သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းအန္တရာယ်အတွက် ရခိုင်ဒေသခံတွေ စတင်ပြင်ဆင်


(ဓာတ်ပုံ - ဦးထွန်းလွင် မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားရေးမှူးဟောင်းရဲ့ အင်တာနက်စာမျက်နှာ) http://www.tunlwin.com/latestdetail.php?myanmar=1436)
(ဓာတ်ပုံ - ဦးထွန်းလွင် မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားရေးမှူးဟောင်းရဲ့ အင်တာနက်စာမျက်နှာ) http://www.tunlwin.com/latestdetail.php?myanmar=1436)
မဟာစင်ဆိုင်ကလုန်းမုန်တိုင်း ဟာ မြန်မာနိုင်ငံဘက်ဆီ ဝင်လာမယ်ဆိုရင် ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းဒေသကိုဖြတ်ပြီး ဝင်လာနိုင်ခြေရှိတယ်လို့ မိုးလေဝသ ပညာရှင်တွေက ခန့်မှန်းထားပါတယ်။ အားလုံးဟာ မုန်တိုင်းအခြေအနေကို မပြတ် စောင့်ကြည့်နေကြပြီး လိုအပ်တဲ့ ပြင်ဆင်မှုတွေကိုလည်း လုပ်ထားပြီးတာကြောင့် အရင်အချိန်တွေကထက် ပြင်ဆင်မှု အား ကောင်းပါတယ်လို့ ရခိုင်ပြည်နယ်အစိုးရ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အပြည့်အစုံကို ရန်ကုန်ရုံးကနေ ကိုကျော်ကျော်သိန်း က သတင်းပေးပို့ထားပါတယ်။

မဟာစင်မုန်ုတိုင်းဟာ လွန်ခဲ့တဲ့ ၃ နာရီနီးပါး အချိန်ပိုင်းကအထိ မြန်မာနိုင်ငံဘက်ဆီ ဦးတည်မနေသေးပေမဲ့လည်း ပြန်လှည့်လာနိုင်တယ်လို့ မိုးလေဝသ ပညာရှင်တွေက ခန့်မှန်းထားတာပါ။ တကယ်တမ်း ဝင်လာမယ်ဆိုရင်တော့ ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းဒေသဟာ အန္တရာယ်ရှိမှုအဆင့် အများဆုံးဖြစ်ပြီး ပြင်ဆင်မှု အဆင့်အနေနဲ့လည်း သတိပေးအဆင့် သတ်မှတ်ထားပါတယ်။

အခု အသံလွှင့်ချိန်ထိ မုန်တိုင်းတည်ရှိနေတဲ့ အနေအထားကိုတော့ မုန်တိုင်းကို မပြတ်စောင့်ကြည့်နေတဲ့ မိုးလေဝသပညာရှင် ဦးထွန်းလွင် က ဗွီအိုအေ ကို အခုလို ရှင်းပြပါတယ်။

“မုန်တိုင်းက လောလောဆယ်မှာတော့ အိန္ဒိယဘက် ရောက်တဲ့နေရာမှာရှိတယ်။ ဒါပေမဲ့ ဒီကောင် ပြန်ကွေ့လိမ့်မယ်လို့ ကျနော့်အနေနဲ့ မှန်းတယ်ဗျာ။ မှန်းလို့ အဲ့ဒါကို စောင့်ကြည့်တဲ့အခါမှာ ကွေ့ဖို့များနေတယ်။ လောလောဆယ် အနောက်မြောက်ဘက်ကနေ မြောက်ဘက်သွားတဲ့အဆင့်ကို ရောက်နေပြီ။ ညပိုင်းလောက်ကျရင်တော့ အရှေ့မြောက်ဘက်ကို သူ ထပ်ကွေ့မယ်။ အဲ့ဒီကွေ့ပြီးတဲ့နောက်ပိုင်း ကျနော်တို့ရှိတဲ့ဘက်ကို ဝင်မယ်။ လောလောဆယ် ကျနော်တို့ ခန့်မှန်းထားတာကတော့ ဒါ ဘင်္ဂလားဒေ့ရှ်ကို အဓိက ခန့်မှန်းပါတယ်။ ဒါပေမဲ့ မြန်မာပြည်လည်း ပါနေတော့ မြန်မာပြည်အတွက်လည်း ကျနော်တို့ စောင့်ကြည့်မှရမယ်။ ဒါ မုန်တိုင်းဟာ အရှေ့ဘက်ကို ပြန်လာမှ ကျနော်တို့က ကျနော်တို့နဲ့ဆိုင်တာ ဖြစ်ပါမယ်။ လောလောဆယ်တော့ မြောက်ဘက်သွားနေတုန်းပဲ ရှိပါသေးတယ်။ မှန်းတာကတော့ မြောက်ပြီးရင် အရှေ့မြောက်ဆိုတော့ ဒီကနေ့ညလောက် စကွေ့လိမ့်မယ်လို့ ထင်ပါတယ်။”

