သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဒေးကျွန်းဆန္ဒပြပွဲ ဦးဆောင်သူတွေ တရားစွဲဆိုခံရ


(ဓာတ်ပုံ - CNPC Website)
(ဓာတ်ပုံ - CNPC Website)
ရွှေသဘာဝ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကြောင့် နစ်နာဆုံးရှုံးမှုတွေကို တောင်းဆို ဆန္ဒပြခဲ့တဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ မဒေးကျွန်းပေါ်က ဆန္ဒပြပွဲမှာ ဦးဆောင်ခဲ့သူတွေကို ပထမဆုံးအကြိမ် တရားရုံးတင် စစ်ဆေးနေပါတယ်။ မဒေးကျွန်း ကိစ္စအပါအဝင် ရခိုင်ပြည်နယ်တွင်းက လယ်ယာသိမ်းမှုတွေအတွက် လယ်ယာသိမ်း စုံစမ်းစစ်ဆေးရေးကော်မရှင်က စုံစမ်းစစ်ဆေးမှုတွေ ကြန့်ကြာနေချိန်မှာပဲ ကန့်ကွက်မှုတွေ ကြီးထွားလာနေရတာပါ။ မဒေးကျွန်းက နောက်ဆုံး အခြေအနေတွေကိုတော့ စုံစမ်းထားတဲ့ မဆုမွန်က တင်ပြထားပါတယ်။

တရားဝင် ခွင့်ပြုချက်မရဘဲ ဆန္ဒပြခဲ့တယ်ဆိုပြီး ပုဒ်မ ၁၈ ကို ဖောက်ဖျက်ကျူးလွန်မှုနဲ့ မဒေးကျွန်းဒေသခံ ၁၀ ယောက်ကို မြို့နယ်ရဲမှူး ဦးကျော်ဋ္ဌေးက တရားလိုအဖြစ် စွဲချက်တင်ပြီး ကျောက်ဖြူတရားရုံးမှာ ဒီကနေ့ စတင်တရားစွဲဆိုလိုက်တာ ဖြစ်ပါတယ်။

ဒေသခံ ရဲစခန်းမှူးအပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူတွေက မဒေးကျွန်းရွာသား ၁၀ ဦးကို တရားစွဲဆိုခဲ့တာလို့ ကိုယ်တိုင် တရားစွဲဆိုခြင်းခံခဲ့ရတဲ့ မဒေးကျွန်းရွာသား ဦးထွန်းကြည်က ပြောပါတယ်။

“ကျနော်တို့ကို ဆန္ဒပြခွင့်မပေးဘဲနဲ့ ဆန္ဒထုတ်ဖော်တဲ့အတွက်ကြောင့် ပုဒ်မ ၁၈ ကို ကျူးလွန်တယ်ဆိုပြီးတော့ ကျနော်တို့ကို တရားစွဲတာပါ။ ၁၆ ရက်နေ့ တရားရုံး ပြန်ချိန်းတယ်။ အဲ့ဒီနေ့ စစ်ချက်စယူမယ်။ အဲ့ဒီမှာ ၁၆ ရက်နေ့မှာ စုံစုံညီညီနဲ့ တရားရုံးကို လာပြီးတော့ အစစ်ခံရမယ်။ တကယ်လို့များ ပျက်ကွက်ခဲ့မယ်ဆိုရင် ခိုင်လုံတဲ့ အကြောင်းပြချက်တခုရှိမှသာ ပျက်ကွက်လို့ရမယ်။ အဲ့လိုပုံစံမျိုး ပျက်ကွက်ခဲ့သည်ရှိသော် ဥပဒေအတိုင်း ဆောင်ရွက်ရမယ်ဆိုပြီးတော့ တရားသူကြီးက ပြောပြပါတယ်။”

ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် မဒေးကျွန်းကိုဖြတ်ပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို သွယ်တန်းဖောက်လုပ်ထားတဲ့ ရွှေသဘာဝ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကြောင့် နစ်နာဆုံးရှုံးခဲ့ရသလို ဒေသခံတွေ မိရိုးဖလာ လုပ်ကိုင်ကြတဲ့ လယ်လုပ်ငန်းနဲ့ ငါးဖမ်းခွင့်တွေ ပြန်လည်ရရှိရေး တောင်းဆို ဆန္ဒပြခွင့် တရားဝင်ရဖို့ သက်ဆိုင်ရာကို ခွင့်တောင်းခဲ့ပေမဲ့ ခွင့်ပြုမိန့် မရခဲ့ရာက ရာနဲ့ချီတဲ့ ဒေသခံတွေ မကြာသေးခင် သီတင်းပတ်တွေက ကိုယ့်သဘောနဲ့ကိုယ် စုဝေးပြီး တောင်းဆိုဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ဒီအတွက်လည်း ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြမှုတွေနဲ့ ဆက်နွယ်ပြီး အာဏာပိုင်တွေက အရေးယူဖို့ ပြင်ဆင်လာကြတာလို့ ဦးထွန်းကြည်က ဆိုပါတယ်။

