သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားဗီဇာကြေး မြန်မာအတွက် ၁၀ ဆ နီးပါးတိုး


မလေးရှားနိုင်ငံမှာ သွားရောက် အလုပ်လုပ်ကိုင်မယ့် သူူတွေအတွက် ဗီဇာကြေးကို ပြီးခဲ့တဲ့တပတ်ကျော်ကစပြီး နိုင်ငံခြားရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ ဗီဇာဌာနကနေ ၆ ဒေါ်လာကနေ ၅၇ ဒေါ်လာအထိ တိုးမြှင့်လိုက်တဲ့အတွက် လူတင်ပို့တဲ့ ကုမ္ပဏီတွေကြားမှာ မကြေလည်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

လူတင်ပို့တဲ့ အေဂျင်စီတွေက ဆန္ဒပြမှုတွေလုပ်ဖို့အထိ တင်မားမှုတွေ ဖြစ်ခဲ့တဲ့ ဗီဇာကြေး ၁၀ ဆတိုးမြှင့်သွားတဲ့ကိစ္စကတော့ အခုအခါမှာ အတည်ဖြစ်သွားပါပြီ။ ဒါဟာ မလေးရှား နိုင်ငံခြားရေးဝန်ကြီးဌာနဘက်က ဆုံးဖြတ်ချက်သာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာန က ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပိုထားပါတယ်။

မလေးရှားမှာ သွားရောက်မယ့် အလုပ်သမားတွေနဲ့ အလည်အပတ် သွားသူတွေအားလုံးဟာ ဗီဇာကြေး ၅၇ ဒေါ်လာ ပေးဆောင်ရမှာ ဖြစ်တယ်လို့ ပြည်ထောင်စု မြန်မာနိုင်ငံတော် အလုပ်သမား အလုပ်အကိုင်နဲ့ လူမှုဖူလုံရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်လည်းဖြစ် အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ်လည်းဖြစ်တဲ့ ဦးမျိုးအောင် က ပြောပါတယ်။

“၅၇ ဖြစ်သွားတာပေါ့။ ၆ ဒေါ်လာကနေ ၅၇ ဒေါ်လာ။ ကျနော်တို့က မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနကိုလည်း စာပို့ပြီးပြီ။ သံအမတ်ကြီးကိုလည်း ဒုတိယဝန်ကြီးက သွားရောက် ဆွေးနွေးပြီးပြီပေါ့နော်။ မလေးရှား နိုင်ငံခြားရေး ဝန်ကြီးကတော့ နည်းနည်းပဲ ပါတယ်။ အဓိကကတော့ သူတို့က ရွှေ့ပြောင်းအလုပ်သမားတွေကိစ္စက ပြည်ထဲရေးဌာနက လုပ်တာပေါ့နော်။ နောက်ပြီးတော့ မြန်မာတနိုင်ငံတည်းကိုလည်း လုပ်တာ မဟုတ်ဘူးပေါ့နော်။ သူတို့ နိုင်ငံအားလုံးကို လုပ်တာပေါ့။ ဒါတွေကတော့ လောလောဆယ်တော့ ဒီနှုန်းပေါ့။ ဒါပေမဲ့ ကျနော်တို့ကတော့ ဈေးနှုန်းတွေ လျှော့ဖို့ ဘာညာ ဒါတွေကျတော့ မြန်မာနိုင်ငံမှာရှိတဲ့ မလေးရှားနိုင်ငံဆိုင်ရာ သံအမတ်ကြီးကို ဒါလည်း သွား ဆွေးနွေးထားပြီးပြီပေ့ါ။”

ပညာ/ကျန်းမာခွင့်ပြုမိန့် ကျပြီးသား ၁/၂၀၁၆ ထိ ဗီဇာမဝင်ရသေးတဲ့ အေဂျင်စီ ၉၂ ခုက အလုပ်သမား ၃,၀၀၀ ကျော်ကိုသာ အရင်နှုန်းထားအတိုင်း ၆ ဒေါ်လာနဲ့သာ လက်ခံသွားမှာ ဖြစ်တယ်လို့လည်း ဦးမျိုးအောင် က ဆက်ပြောပြပါတယ်။

