သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားရောက် တရားမဝင် မြန်မာ လုပ်သားတွေ အလုပ် ပါမစ် စတင်လျှောက်နိုင်


ကွာလာလမ်ပူမြို့ပြင်တွင် ဟင်းသီဟင်းရွက်များကို ခုူးဆွတ်နေသော တောင်သူများ။ အောက်တိုဘာ ၁၃၊ ၁၉၉၇။
ကွာလာလမ်ပူမြို့ပြင်တွင် ဟင်းသီဟင်းရွက်များကို ခုူးဆွတ်နေသော တောင်သူများ။ အောက်တိုဘာ ၁၃၊ ၁၉၉၇။

မလေးရှားနိုင်ငံမှာရှိတဲ့ အလုပ်ရှင်အများအပြားက တောင်းဆိုမှုတွေကြောင့် တနှစ်ကျော်ကြာ ပိတ်ပင်ထားတဲ့ ကျွမ်းကျင်ရွှေ့ပြောင်း အလုပ်သမားများ ပြန်လည်ခန့်အပ်ရေး အစီအစဉ်ကို တနင်္လာနေကနေ စတင်ခဲ့ပြီးတဲ့နောက် ကုမ္ပဏီတွေမှာ အလုပ်လုပ်ချင်တဲ့ အလုပ်သမားတွေဟာ အလုပ်လုပ်ခွင့်ပါမစ်တွေ လျှောက်ထားလို့ ရပြီဖြစ်ပါတယ်။ ဒါပေမဲ့ မလေးရှားနိုင်ငံက လုပ်ငန်းရှင်တွေကတော့ အခြေခံအလုပ်သမားထက် နှစ်ရှည်လုပ်ခဲ့တဲ့ ကျွမ်းကျင်လုပ်သားတွေကိုသာ အဓိကထား ခန့်အပ်တွေ ရှိနေတယ်လို့ ဆိုပါတယ်။ အသေးစိတ်ကို မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မလေးရှားနိုင်ငံမှာ တရားမဝင် နေထိုင်နေကြတဲ့ မြန်မာအလုပ်သမားတွေအတွက် ကျွမ်းကျင်တဲ့ အလုပ်သမားတွေကို ပြန်လည်ခန့်အပ်တဲ့ အစီအစဉ်ကို မလေးရှားအစိုးရက ဖေဖော်ဝါရီလ ၁၅ ရက်နေ့က စတင်ခဲ့ပြီး ကုမ္ပဏီတွေမှာ အလုပ်လုပ်ချင်သူတွေက အလုပ်လုပ်ခွင့်ပါမစ်တွေကို စတင်လျှောက်ထားနေပြီလို့ မလေးရှားက မြန်မာအလုပ်သမားတဦးက ပြောပြပါတယ်။

“ကျနော်တို့ကုမ္ပဏီဘက်ကတော့ လုပ်တော့လုပ်နေပြီ။ ဒါပေမဲ့ လိုချင်တဲ့ အဲဒီကုမ္ပဏီတွေက ပါမစ်ထုတ်တယ်ပေါ့ အဲ့လိုမျိုးပုံစံနဲ့။ အကုန်လုံးအတွက် သူက အခုလုပ်ပေးထားတယ်လေ။ အခု လက်ထဲမှာ စာအုပ်ရှိပေမဲ့ အခု ပါမစ်ထုတ်ချင်တာ အဲလိုမျိုး လူတွေလည်း သွားလျှောက်လို့ရတာပေါ့။ လက်မှတ်မရှိတဲ့သူကတော့ နည်းနည်း အခက်အခဲရှိတာပေါ့။ အခု များသောအားဖြင့် လူတွေက အော်ပရေတာတွေကို မယူကြဘူး။ Supervisor တွေ၊ ခေါင်းဆောင်တွေကို အဲ့လိုမျိုးတွေကို သူတို့က များသောအားဖြင့် ယူကြတာပေါ့။ အော်ပရေတာဆိုတော့ အလုပ်သမားပေါ့။ စက်တွေမောင်းရမယ်။ သန့်ရှင်းရေးလည်းလုပ်ရမယ်။ ခေါင်းဆောင်ဆိုတာကတော့ ကြီးကြပ်ရေးလိုမျိုးပေါ့။ ခိုင်းတဲ့လူမျိုးပေါ့ အဲ့လိုမျိုးပေါ့ အောက်ခြေအလုပ်သမားမျိုးတော့ မလိုချင်ဘူးပေါ့။ အလုပ်ကျွမ်းကျင်တဲ့သူမျိုးပဲ ထား၊ အလုပ်မကျွမ်းကျင်တဲ့သူမျိုး မထားဘူး။ အဲ့လိုမျိုးပေါ့။”

အရင်တုန်းကတော့ ကုမ္ပဏီတချို့ဟာ ပါမစ်လုပ်ပေးမယ်ဆိုပြီး ငွေကြေးတောင်းခံပြီး လိမ်လည်ခံရတဲ့အတွက် မလေးရှားက မြန်မာတွေဟာ အခု ပါမစ်ထုတ်ပေးတဲ့အချိန်မှာ စိုးရိမ်ပူပန်မှုတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။ ဒါပေမဲ့လည်း နေရပ်ရင်းကို ပြန်တာထက်စာရင်တော့ အလုပ်လုပ်ခွင့် ပြန်ရတာ အခွင့်လမ်းကောင်းတခုအဖြစ် ရှုမြင်ကြပါတယ်။