နောက်ဆုံး တွက်ထားတာအရကတော့ ကုန်းတွင်းပိုင်း ဝင်ခါနီးမှာ မုန်တိုင်းဟာ အားပျော့သွားလိမ့်မယ်လို့ ဦးထွန်းလွင်က ပြောပါ တယ်။ တနင်္သာရီကမ်းရိုးတန်းနဲ့ မွန်ကမ်းရိုးတန်းတွေအတွက် အန္တရာယ်ပေးအဆင့်မရှိဘဲ စောင့်ကြည့်အဆင့် သတ်မှတ်ထားပြီး မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းအတွက် အန္တရာယ်ပေးအဆင့် နည်းပါးတဲ့ နှိုးဆော်အဆင့် သတ်မှတ်ထားသလို ရခိုင်ကမ်းရိုးတန်း တောင်ပိုင်းအတွက်ကိုတော့ အသင့်အတင့် အန္တရာယ်ရှိနိုင်တဲ့အဆင့်နဲ့ နှိုးဆော်အဆင့်အဖြစ် ဦးထွန်းလွင်က သတ်မှတ်ထားပါတယ်။

မုန်တိုင်းဒဏ်ခံရနိုင်ခြေအရှိဆုံး ဒေသတွေကတော့ ရခိုင်ပြည်နယ်က မောင်တောနဲ့ ဘူးသီးတောင်ဒေသတွေဖြစ်တယ်လို့ ဦးထွန်းလွင် က ပြောပါတယ်။
ဆိုင်ကလုန်းမုန်တိုင်းရဲ့ လက်ရှိအခြေအနေဟာ အဝါရောင်အဆင့်ပဲ ရှိပေမဲ့ နောက်ဆုံးတိုင်းထွာရရှိတဲ့ ခန့်မှန်းချက်အရ မေလ ၁၆ ရက်နေ့ ညပိုင်းလောက်မှာ မြန်မာနိုင်ငံ (ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း) ကမ်းခြေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေဒေသတွေဆီ ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက ခန့်မှန်းထားပါတယ်။

ရခိုင်ပြည်နယ်ဟာ မကြာခနဆိုသလို မုန်တိုင်းဒဏ်ကျရောက်လေ့ရှိတဲ့ ဒေသဖြစ်တာကြောင့် မုန်တိုင်းအန္တရာယ်ကာကွယ်ရေး လေ့ကျင့်သတိပေးမှုတွေ လုပ်ထားပြီးဖြစ်သလို တာဝန်ရှိသူတွေက အဆက်မပြတ် လှည့်လည် ဆော်သြနေတယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ သတင်းပြန်ကြားရေးတာဝန်ခံ ဦးဝင်းမြိုင်က ပြောပါတယ်။

“ဖြစ်ခဲ့တဲ့နေရာတွေ၊ ဖြစ်နိုင်စွမ်းရှိတဲ့ နေရာတွေကိုတော့ ကြိုတင်တော့ ပြောထားတာပေါ့။ ကျောက်ဖြူဘက်ဆိုရင်လည်း သင်္ဘောတွေ၊ လှေတွေကို ကျနော်တို့ ကြိုတင်စီစဉ်ထားတဲ့ ပုန်းလို့ရတဲ့ ချောင်းငယ်လေးတွေ၊ အဲ့ဒီထဲကို ကျနော်တို့က ကြိုတင်ပြီး သွင်းထားပါတယ်။ ကျန်တဲ့အိမ်တွေကိုတော့ အဲ့လိုပေါ့ သက်ဆိုင်ရာ သူတို့အိမ်တွေကိုလည်း အရင်လည်း ခဏခဏဖြစ်နေတယ်ဆိုတော့ ဘယ်လိုလုပ်ရမယ်ဆိုတာလည်း သူတို့သိပါတယ်ခင်ဗျ။ ပြီးတော့ ဘယ်လိုနေရာမှာ ခိုဖို့၊ ပုန်းဖို့ဆိုတာလည်း ကျနော်တို့ ဆက်တိုက် လေ့ကျင့်ထားတာတွေလည်း ရှိပါတယ်။ WFP က ပေးထားတဲ့ ရိက္ခာတွေလည်း ရှိပါတယ်။ နောက် ကြက်ခြေနီမှာလည်း ရှိပါတယ်။ အဲ့ဒီနေရာတွေကို သွားဖို့လည်း ကြက်ခြေနီတို့ မီးသတ်တပ်ဖွဲ့တို့ ရဲတပ်ဖွဲ့တို့နဲ့ NGO အဖွဲ့တွေက ပူးပေါင်းဆောင်ရွက်လေ့ ရှိပါတယ်ခင်ဗျ။”