“နောက်ဆုံး ကျနော်တို့က OSC ခေါ်တာပေါ့နော်။ One Source Service Center လုပ်မယ့် အဖွဲ့နဲ့ ကျနော်တို့ ဝန်ကြီးဌာန အေဂျင်စီအသင်းချုပ်ပါ ခေါ်ပြီးတော့ ကျနော်တို့ ညှိတယ်လေ။ ညှိပြီးတော့မှ ကျနော်တို့က အလုပ်သမား ၁ ယောက်သွားဖို့ဆိုရင် process က အနည်းဆုံး ၂ လလောက် ကြာတာကိုး။ ကျနော်တို့ ဒီမှာ ဒုတိယဝန်ကြီး ဦးစီးပြီး အစည်းအဝေးထိုင်တယ်။ ပြည်ထောင်စုဝန်ကြီး အတည်ပြုချက်နဲ့ ကျနော်တို့က ပညာရေး၊ ကျန်းမာရေး၊ လူ့စွမ်းအားအရင်းအမြစ် ကော်မတီကို တင်တယ်။ ကော်မတီက ပြန်ကျလာတဲ့အခါမှာ ကျနော်တို့က ထွက်ခွာဖို့အတွက် သင်တန်းပေးတယ်။ ပြီးတော့မှ စမတ်ကဒ်လုပ်တယ်၊ ဗီဇာလျှောက်တယ်၊ လွှတ်တယ် ဆိုတော့ ကျနော်တို့ လုပ်ငန်းစဉ်က ၂ လနီးပါးကြာတယ်လေ။ သူတို့ မကြေညာခင်ကတည်းက ဒီလိုဟာတွေ ဖြစ်နေတဲ့အတွက် အဲဒါတွေနဲ့ ပတ်သက်ပြီး ကျနော်တို့က သက်ဆိုင်ရာ OSC ခေါ်တာပေါ့နော်။ အဲဒီက တာဝန်ခံတွေနဲ့ ဆွေးနွေးတဲ့အခါ သူတို့ကတော့ အဲဒီလုပ်ငန်းစဉ်ထဲမှာ ဝင်နေပြီးသား ခုနက ပညာရေး၊ ကျန်းမာရေး၊ လူ့စွမ်းအား အရင်းအမြစ် ကော်မတီကနေပြီးတော့မှ အတည်ပြုပြီးတဲ့ အလုပ်သမားတွေပေါ့ ဒါတွေကို သူတို့ကတော့ အရင် ဗီဇာကြေးနဲ့ရအောင် ပြန်လုပ်ပေးမယ်ပေါ့နော်။ အဲ့ဒါကတော့ ကျနော်တို့ ညှိနှိုင်းထားပြီးပါပြီ။”

ဒီလိုပေးဆောင်ဖို့အတွက် ဇန်နဝါရီလ ၁၈ ရက်နေ့ကတည်းက ဆုံးဖြတ်ချက်ကျထားပေမဲ့ ဒါကို လက်မခံလိုတဲ့ အေဂျင်စီတချို့က ဆန္ဒပြဖို့ စီစဉ်ခဲ့တာပါ။ ဒါပေမဲ့ ဒါကို အလုပ်သမား ဝန်ကြီးဌာနဘက်က ဆွေးနွေးပေးပါမယ်ဆိုပြီး ပြောခဲ့တာကြောင့် ဆန္ဒပြဖို့ အစီအစဉ် ရပ်နားခဲ့ရတယ်လို့ ဆန္ဒပြဖို့ စီစဉ်ခဲ့သူတဦးက ပြောပြပါတယ်။

“အေဂျင်စီတွေအကုန်လုံး အစည်းအဝေးခေါ်လိုက်တယ် တရက်။ ခေါ်ပြီးတော့ ဒီ OSC ကုမ္ပဏီကိုပေါ့နော် ငြိမ်းချမ်းစွာ ဆန္ဒပြမယ်ဆိုပြီးတော့ မလေးရှားသံရုံးကိုသွားပြီး ဆန္ဒပြမယ်ဆိုပြီးတော့ စာတင်လိုက်တယ်။ တင်လိုက်တော့ ပြည်ထဲရေးဝန်ကြီးက စာကျပေးတယ်။ ဆန္ဒပြခွင့်ပေးလိုက်တယ်။ ဒါပေမဲ့ အလုပ်သမားဝန်ကြီးဌာနက မပြပါနဲ့ဆိုပြီးတော့ ပိတ်တယ်။”

မြန်မာ ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်က ကုမ္ပဏီ ၈၀ ကျော်နဲ့ ဆွေးနွေးပွဲလုပ်ခဲ့ပြီး မလေးရှားနိုင်ငံကို အလုပ်သမားတွေ ပို့မယ့်ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေပွဲအပြီး အင်္ဂါနေ့က ထုတ်ပြန်ချက်ထဲမှာတော့ ပညာ/ကျန်းမာ ခွင့်ပြုမိန့် ကျပြီးသား လူ ၃၀၀၀ ကျော်ကိုတော့ အမြန်ဆုံး ဗီဇာဝင်ခွင့်ရရှိဖို့ လုပ်ဆောင်သွားမယ်လို့ဆိုထားပါတယ်။

မလေးရှားကို အလုပ်သမားနေတဲ့ ကုမ္ပဏီ ၂၀၀ ကျော်ရှိပြီး၊ ဒီအထဲက ကုမ္ပဏီတဝက်လောက်က ဗီဇာကြေး တိုးမြှင့်ကောက်ခံတဲ့ကိစ္စကို သဘောမတူတာတွေ ရှိနေတယ်လို့လည်း မလေးရှားကို အလုပ်သမားတင်ပို့နေတဲ့ အေဂျင်စီနဲ့ နီးစပ်သူတွေက ဆိုပါတယ်။ အခုဆိုရင် ဂျပန်နိုင်ငံကလည်း အလုပ်သမားတွေ ခေါ်ယူတာတွေ ရှိနေပြီဖြစ်တဲ့အတွက် ဂျပန်နိုင်ငံကိုလည်း အလုပ်သမားတွေ စေလွှတ်လို့ ရနိုင်တယ်လို့လည်း ပြောကြပါတယ်။

ဗီဇာကြေး မတိုးခင်ကတော့ မလေးရှားကို သွားရောက် အလုပ်လုပ်ကိုင်သူပေါင်း တလကို ၃၀၀၀ကျော်ကနေ ၄၀၀၀ ဝန်းကျင်ထိ ရှိတယ်လို့လည်း အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန ကလည်း ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG