးကို ဥပဒေ အဖြစ် အတည်ပြု သင့်မသင့် ပြန်လှန် သုံးသပ်ဖို့ လွှတ်တော်ကို ကန့်ကွက်စာတွေ ပေးပို့ထားတာတွေလည်း ရှိပါတယ်။

ကျား၊မ တန်းတူညီမျှရေးကွန်ယက်က ဒါရိုက်တာ တစ်ဦး ဖြစ်တဲ့ မမေစံပယ်ဖြူ ကတော့ အခုလွှတ်တော်ထဲမှာ ပြဌာန်းဖို့ လုပ်နေတဲ့ မျိုးစောင့် ဥပဒေကြမ်းတွေ နဲ့ ပတ်သက်ပြီး သူ့အမြင်ကို အခုလို ထုတ်ဖော်ပြောဆိုပါတယ်။

"ကိုးကွယ်ရာ ဘာသာပဲဖြစ်ဖြစ် သားသမီးဘယ်နှစ်ယောက် ယူမယ် မယူဘူးဆိုတာပဲဖြစ်ဖြစ်ပေါ့နော်။ ဘယ်သူနဲ့အိမ်ထောင်ပြုမယ် မပြုဘူးဆိုတာ ဖြစ်ဖြစ် လူတွေဟာ လူတစ်ဦးတစ်ယောက်ခြင်း နဲ့ပဲ ဆိုင်တယ်။ လူတစ်ဦးတစ်ယောက်ခြင်းစီရဲ့ Private Life ပဲဖြစ်တယ်။ အဲ့တာတွေကို ကျမတို့က ဥပဒေနဲ့ကန့်သတ်ပြဌာန်းလို့မရပါဘူး။"

မျိုးစောင့် ဥပဒေကြမ်း ၄ မျိုးထဲက ၂ မျိုးဖြစ်တဲ့ ကိုးကွယ်ရာ ဘာသာ ကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေကြမ်း နဲ့ လူဦးရေ ထိန်းညှိခြင်းဆိုင်ရာ ဥပဒေကြမ်း တွေကို အမျိုးသား လွှတ်တော် မှာ ဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော် မှာ ဆွေးနွေးဖို့ ရှိတဲ့ နောက်ထပ် မျိုးစောင့် ဥပဒေ ၂ ခု ကတော့ တစ်လင် တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကြမ်းနဲ့မြန်မာအမျိုးသမီးများ လက်ထပ် ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းတွေဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပြဌာန်းဖို့ လွှတ်တော်က စဉ်းစားနေတဲ့ မျိုးစောင့် ဥပဒေတွေ နဲ့ ပါတ်သက်ပြီး USCIRF နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် ဆိုင်ရာ အမေရိကန် ကော်မရှင်က ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ကြောင်း ဇန်နဝါရီလ ၂၂ ရက် ကြာသပတေးနေ့မှာ ကြေညာချက် ထုတ်ပြန် ပြောဆိုခဲ့သလို၊ ကုသမဂ္ဂ အပါအဝင်၊ နိုင်ငံတကာလူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့တွေကလည်း ဒီဥပဒေ ပြဌာန်းဖို့ ပြင်ဆင်ကတည်းက ကန့်ကွက်ပြောဆိုနေကြတာပါ။

XS
SM
MD
LG