သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်ကုမ္ပဏီတွေ ပိုမို ရင်းနှီးမြှုပ်နှံဖို့ မြန်မာ ဖိတ်ခေါ်


မဲခေါင်ဒေသ အဖွဲ့ဝင်နိုင်ငံတွေနဲ့ ဂျပန်နိုင်ငံတို့ရဲ့ ထိပ်သီး အစည်း အဝေးပွဲ တက်ရောက်လာသူတွေရဲ့ ညစာစားပွဲ ။ (ဇူလိုင် ၃၊ ၂၀၁၅)
မဲခေါင်ဒေသ အဖွဲ့ဝင်နိုင်ငံတွေနဲ့ ဂျပန်နိုင်ငံတို့ရဲ့ ထိပ်သီး အစည်း အဝေးပွဲ တက်ရောက်လာသူတွေရဲ့ ညစာစားပွဲ ။ (ဇူလိုင် ၃၊ ၂၀၁၅)

ဂျပန်နိုင်ငံ အနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုလုပ်ဆောင်သွားဖို့ မဲခေါင်ဒေသ အဖွဲ့ဝင်နိုင်ငံတွေနဲ့ဂျပန်နိုင်ငံတို့ရဲ့ ထိပ်သီး အစည်း အဝေးပွဲ တက်ရောက်ဖို့ တိုကျိုမြို့ကို ရောက်နေတဲ့ သမ္မတ ဦးသိန်းစိန်က တိုက်တွန်း လိုက်ပါတယ်။ ဒါပေမယ့်လည်း မြန်မာနိုင်ငံမှာ ဂျပန်နိုင်ငံ အနေနဲ့ ရင်းနှီးမြှုပ်နှံဖို့အတွက် လက်တွေ့မှာ စိန်ခေါ်မှုတွေ ရှိနေဆဲ ဖြစ်တယ်လို့ ဂျပန်-မြန်မာအရေး အကဲခတ်တွေက မြင်ကြပါတယ်။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

မြန်မာ သမ္မတ ဦးသိန်းစိန်ဟာ ၇ ကြိမ်မြောက် မဲခေါင်-ဂျပန် ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ဖို့ ဇူလိုင် ၂ရက်နေ့က တိုကျိုမြို့ကို ရောက်ရှိ နေတာဖြစ်ပါတယ်။ မဲခေါင်ဒေသ အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံခေါင်းဆောင်တွေနဲ့ ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့ဟာ မနက်ဖြန် ဇူလိုင် ၄ရက်နေ့ တိုကျိုမြို့မှာ ထိပ်သီးအစည်းဝေးပွဲ ကျင်းပဖို့ရှိပြီး ၊ ဒီကနေ့မှာတော့ မဲခေါင်ဒေသ အဖွဲ့ဝင် နိုင်ငံခေါင်းဆောင်တွေနဲ့ ဂျပန်စီးပွား ရေးလုပ်ငန်းရှင်ကြီးတွေ သီးသန့် ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာနိုင်ငံ တနင်္သာရီတိုင်းမှာ ဂျပန်-ထိုင်း-မြန်မာ ၃နိုင်ငံက ဖက်စပ် လုပ်ဆောင်နေတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်း စီးပွားရေးဇုံ စီမံကိန်းဟာ မဲခေါင်ဒေသ ဖွံ့ဖြိုးရေးအတွက်ပါ အရေးပါကြောင်း သမ္မတ ဦးသိန်းစိန်က ဂျပန်စီးပွားရေး လုပ်ငန်းရှင်ကြီးတွေနဲ့ ဆွေးနွေးပွဲအတွင်း ပြောဆို သွားပါတယ်။

"၂၀၁၅ခုနှစ်အကုန်မှာ အပြီးသတ်ထူထောင်ရန် ရည်ရွယ်ထားတဲ့ အာဆီယံ စီးပွားရေး အသိုက်အဝိုင်းအတွက် ကြီးမားစွာ အထောက်အကူဖြစ်စေမယ့် မဲခေါင်ဒေသခွဲ ဝန်းကျင်ဒေသတွင်း ချိတ်ဆက်မှုကို မြှင့်တင်ကာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပေါင်းစီးမှုကို တိုးမြှင့်ပေးမယ့် ထားဝယ် အထူးစီးပွားရေး စီမံကိန်းရဲ့ အရေးပါမှုကို မိမိတို့ သုံးနိုင်ငံလုံးက အသိအမှတ်ပြုထားပါတယ်။"

ဂျပန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုပြီးလုပ်ဆောင်ပေးဖို့ဂျပန်အစိုးရ ရုပ်သံလွှင့်ဌာနဖြစ်တဲ့ NHK နဲ့ ကြာသာပတေးနေ့ တုန်းကပြုလုပ်တဲ့ သီးသန့်မေးမြန်းခန်းမှာ သမ္မတ ဦးသိန်းစိန်က တိုက်တွန်း သွားပါတယ်။ မြန်မာနိုင်ငံ မှာ ရင်းနှီးမြှုပ်နှံကြတဲ့ နိုင်ငံခြားတိုင်းပြည် တွေထဲမှာ ဂျပန်နိုင်ငံဟာ အဆင့် ၁၂ မှာသာ ရှိတယ်လို့ မြန်မာအစိုးရက ထုတ်ပြန်တဲ့ ကြေညာချက် မှာ ဖေါ်ပြထားတာပါ။

ဂျပန် စီးပွားရေး ကုမ္ပဏီတွေအနေနဲ့ ဂျပန်နိုင်ငံမှာရင်းနှီးမြှုပ်နှံဖို့ လက်တွန့်နေရတာဟာ မြန်မာနိုင်ငံရဲ့အခြေအနေတွေကြောင့်ဖြစ်တယ်လို့ ဂျပန်-မြန်မာအရေးလေ့လာနေတဲ့ ဦးတင်ဝင်းက ဆိုပါတယ်။