“တချို့လူတွေက ကုမ္ပဏီတွေမှာ အလုပ်ဝင်လုပ်ကြတယ်။ တချို့သူဌေးတွေက လိမ်လည်ပြီးမှပေါ့ အိုကေ ငါ မင်းတို့ကို ပတ်စ်ပို့သက်တမ်းတိုးပေးမယ်၊ ငါတို့ဆီမှာ လာလုပ်ဆို လုပ်တဲ့သူတွေရှိတယ်။ ပြီးတော့ အေးဂျင့်တွေက လိမ်တဲ့ပုံစံမျိုးတွေ များသောအားဖြင့် လူတွေ ခံကြရတာပေါ့။ ကိုယ့်နိုင်ငံမှာလုပ်ရင် တလကို ၂ သိန်းလောက်ရမယ်။ ကိုယ့်အလုပ်ကလည်း နည်းနည်း ပင်ပန်းမယ်။ ဘတ်စ်ကားစရိတ်နဲ့ ဟိုသွားဒီသွားနဲ့ဆိုတော့ သိပ်အဆင်မပြေဘူးပေါ့။ နိုင်ငံခြားမှာလုပ်တော့ တလကို ၃ သိန်း ၄ သိန်းလောက်တော့ စုမိတာပေါ့။ အဲ့လိုမျိုး။”

မလေရှားကို လာကြတဲ့ မြန်မာအတော်များများဟာ အလုပ်လုပ်ခွင့်ပါမစ်ရဖို့ အပါအဝင် မြန်မာကျပ်ငွေ ၁၂ သိန်းလောက် အကုန်ခံပြီး လာကြရတာပါ။ တချို့ကတော့ တဝက်ကိုပေးချေပြီး တဝက်ကို အလုပ်လုပ်ပြီး အကြွေးဆပ်ကြရပါတယ်။ မလေးရှားမှာ အလုပ်လာလုပ်သူတွေဟာ တလကို မလေးရှားရင်းဂစ်တွေ အနည်းဆုံး ၁၂၀၀ ကနေ ၁၄၀၀ လောက်ထိ ရကြတာကြောင့် မြန်မာနိုင်ငံမှာ အလုပ်လုပ်တာထက်စာရင် အဆင်ပြေတယ်လို့ ဆိုကြပါတယ်။ ဒါပေမဲ့ အများစုဟာ အလုပ်လုပ်ခွင့်ပါမစ် မရှိတဲ့အတွက် အဖမ်းဆီးတွေ ခံရသူတွေများပါတယ်။

မလေးရှားနိုင်ငံမှာရှိတဲ့ တရားမဝင် နေထိုင်သူတွေကို မလေးရှားအစိုးရက ဖမ်းဆီးပြီး ထိန်းသိမ်းရေးစခန်းတွေကို ပို့ခဲ့ပြီးနောက် မြန်မာအစိုးရအနေနဲ့ နေရပ်ရင်းကို ပြန်လည်ပို့ဆောင်ပေးနေတာ ၂၀၁၅ ခုနှစ်ထဲမှာ လူဦးရေ ၅ ထောင်ကျော် ရှိနေပြီဖြစ်ပါတယ်။ မလေးရှားနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးမှာ everfine အလုပ်သမားဝန်ဆောင်မှု လုပ်ငန်းကနေ လက်ဗွေနှိပ်ခ ၉၀၀ ကားခ ၅၀ စုစုပေါင်း မလေးရှားရင်းဂစ် ၉၅၀ ကောက်ခံကာ G to G လိုခေါ်တဲ့ အစိုးရချင်း လုပ်ဆောင်တဲ့ အစီအစဉ်နဲ့ ဝန်ဆောင်ပေးနေကြတာပါ။ ဒီအစီအစဉ်အရ စရိပ်စက ဝန်ဆောင်မှုအဖြစ် ပေးရတဲ့ မလေးရှားရစ်ဂစ်ငွေ ၉၅၀ ထဲမှာ လေယာဉ်စရိပ်တော့ မပါဝင်ဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့လပိုင်းတုန်းကပဲ မလေးရှားကိုသွားမယ့်သူတွေအတွက် ဗီဇာကြေးကို အရင်ကထက် ၁၀ ဆတိုး ကောက်ခံလိုက်တဲ့အတွက် မလေးရှားကို အလုပ်သမား တင်ပို့နေတဲ့ ကုမ္ပဏီတွေကြားမှာလည်း အဆင်မပြေမှုတွေဖြစ်ပြီး ကုမ္ပဏီတွေက ညှိနှိုင်းတဲ့အတွက် ပညာ/ကျန်းမာ ခွင့်ပြုမိန့်ကျပြီးသား ၁/၂၀၁၆ ထိ ဗီဇာမဝင်ရသေးတဲ့ အေဂျင်စီ ၉၂ ခုက အလုပ်သမား ၃ ထောင်ကျော်ကိုသာ အရင်နှုန်းထားအတိုင်း ကောက်ခံသွားမယ်လို့ ဆုံးဖြတ်ခဲ့တာပါ။ ကုမ္ပဏီတွေကတော့ နေ့စဉ် အလုပ်သမားတွေကို မလေးရှားကို ပို့ဆောင်ပေးနေတာတွေ ရှိနေပေမဲ့ အခု တနင်္လာနေ့ကစတဲ့ ကျွမ်းကျင်အလုပ်သမား ခေါ်ယူတဲ့ အစီအစဉ်အရ မလေးရှားကုမ္ပဏီ အများစုကတော့ နှစ်ရှည်လုပ်သက်ရှိတဲ့ အလုပ်သမားတွေကိုသာ အလုပ်လုပ်ခွင့်ပါမစ်တွေ လျှောက်ထားခွင့် ပြုနေတယ်လို့လည်း မလေးရှားက အလုပ်သမားတွေက ပြောဆိုပါတယ်။

XS
SM
MD
LG