ပြီးခဲ့တဲ့ ၃ နာရီဝန်းကျင် အချိန်ပိုင်း မောင်တောမြို့အခြေအနေကတော့ မိုးမရွာ၊ လေမတိုက်ဘဲ နေလို့ထိုင်လို့ မရလောက်အောင် ပူအိုက်နေတယ်လို့ မောင်တောမြို့နယ်၊ ဗဟိုကျောင်းဆရာတော်က မိန့်ကြားပါတယ်။ မုန်တိုင်းဒဏ် သင့်နိုင်ခြေရှိတဲ့ နေရာဒေသ တွေက လူထုကို ဘေးလွတ်ရာဆီ ရွှေ့ပြောင်ပေးနေပြီလို့လည်း ဆရာတော်က မိန့်ပါတယ်။

“မြစ်ဘေးမှာရှိနေတဲ့ အိမ်တွေကို မြေမြင့်တဲ့ တောင်ပေါ်ဘက်ကို ဦးဇင်းတို့ ရွှေ့နေပါတယ်။ မနေ့က စပြီးတော့ ရွှေ့ပါတယ်။ မြေမြင့်တဲ့နေရာရယ်၊ တောင်ကြားမှာရှိနေတဲ့ ရွာတွေဆီကို ရွှေ့ပါတယ်။ နောက်ပြီးတော့ အဲ့ဒီမှာ တောင်ကြားမှာရှိတဲ့ တပ်တွေကို ရွှေ့၊ စခန်းတွေကို ရွှေ့ ရွှေ့ပါတယ်။ မြို့ပေါ်မှာလည်း စပီကာနဲ့ လိုက်ပြီးတော့ အော်နေပါတယ်။ မကောင်းအိမ်တဲ့တွေဆိုရင်လည်း ကောင်းတဲ့အိမ်တွေမှာ တက်နေကြဖို့၊ အုတ်တိုက်တွေ၊ အဲ့လို ခိုင်ခံ့တဲ့ အိမ်တွေမှာ ရွှေ့ပြီးတော့ နေကြဖို့၊ ဘုန်းကြီးကျောင်းတွေမှာ ရွှေ့ပြီးတော့ နေ ကြဖို့၊ နေမယ့်နေရာ မရှိဘူးဆိုရင် အစိုးရကနေပြီးတော့ ကားနဲ့ ဒုက္ခသည်စခန်းတို့ကို ပြောင်းရွှေ့ပေးဖို့ဆိုပြီးတော့ အကုန်လုံး စီစဉ်နေပါတယ်။”

မြို့ပေါ်က ကြက်ခြေနီတပ်ဖွဲ့တွေ၊ မြို့သူမြို့သား အသင်းအဖွဲ့တွေကလည်း ကူညီ ကယ်ဆယ်ရေးတွေ လုပ်ဆောင်ဖို့ ပြင်ဆင်ထား ပြီးပြီလို့ ဆရာတော်က မိန့်ကြားခဲ့ပါတယ်။

မုန်တိုင်းအန္တရာယ်နဲ့ပတ်သက်ရင် မေလဟာ မြန်မာနိုင်ငံသူ နိုင်ငံသားတွေအတွက် အမှတ်ရစရာတွေနဲ့ ပြည့်နေတဲ့လတစ်ခုပါ။ ၂၀၀၈ ခုနှစ်၊ မေလက နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြီး အပြင်းအထန် တိုက်ခိုက်ခဲ့တဲ့အတွက် လူပေါင်း ၁ သိန်း ၄ သောင်းကျော် သေဆုံး ခဲ့ရပြီး ထောင်ပေါင်းများစွာ အိုးအိမ်မဲ့ဖြစ်ခဲ့ကြရပါတယ်။ နာဂစ်မုန်တိုင်းဒဏ်သင့်ဒေသတွေနဲ့ လူထုတွေအတွက် ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေကို ဒီနေ့အချိန်ထိ လုပ်ဆောင်နေရဆဲ ရှိပါတယ်။
XS
SM
MD
LG