" အခုလတ်တလော စီးပွားရေးကုမ္ပဏီတွေက ဒီမှာ ဝင်ရောက် ရင်းနှီးမြှုပ်နံှဖို့ တုံ့နေတာက အခု မြန်မာနိုင်ငံမှာ ရှိနေတဲ့ မြေယာပြဿနာတို့ မြေယာပေါ်လစီ အဲ့တာတွေ နောက်ပြီးတော့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှု ပေါ်လစီ ဥပဒေပိုင်းဆိုင်ရာ လိုအပ်ချက်တွေရှိနေလို့ အင်နဲ့ အားနဲ့ မဝင်တာပဲရှိတယ်ဗျ။ "

မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးတဲ့ အခြေနေကောင်းတရပ် ပေါ်တဲ့အထိ ဂျပန်ကုမ္ပဏီတွေက စောင့်ဆိုင်းလိုတဲ့ သဘောရှိတယ်လို့ မြန်မာ့ အရေးလှုပ်ရှားနေတဲ့ ဦးကျော်ကျော်စိုးကလည်း သုံးသပ်ပါတယ်။

" ဥပမာအားဖြင့် ဆိုလို့ရှိရင် သန်လျှင်မှာရှိတဲ့ သီလဝါ အထူးစီးပွားရေးဇုံမှာ ဆိုလို့ရှိရင် ဒီစီးပွားရေးဇုံတခုလုံးရဲ့ အခြေခံအဆောက်အဦး ဖွံ့ဖြိုးတိုးတက်ရေး ကို ဂျပန်က လုံးဝ တာဝန်ယူ လုပ်မှာဖြစ်တယ်။ အဲ့ဒီ့မှာ ဂျပန်ကုမ္ပဏီတွေက အင်တိုက် အားတိုက်နဲ့ သွားတာမျိုးကို နည်းနေတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံ က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေနဲ့ပတ်သက်တာ နဲ့ နောက်တချက် တကယ်လို့များ ဥပဒေကြောင်းအရ အငြင်းပွားမှုတွေ ပြသနာတွေဖြစ်လာရင် ဖြေရှင်းဖို့ ကိစ္စတွေ အဲ့မှာရှိတဲ့ လယ်မြေသိမ်းတဲ့ကိစ္စတွေ နဲ့ပတ်သက်ပြီးတော့ ဂျပန်ကုမ္ပဏီတွေ အဲ့ဒီ့မှာ အလုပ်သွားလုပ်တဲ့အခါကျရင် အစွန်းအထင်းဖြစ်လာမှာကို သူတို့ မလိုလားတဲ့ အတွက်ကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး တရားဥပဒေစိုးမိုးမှု အခြေအနေကောင်း တခုပေါ်လာတဲ့အထိ စောင့်ဆိုင်းနေတယ်လို့ပဲ ကျနော်ကတော့ ယူဆပါတယ်။"

တိုကျိုမှာရှိတဲ့ မြန်မာအရေးလှုပ်ရှားနေသူတွေကတော့ မဲခေါင်-ဂျပန် ထိပ်သီးဆွေးနွေးပွဲ လုပ်နေချိန် စနေနေ့မှာ ဦးသိန်းစိန်ကို ဆန္ဒပြသွားကြ မယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ ဂျပန်ရဲ့ရင်းနှီးမြှုပ်နှံမှုတွေ ရှိနေတယ်ဆိုပေမယ့် လမ်းပမ်း ဆက်သွယ်ရေး အခြေခံ အဆောက်အဦတွေ အပါဝင် စက်မှု လျှပ်စစ်နဲ့ ရေနံသဘာ၀ ဓါတ်ငွေ့ ကဏ္ဍတွေမှာ ဂျပန်ရဲ့ ရင်းနှီးမြှုပ်နှံမှုကို မြန်မာ အစိုးရက ပိုပြီးလိုလားနေပါတယ် ။

မြန်မာနိုင်ငံကို အကူအညီပေးတဲ့ တိုင်းပြည်တွေထဲမှာ ဂျပန်နိုင်ငံဟာ နှစ်ပေါင်း အတော်ကြာကတည်းက ထိပ်ဆုံးမှာရှိခဲ့ပြီး ODA လို့ခေါ်တဲ့ နိုင်ငံရပ်ခြား အကူအညီ အထောက်အပံ့တွေကို ပေးလာခဲ့တာပါ။ ၂၀၁၀ နောက်ပိုင်း မြန်မာနိုင်ငံမှာ အရပ်သား အစိုးရတရပ် ပေါ်လာပြီးနောက် မြန်မာနိုင်ငံက ဂျပန်နိုင်ငံ ကို ပြန်ပေးရမယ့် ကြွေးမြီ အတော်များများကိုလည်း ဂျပန်အစိုးရက လျှော်ပစ်ပေးခဲ့ပါတယ်။

ဂျပန်နိုင်ငံက မြန်မာနိုင်ငံကို ချေးငွေ ဒေါ်လာသန်း (၂၁၀)ကျော် ပေးသွားမယ်လို့ ကတိပေးတဲ့ နှစ်နိုင်ငံသဘောတူစာချုပ်ကို ဇူလိုင် ၁ ရက် နေ့က နှစ်နိုင်ငံ ကိုယ်စားလှယ်တွေ နေပြည်တော်မှာ လက်မှတ်ရေးထိုး သဘောတူညီခဲ့ကြပါတယ်။

XS
SM
MD
LG