“ကျနော်တို့ဘက်ကတော့ ဥပဒေက သတ်မှတ်ထားတဲ့အတိုင်း ကျနော်တို့က တင်ပါတယ်။ ကျနော်တို့ဒေသမှာ အမှန်တကယ် ဖြစ်ပျက်နစ်နာနေတဲ့ ဒေသခံတွေရဲ့ အခွင့်အရေး ဆုံးရှုံးနေတဲ့ လယ်ဧကတွေကို ကျနော်တို့က ပြန်လိုချင်ပါတယ်။ ကျနော်တို့ဒေသမှာ ဒီလောက် ကြီးကျယ်ခမ်းနားတဲ့ စီးပွားရေးလုပ်ငန်းတွေ လာလုပ်တယ်။ ဒေသခံတွေကကျတော့ အကျိုးမရှိတဲ့အပြင် ဒေသခံတွေဘက်က အကျိုးယုတ်တယ်။ အဲ့ဒီကိစ္စကို ကျနော်တို့ နိုင်ငံတော် သမ္မတကြီးထံကို ဒေသခံတွေရဲ့ ခံစားချက်တွေကို သိရှိစေချင်တယ်။ ကျနော်တို့ဘက်က ဒီလို မလုပ်လို့ရှိရင်လည်း ကျနော်တို့ဘက်က ကူညီဖြေရှင်းပေးနိုင်တဲ့သူ မရှိဘူး။”

ပြီးခဲ့တဲ့လထဲ စီမံကိန်းကို ပူးတွဲ အကောင်အထည် ဖော်နေတဲ့ တရုတ်ကုမ္ပဏီရုံးရှေ့မှာ ရာနဲ့ချီတဲ့ ရွာသားတွေ စုပေါင်း ဆန္ဒပြပွဲမှာ ခေါင်းဆောင်ခဲ့သူတွေအဖြစ် တရားစွဲဆို လိုက်တဲ့နေ့မှာပဲ တခြားဒေသခံတွေက စုဝေးလာကြတဲ့အတွက်လည်း တရားရုံးလုပ်ငန်းတွေကို အကျဉ်းချုံး ဆောင်ရွက်ခဲ့တယ်လို့ ဦးထွန်းကြည်က ပြောပါတယ်။

“ဒီနေ့ဆိုရင် ကျနော်တို့ ရွာသား ၁၀ ယောက်ကို ရုံးတင်တယ်ဆိုပြီး ရွာက ဒေသခံတွေ လိုက်လာတယ်။ လူ ၆၀၀ လောက် မြို့ပေါ်မှာ စီတန်းပြီးလျှောက်တယ်။ ရွာသူရွာသားတွေနဲ့ ထိပ်တိုက်မတိုးအောင်၊ ရွာကလူတွေမရောက်ခင် ကျနော်တို့ကို အမြန်ပြီးအောင်လုပ်တယ်။ ပြီးတာနဲ့ တရားရုံးကနေ ကျနော်တို့ကို ပြန်လွှတ်တယ်။ ရွာကလူတွေတွေ့ရင် ဒီရုံးဘက်ကို မလာပါစေနဲ့။ ချက်ချင်းပြန်ထွက်ပါဆိုပြီး အမိန့်ပေး တယ်။”

ရခိုင်ပြည်နယ်တွင်း လယ်ယာနဲ့ တခြားမြေ သိမ်းဆည်းခံရမှုတွေအတွက်ကိုတော့ လွှတ်တော်က စုံစမ်းရေးကော်မရှင်တရပ်နဲ့ စစ်ဆေးနေတာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်တွင်း လယ်ယာမြေသိမ်းခံရတဲ့ ပြဿနာတွေကို ကွင်းဆင်းလေ့လာ စစ်ဆေးနေတဲ့ ကော်မရှင် အဖွဲ့ဝင်တဦးဖြစ်သူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကတော့ သက်ဆိုင်ရာ ဒေသခံအစိုးရတွေအနေနဲ့ ဒေသခံတွေရဲ့ မကျေနပ်ချက်တွေကို ဖြေရှင်းပေးဖို့ ကြိုးပမ်းရာမှာ နှောင့်နှေးမှုတွေကြောင့် အခုလို ပြဿနာတွေ ကြီးထွားလာရတာလို့ ပြောပါတယ်။

“ရခိုင်ပြည်နယ်ဆိုရင် ပထမအကြိမ်၊ ဒုတိယအကြိမ် ကောက်ပြီးပါပြီ။ အခု တတိယအကြိမ် ကျနော်တို့ ကွင်းဆင်းပြီးတော့ စစ်ဆေးနေတယ်။ ဒါပေမဲ့ ပထမနှစ်ခေါက်ရဲ့ ဆုံးဖြတ်ချက်တွေကလည်း ဒီနေ့ထက်ထိ အစိုးရအဖွဲ့က အကောင်အထည် မဖော်သေးဘူး။ လယ်သမားတွေရဲ့ ပြဿနာတွေကို ဖြေရှင်းပေးရမှာ တာဝန်ရှိပါတယ်။ ဒါပေမဲ့ အခုထိ ဆုံးဖြတ်ချက်တွေက မထွက်တော့ စုံစမ်းရေးကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေကို အစိုးရအဖွဲ့က မြန်မြန်ဆန်ဆန်နဲ့ ပထမဆုံးအနေနဲ့ အဆုံးအဖြတ်ပေးသင့်တယ်လို့ ထင်ပါတယ်။”

အခုလို စီမံကိန်းအတွက် လယ်ယာသိမ်းခံရတဲ့ လယ်သမားတွေက သူတို့ရဲ့ ဆုံးရှုံးနစ်နာမှုတွေအတွက် လက်နက်ကိုင်ဆောင်ခြင်းမရှိဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြကြတာဟာ ပြည်သူတွေရဲ့ ရပိုင်ခွင့် အခွင့်အရေး ဆုံးရှုံးနေရတဲ့အတွက် တောင်းဆိုကြတာဖြစ်တဲ့အတွက် အခုလို တရားစွဲဆို အရေးယူမှုဟာ မှန်ကန်တဲ့ဖြေရှင်းမှု မဟုတ်ဘူးလို့ ဦးဖေသန်းက မြင်ပါတယ်။

ဒေသခံတွေကတော့ စီမံကိန်းအတွက် မြေယာသိမ်းဆည်းမှုတွေမှာ နစ်နာဆုံးရှုံးမှုအတွက် လုံလောက်တဲ့ လျော်ကြေးရရှိရေး၊ လယ်သမားတွေအတွက် လယ်လုပ်ကွက်အသစ် ဖော်ဆောင်ပေးရေး၊ လွတ်လပ်စွာ ငါးဖမ်းခွင့်ပေးဖို့နဲ့ ရေနံတင် သင်္ဘောတွေကြောင့် ဒေသခံတွေ ထိခိုက်နစ်နာနေရတာတွေကို တာဝန်ယူပေးရေး စတာတွေအတွက် ဆက်ပြီးတော့ ဆန္ဒပြတောင်းဆိုသွားဖို့ ရည်ရွယ်ထားတယ်လို့လည်း ပြောပါတယ်။

၂၀၁၁ ခုနှစ်ကစပြီး ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ မဒေးကျွန်းပေါ်ကို ဖြတ်သန်းပြီး တရုတ်နိုင်ငံကို တင်ပို့မယ့် ရေနံနဲ့ သဘာဝပိုက်လိုင်းစီမံကိန်းကိုတော့ တရုတ်နိုင်ငံက CNPC နဲ့ မြန်မာနိုင်ငံတို့ ပူးတွဲ အကောင်အထည် ဖော်နေတာပါ။ မဒေးကျွန်းဟာ ဆိုရင်တော့ ရခိုင်ပြည်နယ်ကို ဖြတ်သန်း သွယ်ဖောက်မယ့် စီမံကိန်းရဲ့ အဓိက အစိတ်အပိုင်းတခု ဖြစ်နေတဲ့အတွက်လည်း အခုလို ပြဿနာတွေ ကြုံနေရတာ ဖြစ်ပါတယ်။
XS
SM
MD
LG